မြန်မာအမျိုးသမီးအသင်း ယူအေအီးကို အနိုင်ယူပြီး ၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲအောင်မြင်

 

ရန်ကုန်  အောက်တိုဘာ  ၂၄


၂၀၂၂  အာရှဖလား    အမျိုးသမီးခြေစစ်ပွဲ    အုပ်စု (D) နောက်ဆုံးနေ့ကို  ကာဂျစ္စတန်နိုင်ငံတွင် ယနေ့ ဆက်လက် ကျင်းပရာ မြန်မာအမျိုးသမီးအသင်းက ယူအေအီးအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ယူပြီး ခြေစစ်ပွဲအောင်မြင်ခဲ့သည်။

 

မြန်မာအမျိုးသမီးအသင်းသည်  ယူအေအီးအသင်းကို ထပ်မံအနိုင်ရခဲ့သဖြင့် အုပ်စုပွဲများတွင် ရာနှုန်းပြည့်အနိုင် ရလဒ်နှင့်အတူ ရမှတ်ကိုးမှတ်၊ ပေးဂိုးမရှိဘဲ အာရှခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် ငါးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ၂၀၁၄ ပြိုင်ပွဲနောက်ပိုင်း တစ်ကျော့ပြန် ခြေစစ်ပွဲအောင်မြင်ခဲ့သည်။

 


မြန်မာအသင်းသည်    မေဇင်နွယ် (ဂိုး)၊   အေးအေးမိုး၊ ချစ်ချစ်၊ ခင်မျိုးဝင်း၊ ဖြူဖြူဝင်း၊ သင်းသင်းယု၊ ခင်မိုမိုထွန်း၊ ခင်မာလာထွန်း၊ စန်းသော်သော်၊ မြတ်နိုးခင်၊   ဝင်းသိင်္ဂီထွန်းတို့ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာအသင်းသည် ပွဲအစ လေးမိနစ်မှာပင် အဖွင့်ဂိုး ရခဲ့ပြီး ခင်မိုမိုထွန်းက သွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် လည်း မြန်မာအသင်းက ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး  ယူအေအီးအသင်း မှာမူ တန်ပြန်တိုက်စစ်ဖြင့် အဓိကကစားခဲ့သည်။  ၂၂ မိနစ်တွင် မြန်မာ အသင်း ဒုတိယဂိုးရခဲ့ပြီး ထောင့်ကန်ဘောမှတစ်ဆင့်   နောက်ခံလူ ချစ်ချစ်က သွင်းယူခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းအပြီးတွင် နှစ်ဂိုးအသာဖြင့် ဦးဆောင်နေသည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းက  ကစားသမား များ အပြောင်းအလဲပြုလုပ်ကာ တိုက်စစ်မြှင့်ခဲ့သော်လည်း ပထမပိုင်း ကဲ့သို့ ဂိုးဖန်တီးနိုင်မှုပြုလုပ်နိုင်ခြင်းမရှိသည့်အပြင် ယူအေအီးခံစစ် ကလည်း အမှားမရှိသောကြောင့် ပထမပိုင်းသွင်းဂိုးများဖြင့်သာ အနိုင် ရခဲ့ခြင်းဖြစ်သည်။ ယူအေအီးအသင်းသည်   တန်ပြန်တိုက်စစ်ဖြင့် ကစားခဲ့ပြီး ဂိုးရနိုင်သည့်အခွင့်အရေးအချို့ ပြန်ရခဲ့သော်လည်း အသုံး မချနိုင်၍ ချေပဂိုးပင်မရဘဲ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

 


 မြန်မာအသင်းသည် အာရှဖလားအမျိုးသမီးပြိုင်ပွဲ   နောက်ဆုံး အဆင့်တွင် ၂၀၀၃၊ ၂၀၀၆၊ ၂၀၁၀ နှင့် ၂၀၁၄ ခုနှစ်တို့တွင် ယှဉ်ပြိုင်ခဲ့ဖူးပြီး ငါးကြိမ်မြောက်အဖြစ် ၂၀၂၂ ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ မြန်မာအသင်းသည် ယခုခြေစစ်ပွဲ အုပ်စုပွဲများတွင် လက်ဘနွန်အသင်းကို လေးဂိုး-ဂိုးမရှိ၊ ဂူအမ်အသင်းကို ရှစ်ဂိုး-ဂိုးမရှိ၊ ယူအေအီးအသင်းကို နှစ်ဂိုး-ဂိုးမရှိတို့ဖြင့် အနိုင်ရခဲ့သည်။                               

ရဲရင့်လွင်