ကုသိုလ်တရားကို မမေ့လျော့ခြင်းသည် မင်္ဂလာမည်၏။

Type

 

ကျော်ကျော်လှိုင်

ကုသိုလ်တရားကို မမေ့လျော့ခြင်းသည် မင်္ဂလာမည်၏ဟု ဗုဒ္ဓဘုရားရှင်က ဟောပါသည်။ ကောင်းမှုကို ဖြစ်စေသော အလုပ်ကို လုပ်ခြင်းသည် ကုသိုလ်တရား ဖြစ်ပါသည်။ သူတော်ကောင်းတို့ ကျင့်ကြံအားထုတ်သော တရားဟုလည်း ပြော၍ရပါသည်။ ကုသိုလ်တရားဟုဆိုလျှင် ငါးပါးသီလက စရပါမည်။ သူတစ်ပါးအသက်သတ်ခြင်းကို ရှောင်ကြဉ်ခြင်း၊ သူတစ်ပါး၏ ပစ္စည်းဥစ္စာခိုးယူခြင်းကို ရှောင်ကြဉ်ခြင်း၊ သူတစ်ပါး၏ သားမယားကို ပြစ်မှားခြင်းမှ ရှောင်ကြဉ်ခြင်း၊ မုသာဝါဒပြောဆိုခြင်းကို ရှောင်ကြဉ်ခြင်း၊ အရက်သေစာ မူးယစ်သောက်စားခြင်းကို   ရှောင်ကြဉ်ရခြင်းတို့သည်   ဗုဒ္ဓဘာသာဝင်တိုင်း  လိုက်နာကျင့်သုံးသင့်သည့်  သူတော်ကောင်းတရားများ ဖြစ်ပါသည်။ ကိုယ်ချင်းစာတရားထားခြင်း၊ သည်းခံခွင့်လွှတ်ခြင်းတို့သည်လည်း သူတော်ကောင်းတရားများဖြစ်ပါသည်။ နှလုံးသားသတ္တိကောင်းသူများသာ သည်းခံခွင့်လွှတ်နိုင်ပါသည်။ မိမိမာနကို ချိုးနှိမ်နိုင်သူကသာ သည်းခံခွင့်လွှတ်နိုင်ပါသည်။ 

 


သူတော်ကောင်းတရား  လက်ကိုင် ထားသူသည်   ဟီရိဩတပ္ပတရား နှစ်ပါး နှင့်   ဗြဟ္မစိုရ်တရား   လေးပါးကိုလည်း စောင့်ထိန်းရပါမည်။ မကောင်းမှုပြုလုပ်ရ မှာကို ရှက်ခြင်းနှင့် မကောင်းမှု ပြုလုပ်ရ မှာကို   ကြောက်ခြင်းသည်  ဟီရိဩတပ္ပ တရား နှစ်ပါး ဖြစ်ပါသည်။ မေတ္တာ၊ ကရု ဏာ၊ မုဒိတာ၊ ဥပေက္ခာသည်   ဗြဟ္မစိုရ် တရား လေးပါးဖြစ်ပါသည်။ ဗြဟ္မစိုရ် တရားအရ   လူအများအပေါ်   ချစ်ခြင်း မေတ္တာထားရပါမည်။ မိမိထက်နိမ့်ကျသူ၊ မိမိထက်ချို့တဲ့သူများအပေါ် ကရုဏာ ထားရပါမည်။    မိမိထက်   ချမ်းသာသူ၊ အောင်မြင်သူများအပေါ် မနာလိုဝန်တို စိတ်   အလျှင်းမရှိဘဲ     မုဒိတာပွားနိုင်ရပါ မည်။ မိမိနှင့် ရင်းနှီးသူ တစ်ဦးတစ်ယောက် ဘဝတစ်ပါးကို     ကူးပြောင်းသွားသည့် အခါ အချိန်ပြည့် ပူဆွေးမနေဘဲ သတ္တဝါ တစ်ခု   ကံတစ်ခုဟု    နှလုံးသွင်းကာ ဥပေက္ခာပြုနိုင်ရပါမည်။
ယခုခေတ်နှင့်ညီသော    သူတော် ကောင်းတရား ကုသိုလ်တရား သုံးပါးကို လည်း စောင့်ထိန်းရန်လိုပါသည်။


ပထမတရားမှာ


စီးပွားရှာသည့်အခါ      တရားသော နည်းဖြင့်    စီးပွားရှာရန်   ဖြစ်ပါသည်။ တစ်ဖက်သားကို  ထိခိုက်ပျက်စီးစေသည့် နည်းဖြင့် စီးပွားမရှာသင့်ပါ။ အရောင်လှ စေရန်   ငရုတ်သီးမှုန့်ကို   ဆိုးဆေးများ  ဆိုး၍ မရောင်းသင့်ပါ။ ဆိုးဆေးများသည် လူကို        အန္တရာယ်ဖြစ်စေပါသည်။   ဆေးများကို အတုပြုလုပ်ရောင်းချခြင်း သည် လူအများကို ထိခိုက်စေမည်ဖြစ်ပါ သည်။

 


ဒုတိယတရားမှာ 


အများအကျိုးကို   ဆောင်ရွက်ရန် ဖြစ်ပါသည်။ အများကို အကျိုးပြုစေမည့် ဆောင်ရွက်ချက်များသည်    ကုသိုလ် တရားများဖြစ်ပါသည်။


တတိယတရားမှာ


သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ရန် ဖြစ်ပါသည်။ သဘာဝ ပတ်ဝန်းကျင်ကို ပျက်စီးအောင်လုပ်သည့် အခါ   ဂေဟစနစ်ကို   ထိခိုက်စေသည့် အတွက် လူနှင့် သတ္တဝါများစွာ၏ အသက် ကို အန္တရာယ်ပေးပါသည်။ အကုသိုလ်များ စွာ ဖြစ်စေပါသည်။ 

 


ကုသိုလ်တရားများကို  မမေ့မလျော့ ဘဲ   အစဉ်ပြုလုပ်နေသူကို    သူတော် ကောင်းဟု   ဆိုရပါမည်။  လူရှေ့တွင် ကုသိုလ်တရားများကို  စောင့်ထိန်းသော် လည်း  ဆိတ်ကွယ်ရာတွင်  ဖောက်ဖျက် သူများလည်း    ရှိပါသည်။    ထိုနည်းတူ အစစအရာရာ   အဆင်ပြေနေချိန်တွင် ကုသိုလ်တရားများကို  စောင့်ထိန်းနိုင် သော်လည်း   အခက်အခဲနှင့်   ကြုံတွေ့ရ သည့်အခါ သို့မဟုတ် ကျဉ်းထဲကျပ်ထဲ ရောက်သည့်အခါ  ကုသိုလ်တရားများကို ဖောက်ဖျက်၍  အကုသိုလ်တရားများကို ကြံစည်လုပ်ဆောင်သူများလည်း   ရှိပါ သည်။ ထို့ကြောင့် သူတော်ကောင်းအစစ် ၏ အရည်အသွေးကို နီတိကျမ်းများက -


“စန္ဒကူးပင်သည်  သွေ့ခြောက်သွား သည့်တိုင်   မွှေးရနံ့ကို   မစွန့်သကဲ့သို့၊ ဆင်ပြောင်ကြီးသည်      စစ်မြေပြင်ကို ရောက်သော်လည်း   ခံ့ထည်တင့်တယ် ခြင်းကို မစွန့်သကဲ့သို့၊ ကြံသည် ကြိတ် စက်ကို   ရောက်သော်လည်းပဲ   ချိုသည့် အရသာကို    မစွန့်သကဲ့သို့၊   ပညာရှိ သူတော်ကောင်းများသည်လည်း ဘေး ဒုက္ခဆင်းရဲတောကို ကျရောက်ငြားသော် လည်း သူတော်ကောင်းတရားကို မစွန့်” ဟု ဆိုပါသည်။ ပညာရှိသူတော်ကောင်း များသည်   မည်သည့်   အခြေအနေနှင့် ကြုံရသည်ဖြစ်စေ       အသက်ပေး၍ သူတော်ကောင်းတရားကို    စောင့်ထိန်း သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ထိုနည်း တူ “ခြင်္သေ့တို့မည်သည်      ငတ်မွတ်ဆာ လောင်သော်လည်း     မြက်သစ်ရွက်ကို မစားသကဲ့သို့၊      ပညာရှိသူတော်ကောင်း တို့သည်လည်း ဆင်းရဲဒုက္ခကို ကြုံရသော် လည်း မကောင်းမှုဒုစရိုက်ကို လက်မခံ” ဟု နီတိကျမ်းများက ဆိုပါသည်။ 

 


သူတော်ကောင်းများသည်   မည်မျှ ဆင်းရဲဒုက္ခနှင့် ကြုံရသည်ဖြစ်စေ အကျင့် သီလကို   စောင့်ထိန်းကြပါသည်။  ဆရာ ကြီး ဦးသုခ   ရိုက်ကူးသော  “ရဟန်းတို့ မစားအပ်သည့်  ဆွမ်းတစ်နပ်”  ရုပ်ရှင် ကားတွင်  ကြိုးကြာငှက်က  ပတ္တမြားကို မျိုလိုက်သည်ကို ဆွမ်းခံကြွသည့်ရဟန်း က မြင်လိုက်ပါသည်။ အိမ်ရှင်က ပတ္တမြား ကို ရဟန်းခိုးယူသည်ထင်၍  ရဟန်းကို ရိုက်နှက်စစ်မေးပါသည်။     ရဟန်းက ကြိုးကြာမျိုချသည်ကို     ပြောလိုက်လျှင် ကြိုးကြာငှက်       အသတ်ခံရမည်စိုး၍ သေလုနီးပါး   အရိုက်ခံရသော်လည်း နှုတ်ဆိတ်နေပါသည်။   အလွန်ကောင်း သော ဆရာကြီး ဦးသုခ၏  လက်ရာဖြစ်ပါ သည်။ ဤဇာတ်ကားကို ကြည့်သည့်အခါ သူတော်ကောင်းများသည်  အသက်ဘေး နှင့်   ရင်ဆိုင်နေရသည့်တိုင်   သူတော် ကောင်းတရားကို  မစွန့်သည့်   စိတ်ဓာတ် ကို           တွေ့မြင်သိရသည့်အတွက် အကြိမ်ကြိမ် သာဓုခေါ်မိပါသည်။ 
ကုသိုလ်တရားကို     မမေ့လျော့ဘဲ ငါးပါးသီလကို     ဆောက်တည်သည့် အတွက်  အကျိုးများရသည့်အကြောင်းကို ဗုဒ္ဓဘုရားရှင်က   ဂရုဓမ္မဇာတ်တော်တွင် ဟောခဲ့ပါသည်။

 


ဂရုဓမ္မဇာတ်တော်


ဣန္ဒပတ္တနဂိုရ်ပြည်၌     “ဓနဉ္စယ ကောရဗျ”  မင်းကြီး   ထီးနန်းစိုးစံစဉ် ဘုရားလောင်းသည် ထိုမင်း၏ သားဖြစ်၍ ခမည်းတော်        ကွယ်လွန်သောအခါ မင်းအဖြစ်ကို  ရရှိလေသည်။ ထိုမင်းသည် မင်းကျင့်တရား ဆယ်ပါးနှင့်အညီ တိုင်း ပြည်ကိုအုပ်ချုပ်၍ “ကုရုဓမ္မ”(ပဉ္စသီလ) နှင့်လည်း ပြည့်စုံသည်။ ထိုမင်းကဲ့သို့ပင် မယ်တော်မိဖုရားကြီး၊ ညီတော်အိမ်ရှေ့ မင်း၊   ပုရောဟိတ်အမတ်၊    မြေတိုင်း အမတ်၊  ရထားထိန်း သေဌေး၊  တင်းခြင် အမတ်၊ တံခါးမှူး၊ ပြည့်တန်ဆာမတို့သည် လည်း     ပဉ္စသီလနှင့် ပြည့်စုံကြလေသည်။    မင်းကြီးလည်း    အလှူပေးမှု၌လည်း ရက်ရောသူဖြစ်၍  မြို့တံခါးလေးမျက်နှာ၊ မြို့လယ်၊  နန်းတော်တံခါး   ဤခြောက် နေရာတို့၌ မဏ္ဍပ်ကြီးများ ဆောက်လုပ်၍   နေ့စဉ်    အသပြာငွေ   ခြောက်သိန်းဖိုးစီ  ပေးလှူလေ့ရှိသည်။

 


ထိုအချိန်က   ကာလိင်္ဂတိုင်း  ဒန္တပူရ ပြည်၌ မိုးခေါင်ခြင်းကြောင့်  ကာလိင်္ဂမင်း သည်   ရှေးထုံးစံလာအတိုင်း  မိုးရွာစေရန် အလှူပေး၊       သီလဆောက်တည်၍ အသရေရှိသော  တိုက်ခန်းတို့၌   မြေစာ မြက်ကို   ခင်း၍အိပ်ခြင်း   စသည်ကိုပြု သော်လည်း မိုးမရွာသဖြင့် အမတ်တို့က “မြတ်သောမင်းကြီး  ဣန္ဒပတ္တနဂိုရ်မြို့မှ ‘ဓနဉ္စယကောရဗျ’မင်းတွင် ‘အဉ္စနဝဏ’ မည်သော မင်္ဂလာဆင်ရှိသည်။ ထိုဆင်ကို ဆောင်ယူရရှိခဲ့သည်ရှိသော် မိုးရွာပါလိမ့် မည်” ဟု     လျှောက်တင်ကြရာ    ပုဏ္ဏား ရှစ်ယောက်တို့အား   ‘ဓနဉ္စယကောရဗျ’ မင်းထံ   မင်္ဂလာဆင်တော်ကို အလှူခံရန် စေလွှတ်လိုက်သည်။       ကောရဗျမင်းက လည်း  ဆင်တော်ကို   လှူလိုက်သည်။ ထိုသို့ပြုလုပ်သည့်တိုင်  မိုးက မရွာသေး။

 


ကာလိင်္ဂမင်းသည်  ကောရဗျမင်း၏ ‘ကုရုဓမ္မ’ တရား၌သာ  တည်ခြင်းကြောင့် ထိုမင်း၏    နိုင်ငံ၌   တစ်လခွဲတစ်ကြိမ်၊ ဆယ်ရက်တစ်ကြိမ် မိုးရွာသွန်းကြောင်း ကို သိသဖြင့် မင်္ဂလာဆင်တော်ကို ပြန်ပို့ စေကာ ကုရုဓမ္မတရားများကို ရွှေပြား၌ ရေးကူးယူလာခဲ့ကြရန် အမတ်ကြီးနှင့် ပုဏ္ဏားတို့အား စေလွှတ်လိုက်ပြန်သည်။

 


ဓနဉ္စယကောရဗျမင်း


အမတ်များသည် ‘ဓနဉ္စယကောရဗျ’ မင်းထံ     ရောက်သွားကြသောအခါ “အမောင်တို့၊ ငါသည် ကုရုဓမ္မကို စောင့် ထိန်းသည်ကား မှန်၏။ သို့ရာတွင် စိတ္တ ရာဇမည်သော နတ်မင်းကို  ပူဇော်ခဲ့စဉ်က အရပ်လေးမျက်နှာသို့  မြားလေးစင်းကို ပစ်လွှတ်ခဲ့သည်။  ထိုအခါက  တစ်စင်း သော    မြားသည်      ရေကန်တစ်ခုထဲသို့ ကျသွားခဲ့ရာ   ထိုမြားကြောင့်   ငါးတစ် ကောင်သည် သေဆုံးခဲ့ရလေသလောဟု ကုက္ကုစ္စ          သံသယဖြစ်နေမိသည်။ ထို့ကြောင့် ငါသည် မိမိ၏သီလကို   အား မရ၊ မယ်တော်သည်ကား   ကောင်းစွာ စောင့်၏။ မယ်တော်၏ထံမှသာ ယူကြပါ လော့” ဟု ကောရဗျမင်းက ဆိုသည်။

 


ထိုအခါ အမတ်များနှင့်  ပုဏ္ဏားတို့က “အရှင်မင်းကြီးတွင်   သေစေလိုသော စိတ်စေတနာ မရှိ၍ သီလမပျက်ပါ၊ ကုရု ဓမ္မတရားကိုသာ ပေးတော်မူပါလော့” ဟု လျှောက်သဖြင့် ‘ဓနဉ္စယကောရဗျ’ မင်းက “သတ္တဝါကို   မသတ်အပ်၊  ပိုင်ရှင် မပေးသော ဥစ္စာကို မခိုးယူအပ်၊ ကာမတို့ ၌  မှားသောအကျင့်ကို    မကျင့်အပ်၊ မမှန်ကန်သောစကားကို      မပြောအပ်၊ သေအရက်တို့ကို မသောက်အပ်” ဟူ သော တရားငါးပါးတို့ကို ရွှေပြားပေါ်၌ ရေးစေကာ မယ်တော်ထံသို့ သွားကြရန် စေလွှတ်လိုက်သည်။


(ဆက်လက်ဖော်ပြပါမည်)