
ရန်ကုန်ခင်၊ ဓာတ်ပုံ- ကျေးလက်မောင်
ရန်ကုန်တိုင်းဒေသကြီးသည် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စက်မှုဇုန်များ ထွန်းကားရာ ကုန်စည်ကူးသန်းရောင်း၀ယ်ရေး အချက်အချာကျသည့် တိုင်းဒေသကြီးဖြစ်ပြီး အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းစသဖြင့် ခရိုင်လေးခုဖြင့် ဖွဲ့စည်းထားသည့် ရန်ကုန်တိုင်းဒေသကြီး၌ လူဦးရေ၏ ၆၅ ရာခိုင်နှုန်းသည် မြို့ပြတွင်နေထိုင်ကြပြီး ၃၅ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်သူများ ဖြစ်ကြသည်။
ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုဟုဆိုရာ၌ ထိုဒေသအတွင်း မှီတင်း နေထိုင်ကြသည့် ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုတို့သည် မြို့ပြနှင့်ကျေးလက် ကွာဟမှု မရှိ တစ်ပြေးညီဘက်စုံတိုးတက်ဖွံ့ဖြိုးနေရန် လိုအပ် လှသည်။
ရာသီမရွေး သွားလာနိုင်သောလမ်းများ
ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာ ရေး၊ စီးပွားရေး စသည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရေးဆောင်ရွက်နိုင်ရန် ဆောက်လုပ် ရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနကို ၂၀၁၇ ခုနှစ် ဇူလိုင် ၂၁ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင်ဖောက်လုပ်ခြင်း၊ တံတားများ အဆင့်မြှင့်တင် တည်ဆောက်ခြင်းများကို နှစ်စဉ် ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီး ရန်ပုံငွေတို့ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ကျေးလက်လမ်းများကို ခြောက်သွေ့ရာသီသာ သွားလာနိုင်သော လမ်းအဆင့်မှ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်း၊ ကျောက်ခင်းလမ်းစသည့် ရာသီမရွေး သွားလာနိုင်သောလမ်းများအဖြစ် အဆင့်မြှင့်တင် လျက်ရှိသည်။
၁၂ မြို့နယ်ပါဝင်
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ အချို့သော ရပ်ကွက်၊ ကျေးရွာများသည် မြို့ပြနှင့် နီးသော်လည်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် လိုအပ်ချက်များ ရှိနေသေးသည်ဖြစ်ရာ ရန်ကုန်တိုင်း ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် “ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရန်”ဟူသည့် မူဝါဒအတိုင်း အကောင် အထည်ဖော် ဆောင်ရွက်နေသည်။
ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနတွင် ခရိုင်နှစ်ခုရှိပြီး တောင်ပိုင်းခရိုင်တွင် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ကိုကိုးကျွန်းတို့ ပါဝင်၍ မြောက်ပိုင်းခရိုင်တွင် တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူး၊ ထန်းတပင်တို့ ပါဝင်ပြီး စုစုပေါင်း မြို့နယ် ၁၂ မြို့နယ်ရှိသည်။ ယင်း ၁၂ မြို့နယ်တွင် ကျေးရွာ ၂၀၃၅ ရွာ ပါဝင်ပြီး ကျေးလက်နေပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်စေရန် အတွက် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အထိ လေးနှစ်တာကာလအတွင်း ကွန်ကရစ်လမ်း ၅၁၆ မိုင် ၂ ဒသမ ၈၉ ဖာလုံ၊ ကတ္တရာလမ်း ၅ မိုင် ၆ ဖာလုံ၊ ကျောက်ချောလမ်း ၉၈ မိုင် ၃ ဒသမ ၆ ဖာလုံ၊ ဂဝံ/ မြေနီလမ်း ၃၈ မိုင် ၆ ဖာလုံ၊ မြေသားလမ်း ၂၁၈ မိုင်၊ ကွန်ကရစ်တံတား အစင်း ၂၅၀ နှင့် Box Culvert ၄၆၅ စင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်။
ကျေးလက်လမ်းများ
ထို့ပြင် Pilot Project အဖြစ် ဆောင်ရွက်ခဲ့သည့် ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်အတွင်းရှိ ၁၂ မိုင် ၀ ဒသမ ၅ ဖာလုံ ရှည်လျားသည့် ဖရုံလမ်းခွဲ- အဇန်းတောစွန်း- ပင်လယ်ချောင် ဆက်သွယ်ရေး လမ်းသည် အဆိုပါဒေသရှိ ကျေးရွာအုပ်စုငါးစု၊ ကျေးရွာပေါင်း ၂၀၊ အိမ်ခြေ ၂၃၂၂ အိမ်နှင့် လူဦးရေ ၉၅၉၈ဦး၊ စိုက်ပျိုးမြေ ၁၂၄၃၆ ဧကအတွက် များစွာ အကျိုးပြုလျက်ရှိသည်။
မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ၅ မိုင် ၄ ဖာလုံ ရှည်လျားသည့် ဥက္ကံ -ကျွဲဘုတ် လမ်းသည် ကျေးရွာအုပ်စုငါးစု၊ ကျေးရွာ ၁၉ ရွာ၊ အိမ်ခြေ ၁၀၆၇ အိမ်၊ လူဦးရေ ၄၂၁၆ ဦးကို လည်းကောင်း၊ ၁၆ မိုင်ရှည်လျားသည့် ဥက္ကံ-သကြားစက်- တဘူးလှ ဆည်လမ်းသည် ကျေးရွာ အုပ်စု ရှစ်စု၊ ကျေးရွာ ၂၀၊ အိမ်ခြေ ၁၇၀၅ အိမ်၊ လူဦးရေ ၈၉၀၇ ဦး၊ စိုက်ပျိုးမြေဧက ၂၅၀၀ ကို လည်းကောင်း အကျိုးပြုလျက်ရှိသည်။
၂၄ ရာခိုင်နှုန်းတိုးတက်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျေးလက်လမ်း များအနေဖြင့် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်က လမ်းမိုင် စုစုပေါင်း ၁၉၄၉ မိုင် ရှိသည့်အနက် ရာသီမရွေး သွားလာနိုင်သောလမ်း ၃၃ ရာခိုင်နှုန်းနှင့် ခြောက် သွေ့ရာသီသွားလာနိုင်သောလမ်း ၆၇ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် ရာသီ မရွေးသွားလာနိုင်သောလမ်းမှာ ၅၇ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီး ခြောက်သွေ့ရာသီ သွားလာနိုင် သောလမ်းမှာ ၄၃ ရာခိုင်နှုန်းသာ ကျန်ရှိတော့သည် ဖြစ်ရာ ရာသီမရွေးသွားလာနိုင်သော လမ်းသည် ၂၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီဖြစ်သည်။
မဟာဗျူဟာရည်မှန်းချက်
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် မဟာဗျူဟာရည်မှန်းချက်အဖြစ်၂၀၃၀ ပြည့်နှစ် တွင် မြန်မာနိုင်ငံရှိ ကျေးရွာများအားလုံး၏ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတွင်းရှိ ကျေးလက်လူဦးရေ၏ ၉၀ ရာခိုင်နှုန်း ရာသီမရွေးသွားလာနိုင်သည့် ကျေးလက် လမ်း၊ တံတားများ အသုံးပြုနိုင်ရေး ဆောင်ရွက်သွား ရန် ချမှတ်ဆောင်ရွက်လျက်ရှိသည်။
ဌာန၏ မဟာဗျူဟာရည်မှန်းချက်ကို နှစ် အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျေးရွာ ပေါင်း ၂၀၃၅ ရွာရှိသည့်အနက် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် ရာသီမရွေး သွားလာနိုင်သော ကျေးရွာ ၆၄၅ ရွာ၊ ခြောက်သွေ့ရာသီ သွားလာနိုင် သောကျေးရွာ ၁၃၉၀ ဖြစ်ပြီး အချိုးအားဖြင့် ရာသီမရွေးသွားလာနိုင်သောလမ်း ၃၂ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် ရာသီ မရွေးသွားလာနိုင်သောရွာ ၁၀၁၈ ရွာဖြစ်လာခဲ့သည်။ ခြောက်သွေ့ရာသီတွင်သာ သွားလာနိုင်သောရွာ ၁၀၁၇ ရွာသာ ကျန်ရှိတော့ရာ အချိုးအားဖြင့် ရာသီ မရွေး သွားလာနိုင်သောလမ်း ၅၀ ရာခိုင်နှုန်း အထိ တိုးတက်လာခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်သည်။
ကျေးလက်လမ်းတံတားများ ဖွံ့ဖြိုးတိုးတက် လာမှုနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသည့် မြို့ပြနှင့် ကျေးလက်နေ ပြည်သူများ၏ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘ၀များသည် ကွာဟမှုမရှိ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
- Log in to post comments