
မြန်မာနိုင်ငံတွင် ကမ္ဘာသိရှေးဟောင်းအမွေအနှစ်များစွာရှိပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် ရှေးအတီတေကာလများကတည်းက ယဉ်ကျေး မှုထွန်းကားခဲ့သောကြောင့်ဖြစ်သည်။ ပြီးခဲ့သောနှစ်ရှစ်သန်းမှ ၁၂သန်းအတွင်း လူသားမျိုးနွယ်များ မြန်မာနိုင်ငံတွင်ရှိခဲ့သည်ဟူသော သဲလွန်စများကို ပြင်သစ် ရှေးဟောင်းသုတေသနပညာရှင်များနှင့် မြန်မာပညာရှင်တို့ ပူးတွဲဖော်ထုတ်ထားပြီးဖြစ်ပါသည်။ ထိုကဲ့သို့ လူသားမျိုးနွယ်သာမက မြို့ပြအမွေအနှစ်များ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝအမွေအနှစ်များသည် အကြောင်းကြောင်းကြောင့် အချို့သောဂုဏ်ယူဖွယ်ရာ ရှေးဟောင်းအမွေအနှစ်အချို့ တိမ်မြုပ်ခဲ့ရသည်များလည်း ရှိနိုင်ပါသည်။
မောင်ခိုင်မာ (အထက်မင်းလှ)
================
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်အနက် လူမှုရေးဦးတည်ချက် အပိုဒ်ခွဲ(ခ)တွင် “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက် လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” ဟူ၍ ဖော်ပြပါရှိပါသည်။
ကြေးသွန်းအတတ်ပညာများလည်း ထွန်းကား
မြန်မာရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များတွင် မြန်မာမှု အနုလက်ရာများ ပါဝင်သည်။ မြန်မာမှုအနုပညာဆိုင်ရာ အတတ် ပညာများကို ခြုံငုံ၍ခေါ်ဆိုသော “ဘုရားမတင်၊ ခေါင်းမဆင်၊ လူတွင် ပန်းဆယ်ပွင့်” ဟူသော ဆိုရိုးစကားရှိ၏။ အဆိုပါပန်းဆယ်မျိုးမှာ “ပန်းချီ၊ ပန်းပု၊ ပန်းရန်၊ ပန်းပွတ်၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတမော့၊ ပန်းယွန်း၊ ပန်းပဲ၊ ပန်းတော့” တို့ဖြစ်သည်။ ထိုအတတ်ပညာအားလုံး သည် လက်မှုအတတ်ပညာဖြစ်သည်သာမက အနုပညာဂုဏ်မြောက် သောပညာများလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ယင်းအတတ်ပညာ တို့နှင့်တစ်ဆက်တစ်စပ်တည်း ကြေးသွန်းအတတ်ပညာများလည်း ထွန်းကားခဲ့သည်။ အိမ်အသုံးအဆောင်ကြေးဖလား၊ ကြေးမုံ၊ ကြေးလင်ပန်းမှအစ ကြေးတူရိယာပစ္စည်းများသည် လည်းကောင်း အထူးပြောင်မြောက်သော အတတ်ပညာများဖြစ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ကြေးသွန်းအတတ်ပညာကို ပျူခေတ်ကာလကပင်ရှိနေပြီဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ သရေခေတ္တရာ ပျူတို့သည် ပန်းဆယ်မျိုးအတတ်ပညာကို ကျွမ်းကျင်နိုင်နင်းခဲ့ကြောင်း၊ “သရေခေတ္တရာမြို့ဟောင်း၏ အရှေ့မြောက်ဘက် ဘုရားမာစေတီ အနီးရှိ ကုန်းအမှတ် (၈) မှ တူးဖော်တွေ့ရှိရသည့် ဗုဒ္ဓကြေးဆင်းတုတော်၊ သီရိဝစ္စပုံပါ ကြေးခေါင်းလောင်း၊ တီးမှုတ်ကခုန်နေဟန် ကြေးရုပ်များ နှင့် အရိုးအိုး”တို့က သက်သေခံနေပါသည်။
မြန်မာတို့သည် ခေါင်းလောင်းထိုး၍ အမျှဝေလေ့ရှိသည်။ ခေါင်းလောင်းသွန်းလုပ်ခြင်းကို လွန်ခဲ့သောနှစ်ပေါင်းလေးထောင် လောက်က တရုတ်နိုင်ငံတွင် စတင်သည်ဆို၏။ မြန်မာနိုင်ငံတွင်မူ မှတ်တမ်းများအရ ကွမ်းခြံကုန်းမြို့နယ် လက်ခိုက်ကျေးရွာရှိ မြန်မာ သက္ကရာဇ် ၈၀၀ ပြည့်နှစ်ထိုးခေါင်းလောင်းက အစောဆုံးဖြစ်မည် ထင်သည်။ ဒုတိယအစောဆုံးမှာ မော်လမြိုင်မြို့ မြသိန်းတန်စေတီရှိ သက္ကရာဇ် ၈၉၉ ခုနှစ်ထိုးခေါင်းလောင်းဖြစ်ပြီး ဘုရင့်နောင် ခေါင်းလောင်းသည် တတိယအစောဆုံးဖြစ်ကြောင်း ပညာရှင်များက ဆိုပါသည်။ ကမ္ပည်းရေးထိုးသည့်ခေါင်းလောင်းကိုမူ ရခိုင်ပြည်နယ် ဝေသာလီမြို့ဟောင်းအနီး ပြိုင်းထောင်ကျေးရွာမှ တွေ့ရှိရသည့် အမြင့်ပေ ၁၁ ဒသမ ၈ စင်တီမီတာရှိသော ကြေးခေါင်းလောင်းဟု ဆိုပါသည်။ ခေါင်းလောင်းစာကို လေ့လာရခြင်းအားဖြင့် ထိုခေတ် ကာလက မြန်မာအက္ခရာအရေးအသား (မူရင်းအရေးအသား) နှင့် ကြေးသွန်းအတတ်ပညာ (ပန်းတဉ်းမြန်မာမှုအနုပညာ) အဆင့်အတန်း ကို ဂုဏ်ယူဖွယ်တွေ့မြင်နိုင်ပါသည်။
ကမ္ဘာတွင် ထင်ရှားသည့် မြန်မာ့ကြေးခေါင်းလောင်းများ
မြန်မာ့ကြေးခေါင်းလောင်းများသည် ကမ္ဘာတွင် ထင်ရှားသည်။ ဥပမာအားဖြင့် (၁) သက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ကဆုန်လဆန်း ၅ ရက်နေ့တွင် ဗဒုံမင်းသွန်းလုပ်လှူဒါန်းသည့် ကြေးအလေးချိန် ၅၅၅၅၅ ပိဿာ (၉၀ ဒသမ ၅၂ တန်) ရှိ ကမ္ဘာ့ဒုတိယအကြီးဆုံး (ရှေးဟောင်း သုတေသနထုတ် ရှေးဟောင်းအဆောက်အအုံများ ပြင်ဆင်ချက်စာရင်း အရ) (Amended List of Ancient Monuments in Burma, Sagaing Divison, Serial 5, P.4) ဖြစ်သည့် “မင်းကွန်းခေါင်းလောင်း”၊ (၂) ဗြိတိသျှနယ်ချဲ့တို့ အလွန်မက်မောသဖြင့် သယ်ဆောင်ရန် ကြိုးပမ်း သော်လည်း မအောင်မမြင်ဖြစ်ခဲ့သော သက္ကရာဇ် ၁၁၄၀ ပြည့်နှစ် တပို့တွဲလဆန်း ၁ ရက်နေ့တွင် “စဉ့်ကူးမင်း” သွန်းလုပ်လှူဒါန်းသည့် ကြေးပိဿာချိန် ၁၅၅၅၅ ပိဿာရှိသည့် “မဟာဃဏ္ဍ” ဘွဲ့အမည် ကမ္ပည်းထိုးထားသည့် “စဉ့်ကူးမင်း” ခေါင်းလောင်းတော်နှင့် (၃) သက္ကရာဇ် ၁၂၀၃ ခုနှစ် သီတင်းကျွတ်လဆန်း ၁၀ ရက်နေ့တွင် သာယာဝတီမင်း သွန်းလုပ်လှူဒါန်းသည့် အလေးချိန်ကြေးပိဿာ ၂၅၉၄၀ နှင့် ၄၉ ကျပ်သားရှိသော “မဟာတိသဒ္ဒဃဏ္ဍ” ဘွဲ့အမည်ရ “သာယာဝတီမင်းခေါင်းလောင်းတော်” တို့ဖြစ်ပါသည်။
မြို့မင်းလှ (မကွေးတိုင်းဒေသကြီး)တွင်လည်း အမှတ် (၁) ရပ်ကွက် (မြောက်ရပ်ကွက်) ရှိ မှန်ကျောင်း (ကိုးနဝင်းမဟာစည်ရိပ်သာ) ပရိဝုဏ် အတွင်း၌ မြန်မာသက္ကရာဇ် ၁၂၂၉ ခုနှစ်က “မဟာမင်းလှကျော်ထင်” လှူဒါန်းသည့်စာကြောင်းရေ ၁၃ ကြောင်းပါသော သက်တမ်းအားဖြင့် ၁၅၄ နှစ်ရှိပြီဖြစ်သည့် “တူရိ” ဘွဲ့အမည်ရ ကြေးခေါင်းလောင်းတော် ရှိပါသည်။
ခေါင်းလောင်းစာတွင် မှတ်တမ်းတင်ထား
ခေါင်းလောင်းစာအရ မြို့ဝန်မဟာမင်းလှကျော်ထင်သည် သက္ကရာဇ် ၁၂၂၈ ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် ၇ ရက်နေ့တွင် ဗိုလ်ချုပ်ရာထူးခန့်ထားခံရပြီးနောက် ၁၂၂၉ ခုနှစ် တော်သလင်းလဆန်း ၁ ရက် ကြာသပတေးနေ့တွင် မြတ်စွာဘုရားအား ရည်မှတ်၍ ခေါင်းလောင်းတော်နှင့်တကွ ဓာတ်တော်မွေတော် ရုပ်ပွားတော်မြတ် အားလှူဒါန်းသည်ဟု ရေးထိုးထားပါသည်။ ခေါင်းလောင်းစာတွင် အလှူပြုပုံ၊ ဆုတောင်းပုံ၊ အမျှဝေပုံတို့ကို အဆင့်လိုက်စနစ်တကျ မှတ်တမ်းတင်ထားကြောင်း တွေ့ရှိရသည်။ ခေါင်းလောင်းတော်၏ အတိုင်းအတာမှာ -
(၁) ခေါင်းလောင်းသက်သက်အမြင့် = ၂၄ လက်မခန့်
(၂) ထိပ်ဝအကျယ်ပတ်လည် = ၆၀ လက်မခန့်
(၃) ခေါင်းလောင်းအချင်း = ၁၈ လက်မခန့်
(၄) ကြေးသားအထူ (ဒု) = ၂ လက်မခန့်
(၅) ခေါင်းလောင်းကိုချိတ်ဆွဲထား = ၁၈ လက်မခန့်
သည့်ကြေးကွင်း(ပေါင်းကိုင်း)နှင့်
ကြေးခြင်္သေ့ရုပ်၊ တိုးနယားရုပ်တို့၏အမြင့်
ရှိပါသည်။ ယခုအခါ ခေါင်းလောင်းအား အချင်းသုံးလက်မရှိသော သံပိုက်တွင် ချိတ်ဆွဲထားပြီး မူလအုတ်တိုင်ကိုငုံ၍ မွမ်းမံထားသော ဘေးအုတ်တိုင်နှစ်တိုင်မှာ တစ်တိုင်လျှင် အမြင့်ခုနစ်ပေခန့် တိုင်လုံး ပတ် ၁၉ လက်မပတ်လည်ရှိပါသည်။ ၎င်းတိုင်နှစ်လုံး၏ အကွာအဝေး မှာ လေးပေခန့်ဖြစ်ပါသည်။
ဆရာဟန်ဝင်းအောင် (PIC) ၏ လေ့လာတွေ့ရှိချက်အရ အလှူရှင်မှာ မကွေး၊ မြင်ကွန်း (၂) မြို့အတွက် အမတ်စာရေးကြီးအဖြစ် မင်းတုန်းမင်းနှင့် သီပေါမင်းလက်ထက်တွင် အမှုထမ်းခဲ့ကြောင်း၊ အမတ်မှတစ်ဆင့် ဝန်ထောက်ဖြစ်လာကြောင်း၊ ရာထူးအမည်အပြည့် အစုံမှာ “မြေတိုင်းဝန်ထောက်မင်း မဟာမင်းလှကျော်ထင်၊ မြင်ကွန်း၊ မကွေး (၂) မြို့ဝန်” ဖြစ်ကြောင်း၊ မဟာမင်းလှကျော်ထင်၏အထက် တွင် မကွေးမင်းဦးကြာဥ၊ မကွေးမင်းကြီး ဦးမောင်ကို၊ ဦးအောင် (မဟာမင်းလှမင်းခေါင်) တို့ရှိကြောင်း၊ မကွေးမင်းကြီး ဦးအောင် ရာထူးကျမှသာ (၂)မြို့ဝန်အမတ် စာရေးကြီးအဖြစ်မှ ဝန်ထောက်ဖြစ် လာကာ ၁၉၀၇ ခုနှစ်တွင် ကွယ်လွန်ကြောင်း သိရပါသည်။
အလှူရှင်လှူဒါန်းသော “ရွှေသာလျောင်းရုပ်ပွားတော်” မှာ ၁၈ ပေနှင့် ရှစ်လက်မခန့် အရှည်ရှိပြီး တောင်ဘက်အရပ်သို့ ဦးခေါင်းပြု ထားပါသည်။ ဦးခေါင်းတော်အား ထောက်မထားသည့် ရုပ်ပွားတော်၏ လက်ယာလက်တံတောင်မှ ဦးခေါင်းတော်အထိ လေးပေနှင့် နှစ်လက်မ ခန့် မြင့်ပါသည်။ ဘယ်ဘက်ပခုံးတော်မှ သလွန်ကြမ်းပြင်ထိ လေးပေ ခန့် မြင့်ပါသည်။ ၁၃၆၈ ခုနှစ် နယုန်လပြည့်ကျော် ၁၅ ရက် (၁၀-၆-၂၀၀၆) ရက်နေ့က ကမ္ဘာ့သာသနာပြုအပ်ချည်မျှင်ဆရာတော်က ရုပ်ပွားတော်အား မွမ်းမံထားကြောင်း မှတ်တမ်းတွေ့ရှိရပါသည်။ အဆိုပါရုပ်ပွားတော်မြတ်မှာလည်း ထိုခေတ်ကာလ၏ “ပန်းတော့” အနုပညာလက်ရာမြောက်မှုကို ဖော်ညွှန်းပြသနေပါသည်။
မင်းလှခံတပ်မှာ မြန်မာသက္ကရာဇ် ၁၂၂၂-၁၂၂၃ (ခရစ်နှစ် ၁၈၆၀-၁၈၆၁)က စတင်တည်ဆောက်ခဲ့ပြီး ၁၂၂၅ ခုနှစ်တွင် ပြီးစီးခဲ့သည် ဖြစ်ရာ သမိုင်းဝင် မင်းလှခံတပ် (အင်္ဂလိပ်-မြန်မာတတိယကျူးကျော် စစ်တွင် အသုံးပြုခဲ့)၊ ကြေးနန်းရုံနှင့် စစ်သူကြီးမဟာဗန္ဓုလ အရိုးအိုး စေတီတို့ကို ရှေးဟောင်းသုတေသနဌာနက ထိန်းသိမ်းစောင့်ရှောက် ထားသကဲ့သို့ ယခုခေါင်းလောင်းနှင့် ရွှေသာလျောင်းရုပ်ပွားတော်မြတ် ကိုလည်း မပျက်စီးစေရန် တစ်နည်းနည်းဖြင့် နိုင်ငံတော်က ထိန်းသိမ်း စောင့်ရှောက်သင့်ပါကြောင်း တင်ပြလိုက်ရပေသည်။ ။
ကိုးကား။ အခြေပြမြန်မာ့နိုင်ငံရေးသမိုင်း (ဒုတိယတွဲ၊ ဒုတိယပိုင်း)
- Log in to post comments