အောက်တိုဘာ ၂၄ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၆၈၇ ဦး တွေ့ရှိ

 

ထပ်မံသေဆုံးသူ ၂၇ ဦး ရှိသဖြင့် 
ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၈၅၃၈ ဦးရှိ

 

­­ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်   နိုင်ငံအတွင်း  ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ  စည်းကမ်းများကို   စနစ်တကျလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူး ဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

 

ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက် လျက်ရှိရာ (၂၃-၁၀-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၄-၁၀-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာ  စုစုပေါင်း (၁၄,၂၁၃)ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ  ဓာတ်ခွဲအတည်ပြု လူနာသစ် (၆၈၇) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၄.၈၃) ရာခိုင်နှုန်း ရှိပါသည်။

 


သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၇၃၄,၈၁၄) ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၄၉၄,၂၆၃) ဦး ရှိပြီ ဖြစ်ပါသည်။
ယနေ့တွင်  ဆေးရုံဆင်းခွင့်ရရှိသူ  (၁,၆၀၅) ဦးဖြစ်သဖြင့်   ယနေ့အထိ   စုစုပေါင်း (၄၅၆,၇၈၁) ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ (၂၇) ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၈,၅၃၈) ဦး ရှိပါသည်။

 


ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ရေးအတွက်  တိုင်းဒေသကြီး/ပြည်နယ်များတွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၂၃-၁၀-၂၀၂၁) ရက်နေ့ အထိ  လူဦးရေ စုစုပေါင်း (၁၂,၃၈၇,၅၇၃)ဦးအား  ထိုးနှံပေးပြီးဖြစ်၍  ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ (၅,၇၀၁,၅၃၆) ဦးနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ (၆,၆၈၆,၀၃၇)ဦး ရှိပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၂၃-၁၀-၂၀၂၁) ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၁၈,၀၈၉,၁၀၉) ကြိမ် ထိုးနှံပြီး ဖြစ်ပါသည်။
 

l    သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားလာသူများခြင်းနှင့် အချို့နေရာများတွင် လူစု လူဝေးများပြားခြင်းများရှိခဲ့ပါသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ပြန်လည်မြင့်တက် လာမှု မရှိစေရန်နှင့် ရောဂါကူးစက် ဖြစ်ပွားမှု ဆက်လက်လျော့ကျလာစေရန်အတွက်  ပြည်သူ လူထုအနေဖြင့် အောက်ပါအချက်များကို တိကျစွာ လိုက်နာကြရန် ဖြစ်ပါသည်။   
     

   -    အတတ်နိုင်ဆုံး မိမိတို့၏ နေအိမ်များတွင်သာ နေထိုင်ခြင်းနှင့် လူစုလူဝေးကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း၊
    

    -    နေအိမ်ပြင်ပသို့ သွားရောက်ရန်နှင့် လူအများစုဝေးရာသို့ သွားရောက်ရန်များ ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း၊
     

   -    လက်ကို မကြာခဏဆေးကြောခြင်း၊
      

 -    တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ခြင်း၊ 
      

 -    အလှည့်ကျရရှိလာသည့် ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက် ခံယူခြင်း၊
      

 -    သံသယရောဂါလက္ခဏာ တစ်စုံတစ်ရာရှိပါက မိမိဘာသာ ကုသခြင်းမျိုး မဆောင် ရွက်ဘဲ  နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ်သတင်းပေးပို့၍ မိမိနှင့် အနီးကပ် ထိတွေ့ သူများအား   ကျန်းမာရေးဌာနက   စုံစမ်းရှာဖွေဖော်ထုတ်ရာတွင်   သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
      

 -    ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ဆက်စပ်ခဲ့သူများသည်လည်း ကျန်းမာရေး ဌာနသို့ သတင်းပေးပို့၍ အသွားအလာကန့်သတ်ခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊
  

 l     ကျန်းမာရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသည့်  “ရုံးလုပ်ငန်းဌာနများတွင် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်” နှင့် “တစ်ဦးကိုတစ်ဦး အသိပေး ခြင်း/ သတိပေးခြင်း မိသားစုစီမံချက်” အတိုင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများ အား အသိပေးခြင်းနှင့် သတိပေးခြင်းတို့ကို လူတိုင်း၊ မိသားစုတိုင်းမှ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါသည်။
  

 l     ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.mohs.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။


ကျန်းမာရေးဝန်ကြီးဌာန