ချယ်ဆီးက နော့ဝှစ်ချ်ကို ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်

ပရီမီယာလိဂ်ပွဲစဉ် (၉) ၏ အစောဆုံးပွဲစဉ်အဖြစ် အမှတ်ပေးဇယား ထိပ်ဆုံးမှ ချယ်ဆီးအသင်းနှင့် အမှတ်ပေးဇယားအောက်ဆုံးမှ နော့ဝှစ်ချ် အသင်းတို့ပွဲစဉ်ကို အောက်တိုဘာ ၂၃ ရက် ညပိုင်းက စတန်းဖို့ဒ်ဘရစ်၌ ယှဉ်ပြိုင်ကစားခဲ့ရာ ချယ်ဆီးအသင်းက ခုနစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိ ခဲ့သည်။ 
မောင့်၊ အိုဒွိုင်း၊ ဟာဗက်စသည့် ထိပ်တန်းကစားသမားများဖြင့် ဦးဆောင်ပွဲထွက်လာသော  အိမ်ရှင် ချယ်ဆီးအသင်းသည်  ပွတ်ကီ၊ ဆာဂျန့်တို့ ဦးဆောင်ပွဲထွက်လာသည့် နော့ဝှစ်ချ်အသင်းကို ကစားကွက် အသာ၊ ခြေအသာဖြင့်    ထိန်းချုပ်ကစားနိုင်ခဲ့သည်။    ပွဲစသည်နှင့် တစ်ပြိုင်နက်    နိုင်ပွဲရရှိရေးပြင်ဆင်လာသည့်   ချယ်ဆီးအသင်းသည် ပွဲချိန် ၈ မိနစ်တွင် အဖွင့်ဂိုးရရှိခဲ့ပြီး ဂျော်ဂျင်ဟို၏ ဖန်တီးမှုကို မောင့်က သွင်းယူပေးခဲ့သည်။ ထို့နောက် ချယ်ဆီးအသင်းအတွက် ဒုတိယဂိုးရရှိ ခဲ့ပြီး ပွဲချိန် ၁၈ မိနစ်တွင် ကိုဗာဆစ်၏ ဖန်တီးမှုမှ အိုဒွိုင်းက သွင်းယူပေး ခဲ့သည်။ ယနေ့ပွဲစဉ်တွင် ချယ်ဆီးအသင်းသည် အဓိက တိုက်စစ်မှူး လူကာကူ၊ ဝါနာတို့ ဒဏ်ရာကြောင့် ပါဝင်လာနိုင်ခြင်းမရှိသော်လည်း ပြိုင်ဘက်အသင်းကို အကောင်းဆုံး ဖိအားပေးကစားနိုင်ခဲ့သည်။ 
ယခုနှစ်ရာသီတွင် ပထမဆုံးပရီမီယာလိဂ်နိုင်ပွဲရရှိရန် အကောင်းဆုံး ကြိုးစားလာခဲ့သော နော့ဝှစ်ချ် အသင်းအနေဖြင့် ချယ်ဆီးအသင်းဘက်သို့ ပထမပိုင်းတွင်    ဂိုးကန်သွင်းခွင့်   တစ်ကြိမ်သာ   ပြုလုပ်နိုင်ခဲ့သည်။ ချယ်ဆီးအသင်းအတွက် တတိယဂိုးကို ပွဲချိန် ၄၂ မိနစ်တွင် မောင့်၏ ဖန်တီးမှုမှ    ဂျိမ်းစ်က    သွင်းယူပေးခဲ့သည့်အတွက်   ပထမပိုင်းကို သုံးဂိုး-ဂိုးမရှိဖြင့် နော့ဝှစ်ချ်အသင်းကို ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင်လည်း အိမ်ရှင်ချယ်ဆီးအသင်းကသာ ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့ပြီး   သွင်းဂိုးများရရှိခဲ့သည်။  ချယ်ဆီးအသင်းအတွက် စတုတ္ထဂိုးကို     ပွဲချိန်  ၅၇  မိနစ်တွင် ဘင်ချီဝဲလ်က   သွင်းယူပေးသည်။ ထို့နောက် ပွဲချိန် ၆၂ မိနစ်တွင် နော့ဝှစ်ချ်အသင်းမှ မက်စ်အာရွန်က ကိုယ့်ဂိုးကိုယ်သွင်းယူမိသလို ဖြစ်ခဲ့၍ ချယ်ဆီးအသင်း ပဉ္စမဂိုး ရရှိခဲ့ သည်။  ပွဲချိန် ၆၅ မိနစ်တွင် နော့ဝှစ်ချ်အသင်းမှ ဂစ်ဘ်ဆင် ကစားပုံ ကြမ်းတမ်းခဲ့သည့်အတွက် နှစ်ဝါ တစ်နီဖြင့် အနီကတ်ပြ ထုတ်ပယ်ခံ ရသည်။ ပွဲချိန် ၈၅ မိနစ်တွင် ချယ်ဆီးအသင်းအတွက် ခြောက်ဂိုးမြောက် ကို ပယ်နယ်တီမှတစ်ဆင့် မောင့်က သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက် ပွဲချိန်ပြည့်ခါနီးတွင် ချယ်ဆီးအသင်းအတွက် ခုနစ်ဂိုးမြောက်သွင်းဂိုးကို လော့ဖ်တပ်ချိစ်၏  ဖန်တီးမှုမှ  မောင့်က  သွင်းယူနိုင်ခဲ့သောကြောင့် ခုနစ်ဂိုး-ဂိုးမရှိဖြင့် နော့ဝှစ်ချ်အသင်းကို အနိုင်ရရှိခဲ့သည်။ 
ယနေ့ပွဲစဉ်တွင် ဂိုးပြတ်အနိုင်ရရှိခဲ့သော ချယ်ဆီးအသင်းသည် ပွဲစဉ် (၉) အပြီးတွင် ရမှတ် ၂၂ မှတ်ဖြင့် အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့သည်။ ပြိုင်ဘက် နော့ဝှစ်ချ်အသင်းက ရမှတ် နှစ်မှတ် ဖြင့်    အမှတ်ပေးဇယားအောက်ဆုံးတွင်သာ   ဆက်လက်ရပ်တည် နေသည်။ 
အောက်တိုဘာ ၂၃ ရက် နံနက်အစောပွဲစဉ်တွင် အာဆင်နယ်အသင်း က အက်စ်တွန်ဗီလာအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ 
အခြားပွဲစဉ်ရလဒ်များအဖြစ်   ပဲလေ့စ်နှင့်  နယူးကာဆယ်  တစ်ဂိုးစီ သရေ၊  လိဒ်စ်နှင့် ဝုဖ် တစ်ဂိုးစီသရေ၊  ဆောက်သမ်တန်နှင့် ဘန်လေ တို့ပွဲမှာလည်း နှစ်ဂိုးစီ သရေဖြစ်ခဲ့သည်။  ဝက်ဖို့ဒ်က   အဲဗာတန်ကို အဝေးကွင်း၌ ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရသည်။                

အောင်ဇော်