လေထုညစ်ညမ်းမှုအန္တရာယ်မှ ကာကွယ်ကြပါစို့

Type
1

 

ကိုကျော်စွာ(ကျိုက်ပိ)

ယနေ့ခေတ်တွင် လူသားတို့ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာများတွင် လေထုညစ်ညမ်းမှုလည်း  ပါဝင်သည်။  ပညာရှင်တို့၏တွက်ချက်မှုအရ ခရစ်နှစ် ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေသည် ယခုလက်ရှိလူဦးရေ ၇ ဒသမ ၅ ဘီလီယံထက် ၃၁ ရာခိုင်နှုန်းမြင့်တက်လာပြီး ၉ ဒသမ ၈ ဘီလီယံအထိ ရှိလာနိုင်သည်ဟု ခန့်မှန်းထားကြောင်း ဆောင်းပါးတစ်ပုဒ်တွင် စာရေးသူဖတ်လိုက်ရပါသည်။
ကမ္ဘာ့လူဦးရေသည်    တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားလာခြင်းကြောင့်  လေထုညစ်ညမ်း မှုသည်    အရေးကြီးသော     ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်လာသည်။     လူသားများ အပါအဝင်   သက်ရှိသတ္တဝါအားလုံးသည်   မိမိတို့နေထိုင်ရှင်သန်ရာပတ်ဝန်းကျင်တွင်  ကျန်းမာရေး ကောင်းမွန်ပြီး အသက်ရှည်စွာ  ရှင်သန်နေထိုင်ရေး အတွက်    သန့်စင်သည့်လေထုကို   ရှူရှိုက်ခွင့်ရရန် လိုအပ်သည်။
ယနေ့ခေတ်တွင် ကမ္ဘာကြီးပူနွေးလာမှုဖြစ်စဉ် ကြောင့်  ရာသီဥတုဖောက်ပြန်လာသည်နှင့်အတူ နည်းပညာဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ စက်ရုံ၊ အလုပ်ရုံများ၊ စက်တပ်ယာဉ်များမှ ထုတ်လွှတ်လိုက် သည့်  ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များသည် လေထုထဲတွင်   များပြားစွာ   ပါဝင်ပျံ့နှံ့လာခြင်း ကြောင့် နောက်ဆက်တွဲ အကျိုးဆက်များအနေဖြင့် လူတို့၏ ကျန်းမာရေးကိုသာမက  တိရစ္ဆာန်များနှင့်  သစ်ပင်ပန်းမန်များကိုပါ ထိခိုက်စေသည်။
လေထုညစ်ညမ်းစေသည့် အရာများ
စက်ရုံအလုပ်ရုံမှထွက်သော   မီးခိုးငွေ့များ၊ ဓာတ်ငွေ့များ၊ မော်တော်ယာဉ်အမျိုးမျိုးမှ   ထွက် သော မီးခိုးငွေ့များ၊  ဓာတ်ငွေ့များသာမက ဖုန်မှုန့် အမျိုးမျိုးအပြင်  ဆေးလိပ်ငွေ့၊ ညှော်နံ့၊ မြောင်းပုပ်နံ့၊ အိမ်သာနံ့ စသည့် မကောင်းသော  အနံ့အသက်များ သည်လည်း လေထုကို ညစ်ညမ်းစေပါသည်။  ကမ္ဘာ ပေါ်တွင် လောင်စာဆီသုံးစွဲမှု  ပမာဏများပြားလာ ခြင်းကြောင့်    ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုသည်     ပမာဏပိုမိုများပြားလာပြီး လေထုညစ်ညမ်းမှု      အမြင့်ဆုံးအခြေအနေသို့ တဖြည်းဖြည်း ရောက်ရှိလာပေသည်။ လာမည့် ခရစ်နှစ် ၂၁၀၀ ပြည့်နှစ်လောက်တွင် ကမ္ဘာပေါ်ရှိ ကာဗွန်ပမာဏသည် ၃၂၀ ဂစ်ဂါတန်အထိ  တိုးပွား လာနိုင်ပြီး သက်ရှိသတ္တဝါများ ခြောက်ကြိမ်မြောက် အစုလိုက်အပြုံလိုက်   မျိုးသုဉ်းပျောက်ကွယ်မှုကြီး ဖြစ်ပေါ်ကြုံတွေ့နိုင်ဖွယ်ရှိကြောင်း၊  ပညာရှင်များခန့်မှန်းထားကြကြောင်း သိရပါသည်။
လေထုကို  ညစ်ညမ်းမှုဖြစ်စေသော  ဓာတ်ငွေ့ များမှာ    ကာဗွန်မိုနောက်ဆိုက်၊    ဆာလ်ဖာဒိုင် အောက်ဆိုက်၊ နိုက်ထရိုဂျင်အောက်ဆိုက်နှင့် အိုဇုန်း ဓာတ်ငွေ့နှင့်   အခြားမကောင်းသော  အနံ့အသက် တို့   ပါဝင်သည်။    ထိုဓာတ်ငွေ့များသည်    လေထု ညစ်ညမ်းမှုကိုဖြစ်စေပြီး လူသားတို့၏ ကျန်းမာရေး ကို   ထိခိုက်စေပါသည်။   ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့ကို မော်တော်ယာဉ်များက အများဆုံး ထုတ်လွှတ်သည်။     ယင်းဓာတ်ငွေ့သည်       သွေး၏ အောက်ဆီဂျင်လည်ပတ်မှုကို    ထိခိုက်စေသဖြင့် ဦးနှောက်နှင့်နှလုံးသို့    အောက်ဆီဂျင်ရောက်ရှိမှု နည်းပါးခြင်းကြောင့် မူးဝေခြင်း၊ သတိလစ်ခြင်းများ ဖြစ်စေနိုင်ပြီး   ကိုယ်ဝန်ဆောင်များ  ရှူရှိုက်မိပါက သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေပါသည်။
ဆာလ်ဖာဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို အများ အားဖြင့်     လျှပ်စစ်ဓာတ်အား    ထုတ်လုပ်သည့်စက်ရုံ၊ ရေနံချက်စက်ရုံနှင့်     သံရည်ကျိုလုပ်ငန်းများက အများအပြား   ထုတ်လွှတ်သည်။    ဆာလ်ဖာဒိုင် အောက်ဆိုက်ဓာတ်ငွေ့သည်     နှလုံးနှင့်    အဆုတ် ရောဂါများကို ဖြစ်ပေါ်စေပါသည်။ နိုက်ထရိုဂျင်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ကို  မော်တော်ယာဉ်များနှင့် ဘွိုင်လာများက ထုတ်လွှတ်ပါသည်။  ထိုဓာတ်ငွေ့ သည် ကိုယ်ခံအားကို လျော့ကျစေနိုင်ပြီး ရောဂါ ကူးစက်မှု  ခုခံစွမ်းအားကို  လျော့နည်းစေပါသည်။ သစ်ပင်ပန်းမန်တို့ကို    အဆိပ်အတောက်ဖြစ်စေ၍ အပင်ကြီးထွားမှုနှင့်  မျိုးစေ့အောင်မြင်မှုကို ထိခိုက် စေပါသည်။
အိုဇုန်းလွှာ
မြေပြင်အထက်  ၁၀  မိုင်မှ  မိုင်  ၃၀  အတွင်းကို  အိုဇုန်းလွှာအဖြစ်  သတ်မှတ်ပါသည်။  နေရောင်သည်  နိုက်ထရိုဂျင်အောက်ဆိုက်နှင့်  ဟိုက်ဒရိုကာဗွန်တို့ အပေါ်   ကျရောက်သောအခါ     ဓာတ်ပြုပြီး  အိုဇုန်းဓာတ်ငွေ့ ဖြစ်ပေါ်လာသည်ဟု သိရသည်။    ယင်းဓာတ်ငွေ့သည်   လေထုကို   ညစ်ညမ်းစေ၍ ချောင်းဆိုးရင်ကျပ်၊ ပန်းနာရောဂါများကို ဖြစ်ပေါ် စေပါသည်။ ထို့ပြင်  လေထုညစ်ညမ်းမှုကြောင့်   ကင်ဆာရောဂါအပြင်    အခြားရောဂါ  အမျိုးမျိုးကို လည်း ဖြစ်ပွားစေပါသည်။
ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင်    ကုန်းလမ်း၊ ရေလမ်းများဖြင့်   သွားလာရာတွင်   ခေတ်မီဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ သင်္ဘောအမျိုးမျိုး၊ ကား အမျိုးမျိုးနှင့် ဆိုင်ကယ်အမျိုးမျိုးကို အသုံးပြုလာ ကြသည်။   ယနေ့ကမ္ဘာပေါ်တွင် ထိုယာဉ်အမျိုးမျိုး မှထွက်သော  လေထုညစ်ညမ်းစေသည့် ဓာတ်ငွေ့ များ ပိုမိုများပြားလာပေသည်။  ထို့ကြောင့် လေထု ညစ်ညမ်းမှုကို  လျှော့ချနိုင်ရန်အတွက် ၂၀၄၀ ပြည့် နှစ်မှစ၍ ပြင်သစ်နိုင်ငံတွင်   မော်တော်ယာဉ်များ ရောင်းချခွင့်ပြုတော့မည်မဟုတ်ကြောင်း မှတ်သား သိရှိရပါသည်။
ယနေ့ခေတ်တွင်     ဥရောပနိုင်ငံများအတွင်း ရှိသမျှကားများ၏ ၉၀ ရာခိုင်နှုန်းသည်    ဓာတ်ဆီ၊ ဒီဇယ်ဆီသုံး ကားများဖြစ်ပြီး  ပြင်သစ်အစိုးရအနေ ဖြင့်    ကျောက်မီးသွေးသုံး၍  လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကိုလည်း   ၂၀၂၂   ခုနှစ်တွင် ၅၀ ရာခိုင်နှုန်းအထိ   လျှော့ချပြီး ၂၀၂၅ ခုနှစ်တွင် လုံးဝအသုံးမပြုရန်     ဆုံးဖြတ်ထားသည်ဟု သိရသည်။ 
ကမ္ဘာ့ပထမဆုံးသစ်တော မြို့တော်
တရုတ်နိုင်ငံတွင်      လေထုညစ်ညမ်းမှုကို ကာကွယ်ပေးနိုင်မည့်    ကမ္ဘာ့ပထမဆုံးသစ်တော မြို့တော်ကို ဂွမ်ဇီပြည်နယ်နှင့် လူရှောင်မြို့အနီးတွင် တည်ဆောက်လျက်ရှိကြောင်း       သိရှိရသည်။ ထိုသစ်တောမြို့တော်မှ  နှစ်စဉ် ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့၊     ဖုန်မှုန့်နှင့်   မီးခိုးငွေ့ တန်ချိန် ၅၇   တန်ကို     စုပ်ယူပေးပြီး    လူတို့အတွက် အောက်ဆီဂျင်တန်ချိန် ၉၀၀ ကျော်ကို ထုတ်ပေးနိုင် မည်ဖြစ်ကြောင်း သိရသည်။
ပတ်ဝန်းကျင်ရှိ          လေထုညစ်ညမ်းမှုကို အကောင်းဆုံးလျှော့ချနိုင်မည့်    နည်းလမ်းသည် သစ်ပင်များများ စိုက်ပျိုးခြင်းနှင့်  လောင်စာဆီ အသုံးပြုမှုလျှော့ချခြင်းပင်ဖြစ်ပါသည်။     လေထု ညစ်ညမ်းမှု  လျော့ကျစေရန်အတွက်   ဆောင်ရွက် ရာတွင် နိုင်ငံတော်အစိုးရနှင့်  လူ့အဖွဲ့အစည်းများ၏ ကျယ်ပြန့်သော ဆောင်ရွက်မှုများလည်း  လိုအပ်ပါ သည်။ ပြည်သူများအနေဖြင့်လည်း      လေထု ညစ်ညမ်းမှုကို   လျော့ပါးစေရန်  ရိုးရှင်းသော နည်းလမ်းများကို    တစ်ဦးချင်းစီ  လုပ်ဆောင်နိုင် ပါသည်။
ယင်းနည်းလမ်းများမှာ-
(၁)    မိမိပတ်ဝန်းကျင်တွင်   လေထုညစ်ညမ်းမှု အမြင့်ဆုံးအချိန်မျိုးတွင် မိမိ၏ အိမ်အတွင်း ၌သာ နေရပါမည်။
(၂)    လေထုညစ်ညမ်းမှု   အမြင့်ဆုံးအချိန်တွင် ညစ်ညမ်းသည့်လေများ  အိမ်အတွင်းမဝင် နိုင်စေရန်     အိမ်ပြတင်းပေါက်များကို ပိတ်ထားရပါမည်။
(၃)    လေထုညစ်ညစ်မှု    အမြင့်ဆုံးအချိန်တွင် ပြင်းထန်သော ကိုယ်ကာယလှုပ်ရှားမှုများ မပြုလုပ်ရပါ။
(၄)    ရေဓာတ်မခန်းခြောက်အောင်  ရေများများ သောက်ရပါမည်။
အိမ်တွင်းလေထုညစ်ညမ်းမှုမှ    ကာကွယ်ရန် နည်းများမှာအောက်ပါအတိုင်း ဖြစ်ပါသည်။
(၁)    ရေနံဆီနှင့်   ပလတ်စတစ်လောင်စာများကို မသုံးခြင်း။
(၂)    မီးဖိုချောင်ကို လေဝင်လေထွက်  ကောင်း အောင်ထားခြင်း။
(၃)    အိမ်တွင်ခြင်ဆေးခွေထွန်းခြင်းနှင့်  အမွှေး တိုင် ထွန်းခြင်းများကို လျှော့ချခြင်း။
(၄)    အိမ်တွင်းအင်ဂျင်စက်များ    မမောင်းစေ ခြင်း။ 
(၅)    အိမ်နှင့် ရုံးများကို သန့်ရှင်းရာတွင်  စိုစွတ် သော ကြမ်းတိုက်တံကို အသုံးပြုခြင်း။
(၆)    လူတစ်ဦးချင်း ကားတစ်စီးစီ အသုံးပြုမှုကို လျှော့ချခြင်း။
(၇)    လေထုညစ်ညမ်းမှု   အမြင့်ဆုံး  အချိန်မျိုး တွင် နှာခေါင်းစည်းနှင့် မျက်နှာဖုံးများကို အသုံးပြုခြင်း။
အဆုတ် အားကောင်းသောကမ္ဘာမြေကြီး
အထက်ပါနည်းများသည်       မိမိတစ်ဦး တစ်ယောက်ချင်းအနေဖြင့်       မိမိနေအိမ်မှစ၍ လေထုညစ်ညမ်းမှုကို ကာကွယ်ခြင်းပင်ဖြစ်ပါသည်။ ထိုသို့    တစ်ဦးမှသည်    အများစုပေါင်း၍   လေထု ညစ်ညမ်းမှုကို     ကာကွယ်ခြင်းဖြင့်      အဆုတ် အားကောင်းသောကမ္ဘာမြေကြီးကို  ဖန်တီးနိုင်မည် ဖြစ်ပါသည်။  လေထုညစ်ညမ်းမှုများပါက လူသားတို့ ၏  ကျန်းမာရေးကို ထိခိုက်လာလျှင် လူသားတို့၏ လူမှုရေး၊ စီးပွားရေးကိုပါ ထိခိုက်စေနိုင်ပါသည်။
ထို့ကြောင့် မိမိ၏ ပတ်ဝန်းကျင်မှသည်    မိမိနိုင်ငံ၊ မိမိနေထိုင်ရာ ကမ္ဘာမြေကြီးတွင် လေထုညစ်ညမ်း မှုကို ကာကွယ်ရန်အတွက် သစ်ပင်များများ စိုက်ပျိုး ပေးခြင်း၊ လောင်စာဆီကို   လျှော့သုံးခြင်း၊   အနံ့ဆိုး များကင်းဝေးစေရန်  ညစ်ပေသော   အမှိုက်များကို စနစ်တကျ   စွန့်ပစ်ခြင်းတို့   လုပ်ဆောင်ရပါမည်။ ထို့အပြင်     ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှု    ထိန်းချုပ်ရေးဆိုင်ရာ      လုပ်ငန်းများကို နည်းလမ်းအမျိုးမျိုးချမှတ်ကာ  ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ စာရေးသူတို့   နိုင်ငံအနေဖြင့်လည်း  ရာသီဥတုဆိုင်ရာ     မဟာဗျူဟာများ    ချမှတ်၍ သက်ဆိုင်ရာဌာနအလိုက်  ပတ်ဝန်းကျင်ရှိ လေထု ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ  မူဝါဒများနှင့် စံချိန် စံညွှန်းများကို ကမ္ဘာ့နိုင်ငံများနည်းတူ အရှိန်အဟုန် မြှင့်   ဆောင်ရွက်ခြင်းဖြင့်     လေထုညစ်ညမ်းမှု အန္တရာယ်ကို    ကာကွယ်ကြပါစို့ဟု   တိုက်တွန်း လိုက်ပါသည်။        ။