
ကလေးများတွင် အသုံးပြုနိုင်သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများအကြောင်း သိကောင်းစရာ
ထက်လျှံ
ကလေးများတွင် အသုံးပြုနိုင်သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးကို တွေ့ဆုံမေးမြန်း ခဲ့သည်။
မေး ။ ။ ကလေးတွေမှာ အသုံးပြုနိုင် တဲ့ ကိုဗစ် - ၁၉ ကာကွယ်ဆေး တွေအကြောင်းကို ပြောကြားပေးပါဦး။
ဖြေ ။ ။ ‘ဒယ်လ်တာ’ ဗိုင်းရပ်စ်ဖြစ်ပွား ကူးစက်စဉ်ကာလမှာ လူကြီး တွေမှာ ကာကွယ်ဆေး လွှမ်းခြုံမှု အားကောင်းလာတာနဲ့အတူ ဗိုင်းရပ်စ်က ကလေးတွေဘက်ကို လှည့်လာတယ်။ နိုင်ငံတကာမှာလည်း ကလေးတွေကို ကာကွယ်ဆေးထိုးနှံပေးနိုင်ဖို့က အထူး အလေးထားပြီး ဆောင်ရွက်လာတာကို တွေ့ရပါတယ်။ အခုအချိန်ကာလက နိုင်ငံ တကာမှာ ကျောင်းတွေ ပြန်ဖွင့်နေတဲ့ အချိန်ဖြစ်ပါတယ်။
ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလ မှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ တော်တော်များများမှာ ကျောင်းတွေက ပိတ်ထားရတာဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါအန္တရာယ်ကင်းဝေးပြီး ကျောင်း တွေ စိတ်ချလက်ချဖွင့်နိုင်ဖို့ ကျောင်းသား အရွယ်ကလေးတွေကို ကာကွယ်ဆေး ထိုးနှံပေးနိုင်မှုက အရေးကြီးပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကလေးတွေ ကောင်းမွန်စွာ ပညာသင်ကြားနိုင်ဖို့၊ ကလေးတွေအကြား ကိုဗစ် - ၁၉ ရောဂါ အစုလိုက် အပြုံလိုက် ကူးစက်ခံရမှုနဲ့ ရောဂါကြောင့် သေဆုံးမှုအန္တရာယ်လျှော့ချနိုင်ဖို့နဲ့ နောက်ဆက်တွဲ ဖြစ်နိုင်တဲ့ ရောဂါတွေကနေ ကင်းဝေးဖို့ ကျောင်းသား အရွယ်ကလေးငယ်တွေကိုကာကွယ်ဆေးထိုးနှံပေးမှဖြစ်မယ်ဆိုပြီး နိုင်ငံတကာမှာ ဒီအရွယ်ကလေးတွေကို ကာကွယ်ဆေး တွေ ထိုးနှံပေးနေကြပါတယ်။
အစောဆုံးထိုးနှံပေးတဲ့ နိုင်ငံတွေ အထဲမှာ တရုတ်နိုင်ငံနဲ့ ကျူးဘားနိုင်ငံ ပါပါတယ်။ ကျူးဘားနိုင်ငံဆိုရင် ဩဂုတ် လအတွင်းမှာ Soberana-02 ဆိုတဲ့ဆေး ကို ကလေးအသက် ၂ နှစ်လောက်အထိ ကို စပြီးထိုးနှံပေးပါတယ်။ ဒီဆေးကို ကျူးဘားနိုင်ငံအနေနဲ့ အသုံးပြုဖို့ အသိ အမှတ်ပြုထားပြီး သူ့နိုင်ငံမှာပဲ စတင် ထိုးနှံပေးတာ ဖြစ်ပါတယ်။ ‘ဒယ်လ်တာ’ ဗိုင်းရပ်စ် မျိုးကွဲကြောင့် ကျူးဘားနိုင်ငံရှိ ကလေးတွေကြားမှာ ရောဂါဖြစ်ပွားမှုတွေ မြင့်တက်လာတဲ့အတွက် ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုပဲ ချီလီနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ အယ်လ်ဆာဘေဒိုး နိုင်ငံ၊ ယူအေအီးနိုင်ငံတွေမှာ ကလေးတွေ ကို စတင်ပြီး ကာကွယ်ဆေးထိုးနှံပေးနေပြီ လို့ သိရှိရပါတယ်။ ချီလီနိုင်ငံမှာဆိုရင် အသက် ၆ နှစ်အထက် ကလေးတွေကို Sinovac ကာကွယ်ဆေး ထိုးနှံပေးတာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် အသက် ၃ နှစ်ကနေ ၁၇ နှစ်အထိ Sinovac ကာကွယ်ဆေးကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်အထိ အကြိမ်ရေ ၆၃ သန်း ထိုးနှံခဲ့ပြီးဖြစ်တာကို တွေ့ရပါတယ်။ Sinovac ကာကွယ်ဆေးအနေနဲ့ အသက် ၃ နှစ်ကနေ ၁၇ နှစ်အထိ အသက်အုပ်စု အတွင်းမှာ ဘေးကင်းစိတ်ချစွာ အသုံးပြု နိုင်ခွင့်ကို တရုတ်နိုင်ငံက ၂၀၂၁ ခုနှစ် ဇွန်လအတွင်းမှာ ခွင့်ပြုပေးခဲ့တာဖြစ်ပါ တယ်။ အယ်လ်ဆာဘေဒိုးနိုင်ငံမှာ အသက် ၆ နှစ်အထက်ကနေစပြီး ထိုးနှံ ပေးနေတာ ဖြစ်ပါတယ်။
ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ လာအို နှင့် ကမ္ဘောဒီးယားနိုင်ငံတွေမှာ အသက် ၁၈ နှစ်အောက်ကလေးတွေကို ကာကွယ် ဆေးထိုးနှံပေးနေတာ ဖြစ်ပါတယ်။ ချီလီ နိုင်ငံမှာ အသက် ၁၆ နှစ်၊ ၁၇ နှစ် အရွယ် လူငယ်တွေရဲ့ ၈၇ ရာခိုင်နှုန်း၊ အသက် ၁၄ နှစ်၊ ၁၅ နှစ် ကလေးတွေရဲ့ ၈၁ ရာခိုင်နှုန်း၊ အသက် ၁၂ နှစ်မှ ၁၃ နှစ် ကလေးတွေရဲ့ ၅၇ ရာခိုင်နှုန်းကို Sinovac ကာကွယ်ဆေးထိုးထားပြီး ကလေး ၁ ဒသမ ၅ သန်းအထိ ဆက်လက်ထိုးနှံပေး သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘော ဒီးယားနိုင်ငံမှာ စက်တင်ဘာလ ၂၉ ရက် အထိ အသက် ၁၂ နှစ်မှ ၁၇ နှစ်အရွယ် ကလေးနဲ့လူငယ်ဦးရေ ၁ ဒသမ ၇ သန်း ခန့်နဲ့ အသက် ၆ နှစ်မှ ၁၂ နှစ်အထိ ကလေးဦးရေ ၁ ဒသမ ၇ သန်းခန့်ကို Sinovac ကာကွယ်ဆေး ထိုးပေးပြီးဖြစ် ပါတယ်။
နိုင်ငံတကာမှာလည်း ချမ်းသာတဲ့ နိုင်ငံတွေအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေ အတော်များများမှာ အသက် ၁၈ နှစ် အောက်၊ ၁၂ နှစ်အထက်၊ အချို့ဆိုရင် ဒီထက်ပိုပြီး ငယ်တဲ့ အရွယ်တွေကို ကာကွယ်ဆေး ထိုးနှံပေးတဲ့အစီအစဉ်တွေ ကို အင်တိုက်အားတိုက် ဆောင်ရွက်နေ တာကို တွေ့ရှိရပါတယ်။ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံက သက်ဆိုင်ရာနိုင်ငံရဲ့ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန (FDA) လို ဆေးဝါးအာဏာပိုင်အဖွဲ့ အစည်းတွေရဲ့ ခွင့်ပြုချက်အပေါ် မူတည် ပြီး ထိုးနှံပေးတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အမျိုးမျိုးရှိနိုင်ပါတယ်။ အချို့ကျတော့ ကိုယ့်နိုင်ငံအတွင်းမှာ ထုတ်လုပ်တဲ့ကာကွယ်ဆေးကို ကိုယ့်နိုင်ငံ အတွင်းမှာပဲ ထိုးနှံတယ်။ အချို့ကာကွယ် ဆေးတွေကျတော့ နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံနိုင်တာ ဖြစ်ပါတယ်။ ကျူးဘားနိုင်ငံမှာတော့ Soberana-02 တို့၊ Abdala တို့ကို သူ့နိုင်ငံ အတွင်းမှာပဲ သူ့နိုင်ငံရဲ့ ဆေးဝါးအာဏာ ပိုင်အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်နဲ့ ထိုးနှံတာ ဖြစ်တယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများမှာတော့ Sinovac လိုမျိုး Inactivated Virus ပါဝင် တဲ့ ကာကွယ်ဆေးကို ထိုးကြတာဖြစ် ပါတယ်။
အနောက်နိုင်ငံတွေမှာ ‘ဖိုက်ဇာ’ ကာကွယ်ဆေး ထိုးနှံပေးနေပါတယ်။ ဒီအချက်တွေကို ကြည့်ရင် နိုင်ငံတကာမှာ အသက် ၁၈ နှစ်အောက် ကလေးတွေကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ရေးကို အင်တိုက်အားတိုက် ဆောင်ရွက် လာနေပြီး မြန်မာနိုင်ငံအနေနဲ့ အောက်တို ဘာလ ၁၂ ရက်ကစတင်ပြီး အသက် ၁၂ နှစ် ပြည့်ပြီးသူ အခြေခံပညာ အလယ် တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူတွေကို နေပြည်တော်မှာ စတင်ထိုးနှံနေ ပြီ ဖြစ်ပါတယ်။ ကျောင်းသားအရွယ် ကလေးငယ်တွေရဲ့ ပညာရေးကို ဦးစားပေးပြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရေး ဆောင်ရွက်နေတဲ့ ကမ္ဘာပေါ်မှာ မြန်မာ နိုင်ငံက နောက်မကျဘူးဆိုတာ ပြောကြားလိုပါတယ်။
မေး ။ ။ ကလေးတွေမှာ ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိမယ် ဆိုတာကို ပြောကြားပေးစေလိုပါတယ်။
ဖြေ ။ ။ ကလေးတွေမှာ ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံရင် လူကြီးတွေလိုပဲ အကျိုးကျေးဇူးတွေ ရပါ တယ်။ နံပါတ် ၁ အကျိုးကျေးဇူးအနေနဲ့ ပြောရရင် ကလေးတွေမှာ ရောဂါပိုး ဝင်ရောက်ကူးစက်နိုင်မှုတွေကို အတိုင်း အတာတစ်ခုအထိ လျှော့ချနိုင်မယ်။ အစု လိုက် အပြုံလိုက် ဖြစ်ပွားမှုတွေကို ကာကွယ်ပေးနိုင်မယ်။ ရောဂါပြင်းထန်စွာ ဖြစ်ပွားမှု၊ ဆေးရုံတက်ရောက်ရမှု၊ ရောဂါ ကြောင့် အသက်သေဆုံးရမှုတွေကို လျှော့ချနိုင်မယ်။ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားပြီး ကလေးတွေမှာ Multisystem inflammatory syndrome in children (MIS-C) ဖြစ်ပွားတာ၊ ကိုဗစ်ရဲ့ နောက်ဆက်တွဲ ရေရှည်ဆိုးကျိုး Long Covid ဖြစ်ပွားနိုင်တာ၊ ကိုဗစ်-၁၉ ရောဂါ နောက်ဆက်တွဲ ဦးနှောက်အာရုံကြော စနစ် ရောင်ရမ်းတာတွေကို လျှော့ချပေး နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး နောက်ဆက် တွဲရောဂါတွေကြောင့် သေဆုံးမှုတွေ ဖြစ်ပွားနိုင်တာကို လျှော့ချပေးနိုင်မှာဖြစ် ပါတယ်။
နံပါတ် ၂ အကျိုးကျေးဇူးက ကလေး တွေကနေတစ်ဆင့် အခြားသူတွေကို ဆက်လက် ကူးစက်နိုင်တာကို ကာကွယ် လျှော့ချပေးနိုင်တာဖြစ်ပါတယ်။ ကလေး တွေက ကာကွယ်ဆေးထိုးထားလို့ ရောဂါ ကာကွယ်မှုတွေရထားရင် သူတို့ကနေ တစ်ဆင့် ဆက်လက်ကူးစက်နိုင်မှုက နည်းသွားမယ်။ မတော်တဆများ ကလေး က ရောဂါပိုးသယ်ဆောင်လာပြီး အသက် အရွယ်ကြီးတဲ့၊ ရောဂါအခံရှိတဲ့၊ ကာကွယ် ဆေးမထိုးထားရသေးတဲ့ အဘိုးအဘွားကို ကူးစက်စေမယ် ဆိုရင် အဲဒီ အဘိုးအဘွား မှာ အသက်သေဆုံးသည်အထိ အန္တရာယ် ရှိနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေကို လည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးထားရင် သူတို့အနေနဲ့ ရောဂါဖြစ်ပွားသေဆုံးမှုကို ကာကွယ်နိုင် တဲ့အပြင် အိမ်မှာရှိတဲ့ အသက်အရွယ် ကြီးသူတွေလည်း အကာအကွယ်ရမှာ ဖြစ်ပါတယ်။
နံပါတ် ၃ အကျိုးကျေးဇူးက ကလေး တွေရဲ့ ကိုယ်ခံအားစနစ်က သူတို့ရဲ့ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုနဲ့အတူ ဖွံ့ဖြိုး တိုးတက်ပြောင်းလဲနေတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ တစ်ဖက်က မျိုးဗီဇပြောင်း ဗိုင်းရပ်စ်က ဝင်လာတဲ့အခါ ဖွံ့ဖြိုးနေတဲ့ ကလေးရဲ့ ခုခံအားစနစ်နဲ့တွေ့ပြီး ဒီ ဗိုင်းရပ်စ်အနေနဲ့ မျိုးပြောင်းတာတွေများ ဆက်ပြီး ဖြစ်နိုင်မလားဆိုတာကလည်း စိတ်ပူရပါတယ်။ ကလေးတွေကြားထဲမှာ ကူးစက်မှုတွေ လျော့ပါးသွားတာနဲ့အမျှ ဒီလို ဗိုင်းရပ်စ်မျိုးဗီဇ ဆက်လက် ပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်တာကလည်း လျော့ကျသွားမှာ ဖြစ်ပါတယ်။
နံပါတ် ၄ အကျိုးကျေးဇူးက လူကြီး တွေက ကာကွယ်ဆေးလွှမ်းခြုံမှုရနေ ပေမယ့် ကလေးတွေက ကျန်နေတော့ ကလေးတွေကြားမှာ ကူးစက်မှုတွေ မြင့်တက်လာနိုင်ပါတယ်။ ကလေးတွေ ကိုပါ ကာကွယ်ဆေး ထိုးထားနိုင်ရင် အသက်အုပ်စုအားလုံးအတွက် ကာကွယ် ဆေးလွှမ်းခြုံမှုတွေ မြင့်မားလာတာနဲ့အမျှ လူအုပ်စုအလိုက် ခုခံအားစနစ်တွေ အားကောင်းလာပြီး ရောဂါပိုးဝင်ရောက် ကူးစက်နိုင်မှု လျော့ကျမှာဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးထားတဲ့အတွက် လူတိုင်းရဲ့သွေးထဲမှာ ရောဂါကာကွယ်တဲ့ ပဋိပစ္စည်းတွေရှိလာတဲ့အခါ အဲဒီလို လူအုပ်စုတွေထဲမှာ ဗိုင်းရပ်စ်က အလွယ် တကူကူးစက်ဖို့ မလွယ်တော့ပါဘူး။ ဒါဆိုရင် ဒေသအလိုက် ရောဂါကူးစက်မှု နှုန်းတွေပါ သိသိသာသာ ကျဆင်းလာမှာ ဖြစ်တဲ့အတွက် ရောဂါ ကာကွယ်ထိန်းချုပ် ရေး လုပ်ငန်းစဉ်ကြီးအတွက်လည်း အလွန်အကျိုးရှိပါတယ်။
နံပါတ် ၅ အရေးကြီးဆုံး အကျိုး ကျေးဇူးက ပညာရေးဖြစ်ပါတယ်။ ကလေးတွေက ကိုဗစ် - ၁၉ ကြောင့် ပညာသင်ကြားရေးတွေ ရပ်တန့်နေရ တယ်။ အနာဂတ်ကို ဦးဆောင်မယ့် ကလေးတွေက ကျန်းမာကြံ့ခိုင်ပြီး ပညာ တတ်ဖို့လိုတာဖြစ်ပါတယ်။ ဒီလိုပညာ တတ်ဖို့ အတွက်က ကျောင်းပညာရေးတွေ သင်ကြားရမှာ ဖြစ်ပါတယ်။ ပညာ သင်ကြားရေးမှာ ကလေးတွေကပါ ကာကွယ်ဆေး ထိုးနှံမှုရရှိတဲ့အခါ သူတို့ ကြားမှာ ကူးစက်မှုနည်းမှာ ဖြစ်ပါတယ်။ ကျောင်းမှာ ကလေးတစ်ဦးက ကိုဗစ် - ၁၉ ပိုးတွေ့ပြီဆိုရင် သူ့ဆရာမက Contact ဖြစ်မယ်။ သူနဲ့ အနီးအနားထိုင်တဲ့ ကလေးတွေအကုန်လုံးကလည်း Contact ဖြစ်သွားမယ်။ ထိတွေ့တဲ့သူ (Close Contact) တွေ အကုန်လုံးကိုလည်း ပိုးရှိ၊ မရှိ စစ်ဆေးပြီး ကွာရန်တင်းဝင်ရမယ့် သဘောမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ဒီအတန်းက ခေတ္တပိတ်လိုက်ရမယ့် သဘောမျိုးဖြစ်သွားပြီး ကလေးတွေရဲ့ ပညာရေးကို ထိခိုက်စေပါတယ်။ ဒီလို မထိခိုက်ရအောင် ကလေးတွေမှာ ရောဂါ ကာကွယ်တဲ့ ကိုယ်ခံအားတွေ ရနေမယ် ဆိုရင် စဉ်ဆက်မပြတ် ပညာသင်ကြား ရေးကိုလည်း ကောင်းစွာအထောက်အကူ ပြုစေနိုင်မှာ ဖြစ်ပါတယ်။ အခုတင်ပြခဲ့တဲ့ အကျိုးကျေးဇူးတွေ ရှိတဲ့အတွက် ကလေး တွေမှာ ကာကွယ်ဆေးထိုးနှံတဲ့ အစီအစဉ် တွေကို နိုင်ငံတကာမှာလည်း အားပေးပြီး ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
မေး ။ ။ အသက် ၁၈ နှစ်အောက် ကလေးတွေမှာ ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပြီးရင် ဘေးထွက် ဆိုးကျိုးအနေနဲ့ ဘာတွေရှိနိုင်တယ် ဆိုတာကိုလည်း ပြောကြားပေးစေလို ပါတယ်။
ဖြေ ။ ။ ဘေးထွက်ဆိုးကျိုး အနေနဲ့ ကတော့ Sinovac ကာကွယ် ဆေးမှာ အလွန်နည်းတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ နေပြည်တော်မှာ အောက်တို ဘာလ ၁၂ ရက်အထိ အသက် ၁၂ နှစ် အထက်ကလေးတွေ ၈၀၀ ၊ ၉၀၀ လောက် ထိုးနှံပေးပြီးပါပြီ။ ဘေးထွက်ဆိုးကျိုး ဖြစ်ခဲ့တယ်ဆိုတာကို မတွေ့ရပါဘူး။ ဒီလိုပဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ အသက် ၃ နှစ်ကနေ ၁၇ နှစ် အထိ အကြိမ်ရေ ၆၃ သန်း ထိုးနှံပြီးဖြစ်တဲ့အခါမှာ ပြင်းပြင်းထန်ထန် ဖြစ်ပွားတဲ့အနေနဲ့ လူဦးရေ တစ်သန်းမှာ တစ်ယောက် လောက်ပဲ ဖြစ်ပွားတာရှိတယ်လို့ သိရ ပါတယ်။ ပုံမှန်ကာကွယ်ဆေးထိုး အစီ အစဉ်မှာပါတဲ့ ဝက်သက်ကာကွယ်ဆေး ဆိုရင် လူဦးရေ တစ်သိန်းမှာ တစ်ယောက် လောက်က ပြင်းပြင်းထန်ထန် ဖြစ်ပွား တတ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုး adverse event following immuniza- tion (AEFI) တွေရှိတာဖြစ်လို့ Sinovac အနေနဲ့ အလွန်စိတ်ချရတဲ့ ကာကွယ်ဆေး ထဲမှာ ပါဝင်ပါတယ်။
ဒါ့အပြင် ကာကွယ်ဆေးထိုးပြီးနောက် ဘေးထွက်ဆိုးကျိုးတစ်ခုခု ဖြစ်ပွားရင် ကာကွယ်ဆေးထိုးစုရပ်တွေမှာ အရေး ပေါ်ဆေးအဖွဲ့တွေ ရှိပါတယ်။ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို ချက်ချင်းပေးမှာ ဖြစ်ပါတယ်။ အခုထိုးပေးနေတဲ့ Sinovac ဆိုရင်လည်း အသက် ၃ နှစ်အောက် အထိကို ဆက်လက်ထိုးနှံပေးနိုင်ဖို့ သုတေသနတွေ ဆောင်ရွက်နေတာ တွေရှိ ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချီလီ၊ ကင်ညာ၊ မလေးရှား၊ ဖိလစ်ပိုင်၊ တောင်အာဖရိကစတဲ့ နိုင်ငံတွေမှာ အသက် ၆ လကနေ ၁၇ နှစ်အထိ ကလေး ပေါင်း ၁၄၀၀၀ ကို သုတေသနပြုနေ ကြောင်း သိရှိရပါတယ်။ အဲဒီလိုငယ်ရွယ် တဲ့ အုပ်စုတွေကိုတောင်မှ သုတေသနပြု နေတဲ့အဆင့်ဆိုတော့ ဒီဆေးရဲ့ ဘေးထွက် ဆိုးကျိုးဆိုတာ အင်မတန်မှ နည်းတာဖြစ် ကြောင်း သိနိုင်ပါတယ်။ Sinovac ကာကွယ်ဆေးမှာ တွေ့နိုင်တဲ့ သာမန် နောက်ဆက်တွဲ လက္ခဏာလေးတွေ ကတော့- ခေါင်းမူးခြင်း၊ ပင်ပန်းနွမ်းနယ် ခြင်း၊ ပျို့ခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေပြား ယားယံခြင်း၊ အနီပြင် ထွက်ခြင်း၊ အန် ခြင်း၊ သတိလစ်ခြင်း၊ ဖျားခြင်း၊ ရင်ဘတ် အောင့်ခြင်းတို့ ဖြစ်နိုင်သော်လည်း များသောအားဖြင့် ၄၈ နာရီအတွင်း ပြန်ကောင်းသွားပါတယ်။ သတိပြုရမယ့် အချက်တစ်ခုက ကာကွယ်ဆေးထိုးပြီး ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေက ဖြစ်ပွားရင်လည်း ဆေးထိုးပြီး မိနစ် ၃၀ အတွင်းမှာပဲ ဖြစ်ပွားတာများပါတယ်။ နိုင်ငံတကာမှာ လေ့လာချက်တွေအရ ပထမ ၁၅ မိနစ်အတွင်းက ပိုပြီးဖြစ် တတ်ပါတယ်။ ဒီတော့ ဆေးထိုးပြီး နာရီ ဝက်စောင့်ဆိုင်းဖို့က အင်မတန်အရေးကြီး ပါတယ်။ ဒါကြောင့် နာရီဝက်စောင့်ဆိုင်းဖို့ ပြောကြားတာဖြစ်ပြီး အမှန်တကယ် လည်း စောင့်ဆိုင်းဖို့ လိုအပ်ကြောင်း တင်ပြလိုက်ရပါတယ်။
မေး ။ ။ ဖြည့်စွက် ပြောကြားလိုတာ ရှိရင် ပြောကြားပေးပါ။
ဖြေ ။ ။ နိုင်ငံတကာမှာလည်း အသက် ၁၂နှစ်အထက်အပြင် အသက် ၁၂ နှစ်အောက် ကလေးတွေကိုလည်း လက်လှမ်းမီ ထိုးနှံနိုင်သလောက် သုတေသနတွေ အဆင့်ဆင့်ပြုလုပ်ပြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးနေတဲ့နိုင်ငံတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို မိမိ တို့အလှည့်၊ မိမိတို့ သားသမီးတွေ အလှည့် ရောက်လာရင် မပျက်မကွက်ထိုးနှံမှုတွေ ခံယူကြဖို့ ပြောကြားလိုပါတယ်။
ကျေးဇူးတင်ပါတယ်။