ရေနံအပေါ်  မှီခိုအားထားနေရသည့် ဆော်ဒီအာရေဗျနိုင်ငံ၏ ကာဗွန်ထုတ်လုပ်မှု သုညအထိ လျှော့ချနိုင်ရေး  ကြေညာချက်အပေါ် မေးခွန်းများ ထွက်ပေါ်လာ

Type
00

 

 

ကေကေစိုး

 

ရေနံအပေါ် မှီခိုအားထားနေရသည့် ဆော်ဒီအာရေဗျနိုင်ငံမှာ ၂၀၆၀ ပြည့်နှစ်ရောက်လျှင် ကာဗွန်ထုတ်လုပ်မှုကို  သုညအထိရောက်အောင် လျှော့ချသွားမည်ဟု အောက်တိုဘာ ၂၄  ရက်က  ပြောကြားခဲ့ရာ အဆိုပါကိစ္စနှင့် ပတ်သက်ပြီးမေးခွန်းများ ထွက်ပေါ်လာသည်။ 
ဝေဖန်မှုများထွက်ပေါ်လာ 
ကမ္ဘာပေါ်တွင် ထိပ်တန်းရေနံထုတ်လုပ်သည့်   နိုင်ငံဖြစ်သည့် ဆော်ဒီအာရေဗျနိုင်ငံသည် ကာဗွန်ထုတ်လုပ်မှုကို   လျှော့ချမည်ဟု ကတိပြုထားသော်လည်း ရေနံထုတ်လုပ်မှုပမာဏကို   တိုးမြှင့်ရန်  စီစဉ်ထားရာ  ယင်းအပေါ်   ဝေဖန်မှုများ  ထွက်ပေါ်လာသည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေး အဖွဲ့အစည်းဖြစ်သည့် Greenpeace သည် ဆော်ဒီနိုင်ငံ၏ ကြေညာမှုနှင့်    ပတ်သက်ပြီး သံသယများ ထွက်ပေါ်လာသည်။ 
စွပ်စွဲခဲ့ 
လာမည့်သီတင်းပတ်အတွင်း   ဂလက်စကိုမြို့တွင်   ပြုလုပ်မည့်  COP26  ရာသီဥတုပြောင်းလဲမှုညီလာခံတွင် ဆော်ဒီနိုင်ငံအပေါ် ဝေဖန်မှု များ လမ်းကြောင်းပြောင်းသွားစေရေးအတွက်   ယခုလို   ကြေညာခဲ့ ခြင်းဖြစ်သည်ဟု    စောင့်ကြည့်ရေးအဖွဲ့က    စွပ်စွဲခဲ့သည်။  ကမ္ဘာကြီး ပူနွေးလာမှုကို  လျှော့ချရန်အတွက်  တစ်ကမ္ဘာလုံးဆိုင်ရာ သတိပေးမှု များ    များပြားလာချိန်   ရာစုနှစ်အလယ်သို့ရောက်လျှင်    ကာဗွန် ထုတ်လုပ်မှုကို သုညအထိရောက်အောင် လမ်းကြောင်းပေါ်သို့  ဆွဲခေါ် နိုင်ရေးရည်မှန်းကာ    COP26 ကို ကျင်းပရခြင်းဖြစ်သည်။  
မေးခွန်းထုတ် 
ဆော်ဒီနိုင်ငံက ရေနံထုတ်လုပ်ရေးတိုးမြှင့်ရေးအတွက် ပြင်ဆင် နေရာ ယင်းအချိန်တွင် ကာဗွန်ထုတ်လုပ်မှုကို    သုညရာခိုင်နှုန်းအထိ ရောက်အောင် လုပ်ဆောင်မည်ဟု ကြေညာခဲ့သည့်အတွက် အဆိုပါ ကြေညာမှု၏လေးနက်မှုကို မေးခွန်းထုတ်ကြောင်း Greenpeace မှ စည်းရုံးရေးမန်နေဂျာ  အာမက်အယ်လ်ဒရူဘီက  ပြောသည်။ ဆော်ဒီ ပိုင်ရေနံကုမ္ပဏီအရမ်ကိုသည်  ၂၀၂၇ ခုနှစ်အရောက်တွင် တစ်နေ့လျှင် ရေနံစည်ပေါင်း ၁၂ သန်းမှ ၁၃ သန်းအထိ တိုးမြှင့်ထုတ်လုပ်သွားမည်ဟု ယခုလအတွင်း  ကြေညာခဲ့သည်။ 
ဗျူဟာတစ်ခုဟုသာမြင်မိ 
ထို့ကြောင့် ကာဗွန်ထုတ်လုပ်မှု သုညအထိ ရောက်အောင် လျှော့ချ မည်ဆိုသည့်ဆော်ဒီနိုင်ငံ၏ ကြေညာချက်မှာ COP26 အစည်းအဝေး တွင် နိုင်ငံရေးဖိအားပေးမှုများမှ  သက်သာရာရစေရေးအတွက် ဗျူဟာ တစ်ခုဟုသာ မြင်မိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
တွန်းအားကြီးကြီးပေးရန်လိုအပ် 
အပြည်ပြည်ဆိုင်ရာလေ့လာရေးနှင့်     မဟာဗျူဟာစင်တာမှ အကြီးတန်းဝန်ထမ်းတစ်ဦးဖြစ်သူ ဘန်ချေလ်က  ဆော်ဒီနိုင်ငံအနေ ဖြင့်     ကာဗွန်ထုတ်လုပ်မှုလျှော့ချရေးနှင့်      စွမ်းအင်လုံလောက်မှုတို့ အတွက် တွန်းအားကြီးကြီးပေးရန် လိုအပ်သည်ဟုလည်း ပြောကြား ခဲ့သည်။ 
ဆော်ဒီနိုင်ငံသည် မီသိန်းထုတ်လုပ်မှုကို လျှော့ချရန် တစ်ကမ္ဘာလုံး ဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွင်လည်း ပါဝင်သွားမည်ဟု ပြောကြား ခဲ့သည်။    မီသိန်းထုတ်လုပ်မှုကို ၂၀၃၀ ပြည့်နှစ်အရောက်တွင် ၃၀ ရာခိုင်နှုန်းလျှော့ချနိုင်ရေးအတွက် ကြိုးစားသွားမည်ဖြစ်ပြီး  ၂၀၅၀ ပြည့်နှစ်အရောက်တွင် သုညရာခိုင်နှုန်းအထိ လျှော့ချသွားနိုင်ရေး ကြိုးပမ်းသွားမည်ဟု အရမ်ကိုကုမ္ပဏီက ပြောသည်။ 
မျှတနေရမည် 
နိုင်ငံပေါင်း ၁၃၀ ကျော်မှာ ရာစုနှစ်အလယ်သို့ရောက်လျှင် ဖန်လုံ အိမ်ဓာတ်ငွေ့ထုတ်လုပ်မှုကို သုညရာခိုင်နှုန်းအထိ လျှော့ချနိုင်ရေး အတွက် စဉ်းစားနေကြသည်ဟု ကုလသမဂ္ဂက ပြောသည်။ သက်ရှိများ နေထိုင်လို့ရသည့်  ရာသီဥတုဖြစ်ရန်အတွက်  ရည်မှန်းချက်ထားကာလုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပြောသည်။  ကာဗွန်ထုတ်လုပ်မှုနှင့် ကာဗွန်စုပ်ယူမှုတို့မှာလည်း မျှတနေရမည်ဖြစ်သည်။ 
ကတိပြုချက်ကို ပြောကြားခဲ့
ဆော်ဒီနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ရေနံအဓိက ထုတ်လုပ် ရာနိုင်ငံဖြစ်သော  ယူအေအီးနိုင်ငံက ၂၀၅၀  ပြည့်နှစ်ရောက်လျှင် ကာဗွန်ထုတ်လုပ်မှုမှာ မျှတမှုရှိရန် ရည်ရွယ်ထားကြောင်း ကြေညာ ခဲ့ပြီးနောက် ဆော်ဒီအာရေဗျနိုင်ငံ၏ ကြေညာချက်  ထွက်ပေါ်လာခဲ့ ခြင်းဖြစ်သည်။ ရေနံအဓိက တင်ပို့သည့်နိုင်ငံဖြစ်သည့် ဘာရိန်းနိုင်ငံ သည်လည်း ဆော်ဒီနိုင်ငံကဲ့သို့ အလားတူ ကတိပြုချက်ကို ပြောကြား ခဲ့သည်။ ရေနံထုတ်လုပ်သူများအသင်းတွင် ဆော်ဒီနိုင်ငံသည် အဓိက ရေနံစိမ်းထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး ရေချိုရရှိရေးနှင့် စွမ်းအင် လိုအပ် ချက်တို့အတွက်‌  ရေနံနှင့် ဓာတ်ငွေ့ထုတ်လုပ်မှုကို  အကြီးအကျယ် လုပ်ဆောင်နေသည်။ 
ရေနံအပေါ် မှီခိုရမှု အဆုံးသတ်နိုင်ရေးကြိုးပမ်းမည် 
လူဦးရေ ၃၄  သန်းရှိသည့်  ဆော်ဒီနိုင်ငံအတွင်း  တစ်နှစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှုမှာ  တန်ချိန်သန်းပေါင်း ၆၀၀ ရှိသည်။ ယင်းပမာဏသည် လူဦးရေ ၆၇ သန်းရှိသည့် ပြင်သစ်နိုင်ငံထက် ကျော်လွန်ကာ   လူဦးရေ ၈၃ သန်းရှိသည့်   ဂျာမနီနိုင်ငံထက်လည်း အနည်းငယ်လျော့နည်းသည်။
အိမ်ရှေ့မင်းသား  မိုဟာမက်ဘင်ဆယ်မန်သည် ၂၀၁၆ ခုနှစ် ကလည်း ၂၀၃၀  ပြည့်နှစ်အတွက် ၎င်း၏ ဦးတည်ချက်ကို ပြောကြား ခဲ့ဖူးသည်။ ရေနံအပေါ်  မှီခိုနေရသည့် စီးပွားရေးကို  အဆုံးသတ်နိုင်ရေး ကြိုးပမ်းသွားမည်ဟု   ပြောကြားခဲ့သည်။ 
ရည်မှန်းထား 
သို့သော်လည်း   ရေနံစိမ်းဈေးနှုန်းများ    ကျဆင်းလာခြင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ရိုက်ခတ်မှုများကြောင့် အဆိုပါ ရည်မှန်းချက်မှာ ရှုပ်ထွေးမှုများရှိနေခဲ့သည်။ တိုင်းပြည်၏ ပို့ကုန်တန်ဖိုး ၇၀ ရာခိုင်နှုန်း ကျော်မှာ  ရေနံပင်ဖြစ်နေဆဲဖြစ်သည်။ ဟိုက်ဒရိုဂျင်အပါအဝင် အခြား သော  စွမ်းအင်ကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံသွားရန် အစီအစဉ် ရှိသည်ဟု ဆော်ဒီနိုင်ငံက ပြောသည်။ 
၂၀၃၀ ပြည့်နှစ်ရောက်လျှင် နှစ်စဉ်ကာဗွန်ထုတ်လုပ်မှုကို တန်ချိန် ၂၇၈ သန်းအထိ လျှော့ချနိုင်ရေးရည်မှန်းထားသည်ဟုလည်း ဆော်ဒီ အိမ်ရှေ့မင်းသားက ပြောသည်။ လာမည့်ဆယ်စုနှစ်များတွင် သစ်ပင်  သန်း ၄၅၀ ကျော်ကို ကနဦးအဆင့်အဖြစ် စိုက်ပျိုးသွားမည်ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။       ။ 
ကိုးကား - အေအက်ဖ်ပီ