ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလ ပြည်တွင်းဧည့်သည်တို့ကို အားပြုရမည့် ခရီးသွားလုပ်ငန်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်တွင်  ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်း များအား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့်    အမြန်ဆုံးကုစားသွား မည်ဟူသော လုပ်ငန်းစဉ်တစ်ရပ်လည်း ပါဝင်သည်။   ကိုဗစ်-၁၉ ကပ်‌ရောဂါ ကူးစက်ပျံ့နှံ့မှု စတင်ဖြစ်ပေါ်လာသည့်အချိန် ကမ္ဘာ့နိုင်ငံ များတွင်ရော မိမိတို့နိုင်ငံ၌ပါ ဦးစွာထိခိုက်ခံစားကြရသည့် စီးပွားရေး လုပ်ငန်းများတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများက ထိပ်ဆုံးမှ ပါဝင်သည်။ ယခုအခါ ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိခြင်းကြောင့်  ကာကွယ်ဆေး လွှမ်းခြုံမှု အားကောင်းလာသည်နှင့်အမျှ ကိုဗစ်-၁၉ ကပ်ရောဂါ နေ့စဉ်ကူးစက်မှုနှုန်းမှာလည်း တဖြည်းဖြည်း ကျဆင်းလျက်ရှိသည်။

 


မြန်မာနိုင်ငံတွင် ယမန်နှစ် မတ်လလယ်ကာလမှ စတင်၍ ပြည်ပ နိုင်ငံအချို့ကို ပြည်ဝင်ခွင့် ကန့်သတ်ခြင်းမှ စတင်ကာ နောက်ပိုင်းတွင် ပြည်တွင်းကူးစက်မှုများကြောင့် မြို့နယ်အချို့တွင် အသွားအလာ ကန့်သတ်တားဆီးမှုများ  ပြုလုပ်ခဲ့ရသည်။ ကိုဗစ်-၁၉ ရောဂါ၏  ကူးစက်မှုသဘောသဘာဝအရ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရခြင်း၊ လူစုလူဝေးမပြုလုပ်ရခြင်း အကန့်အသတ်များနှင့်အတူ ခရီးသွား လာမှုများလည်း လျော့နည်းကျဆင်းသွားခဲ့သည်။ ဗုဒ္ဓဘာသာဝင် အများစုဖြစ်သော မြန်မာလူမျိုးတို့မှာ ဘုရားဖူးရန်ပင် အခွင့်အလမ်း မရှိတော့လောက်အောင် ကိုဗစ်-၁၉ ၏ ရိုက်ခတ်မှုဒဏ်ကို ခံစားကြ ရသည်။ အသွားအလာအကန့်အသတ်များကြောင့် ပြင်ပသွားလာနိုင် ခြင်းမရှိဘဲ မိသားစုများ အိမ်မှာသာစုဝေးနေကြရသည့်အခါ စိတ်ပိုင်း ဆိုင်ရာအရ ထိခိုက်မှု၊ မိသားစုဝင်များအကြား တင်းမာမှု၊ အိမ်တွင်း အကြမ်းဖက်မှုများ မြင့်တက်မှုတို့ ဖြစ်ပေါ်လာကြသည်။ ယင်းသို့ သော အခြေအနေမျိုးမှာ ကပ်ရောဂါကြောင့် ပိတ်ဆို့ကန့်သတ်မှု ပြုလုပ်ရသည့်နိုင်ငံတိုင်း    တွေ့ကြုံကြရသည့်    အခြေအနေပင် ဖြစ်သည်။

 


ယခုအခါ ဒယ်လ်တာကဲ့သို့သော မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အသစ်ကြောင့် ကိုဗစ်-၁၉ ရောဂါကို မျက်ခြည်မပျက် ဂရုပြုစောင့် ကြည့်နေရဆဲဖြစ်သည့်တိုင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်မှုကြောင့် ရောဂါကူးစက်မှုကို အတိုင်းအတာတစ်ရပ် အထိ ထိန်းချုပ်လာနိုင်ပြီဖြစ်သည့်အတွက် နိုင်ငံတိုင်းက မိမိတို့၏ အထိနာထားကြသည့် စီးပွားရေးလုပ်ငန်းများကို ပြန်လည်လည်ပတ် နိုင်ရန်  ကြိုးပမ်းနေကြသည်။ ယင်းအနက် ခရီးသွားလုပ်ငန်းများကို ဦးစားပေးလုပ်ကိုင်နိုင်ရန် ကြိုတင်ပြင်ဆင်လျက်ရှိကြသည်။ မိမိတို့၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံသည်   ခရီးသွားလုပ်ငန်းဖြင့် ကမ္ဘာကျော်သည့် နိုင်ငံဖြစ်သည့်အလျောက် ၎င်း၏ အဓိကဝင်ငွေရ လုပ်ငန်းကြီးကို ပြန်လည်ဖွင့်လှစ်လည်ပတ်နိုင်ရန်   တာစူလျက်ရှိပြီ ဖြစ်သည်။ လာမည့် နိုဝင်ဘာလ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံက ပြည်ပ နိုင်ငံနှင့် ဒေသပေါင်း ၆၄   ခုမှ  လာရောက်မည့်ခရီးသည်များကို  အသွားအလာကန့်သတ်စောင့်ကြည့်ရန်မလိုဘဲ ဝင်ခွင့်ပြုသွားရန် ပြင်ဆင်လျက်ရှိသည်။ ထိုင်းသို့လာရောက်မည့် ခရီးသည်များမှာ ကာကွယ်ဆေးအပြည့်ထိုးနှံထားသူများ ဖြစ်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကင်းစင်ကြောင်း အထောက်အထားယူဆောင်လာရန်သာ လိုအပ် မည်ဖြစ်သည်ဟု သိရသည်။

 


မိမိတို့နိုင်ငံတွင် ခရီးသွားလုပ်ငန်းကို ပြည်တွင်းခရီးသွားလုပ်ငန်း များ လည်ပတ်ခြင်းဖြင့် စတင်သွားမည်ဟု သိရသည်။ မကြာမီ ရာသီ ဥတု ခြေခင်းလက်ခင်း သာလာသည့်အခါတွင် ပုံမှန်အားဖြင့် ခရီး သွားရာသီဖြစ်ရာ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ကာလများအတွင်း ပြည်တွင်းခရီးသွားလာမှု များပြားလာမည်ဖြစ်သည်။ ကိုဗစ်-၁၉ ကြောင့် ပုံမှန်ထက် ငွေကြေးသုံးစွဲနိုင်မှု လျော့နည်းသွားနိုင်သည့် တိုင်အောင် မွန်းကျပ်မှုများ ဖြေလျှော့သည့်အနေဖြင့် မိသားစုလိုက် ဘတ်ဂျက်အကန့်အသတ်ဖြင့် လည်းကောင်း၊ စုပေါင်းခရီးသွားသည့် ပုံစံမျိုးဖြင့် လည်းကောင်း၊ အပန်းဖြေခရီး၊ ဘုရားဖူးခရီးများ ဖြစ်ပေါ် လာမည်ဖြစ်ရာ  ခရီးသွားများဆွဲဆောင်ရာ      ဒေသများအလိုက် ကြိုတင်ပြင်ဆင်မှုများဖြင့် ပြည်တွင်းဧည့်သည်များကို ဖိတ်ခေါ်ကာ အခွင့်အလမ်းကောင်းများ ရယူနိုင်ကြပါစေကြောင်း။          ။