ကျွန်တော်လွမ်းမိသော ငြိမ်းချမ်းရေးပုံရိပ်များ (ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)

Type

 မြင့်စိုး (န.တ.လ)
=========

နမ့်ဆန်သို့ ဝေဟင်ခရီး        အချိန်ကား ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၈ ရက်  လားရှိုးလေဆိပ်မှနေ၍    အားယူ ရုန်းထလာသော   ရဟတ်ယာဉ်သည် အနောက်တောင်   ယွန်းယွန်းဆီသို့ ဦးတည်လျက်၊   ခရီးစဉ်၏ရည်မှန်းချက် အဆုံးကတော့     ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ   နမ့်ဆန်မြို့လေးပဲ ဖြစ်သည်။ ပျံသန်းချိန် ၂၅ မိနစ်စွန်းစွန်း မျှသာ။    ပြည်ထောင်စုဝန်ကြီးများ၏ ခရီးစဉ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကျွန်တော် လိုက်ပါခွင့်ရခဲ့ခြင်းဖြစ်သည်။    ၁၉၉၁ ခုနှစ်က        တပ်မတော်သားဘဝဖြင့် ကျွန်တော်ခြေချခဲ့ဖူးသော     နမ့်ဆန်၊ PSLA    အဖွဲ့နှင့်အတူ    ငြိမ်းချမ်းရေး ပန်းခင်းတစ်ခုကို   ကျွန်တော်တို့   ပြုစု ပျိုးထောင်ခဲ့ဖူးသောနမ့်ဆန်၊     ၂၂  နှစ် တည်းဟူသော   အချိန်ကာလယန္တရား ကြီးက    ကျွန်တော်ချစ်သော   နမ့်ဆန် ဒေသ၏မြင်ကွင်းများကို    မပီဝိုးတဝါး ဖြစ်စေခဲ့ပြီ။        ဝေဟင်မှကြည့်ရသော အခြေအနေကြောင့်လည်း   ဖြစ်တန်ရာ ၏။ ကျွန်တော်၏ရှေ့ခုံမှာ ထိုင်နေသော ရှမ်းပြည်နယ်အစိုးရအဖွဲ့     လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး  ဦးစိုင်းနော်ခမ်း က    ကိုယ်တိုင်   ဓာတ်ပုံတဖျပ်ဖျပ်ရိုက် နေရင်း    ကျွန်တော့်စိတ်ကို     ခန့်မှန်း နားလည်နေဘိအလား။   “ဒါက    လီလု တံတားဗျ၊   ရှေ့မှာမြင်နေရတာက    ၂၁  မိုင်    ဟိုမှာမြင်နေရတာ    လွယ်ဆိုင် တောင်မ ” စသဖြင့် စိတ်ရှည်လက်ရှည် ရှင်းပြသည်။ ဪ…. သူက လမ်းပန်း ဝန်ကြီးပေမို့    ဘယ်ကကြည့်ကြည့် မှတ်မိနေပါလိမ့်မည်။ 


ဦးစိုင်းနော်ခမ်း ညွှန်ပြသမျှနေရာများ ကို   ၁၉၉၁    ခုနှစ်အတွင်းက    အားလုံး ရောက်ဖူးခဲ့ပါသည်။   လီလုချောင်းကူး တံတားမရှိသေး၊       ကူးတို့ဖောင်ဖြင့် ဖြတ်ကြရသည်။   လူတွေက    သပ်သပ်၊ ကားတွေက  သပ်သပ်   လူးလာခေါက်တုံ့ ကူးကြရသည်။   ထိုနေရာမှ   နမ့်ဆန်အထိ တောက်လျှောက်အတက်လမ်း၊ ကွင်းကျယ် ကွင်းပြန့်အလွန်နည်းပါသည်။  လွယ်ဆိုင် တောင်မ ဆိုသည်ကလည်း  နမ့်ဆန်ဒေသ ၏    အထင်ကရ  နတ်သစ်ရွက်    (ခ) လက်ဖက်သမိုင်းကြောင်းကို     လှစ်ဟ ညွှန်းဖွဲ့ထားသောနေရာ။ 


ပျားရည်မဆမ်းသောတန့်ယန်း


အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အမှတ် (၁)  လှုပ်ရှားစစ်ဗျူဟာ   (တန့်ယန်း)    သို့   စစ်ဦးစီးမှူး   (တတိယတန်း)    အဖြစ် ပြောင်းရွှေ့        တာဝန်ထမ်းဆောင်ရပြီး မကြာမီမှာ လက်ထပ်ခွင့်တင်ရန် ရန်ကုန် ကို အပြေးအလွှားဆင်းခဲ့သည်။   သူငယ် ချင်းများ၏အကူအညီဖြင့်   ရသမျှအချိန် လေးမှာ       အကျဉ်းချုံးလက်ထပ်ပြီး ဇနီးသည်ကို   တန့်ယန်းသို့   ခေါ်ခဲ့သည်။ သူ့ခမျာ  တန့်ယန်းမြို့ဆိုတာ   အဝိုင်းလား၊ လေးထောင့်လားပင် မသိရှာဘဲ ကျွန်တော့် မျက်နှာ တစ်ရွာမက    တစ်ကမ္ဘာထင်၍ သေတ္တာတစ်လုံးရွက်လျက်  လိုက်ပါလာခဲ့ သည်။  ပြင်ဦးလွင်ကို   ခဏတက်လည်၊ ထိုမှလားရှိုးသို့    ရထားစီး၊    လားရှိုးမှ တန့်ယန်းခရီးစဉ်ကိုမူ     ကုန်တင်ကား တစ်စီး၏ခေါင်းခန်းမှ    လိုက်ပါခဲ့သည်။ ၁၉၈၉ ခုနှစ် ကုန်ခါနီးအချိန်မှာ တန့်ယန်း/ မိုင်းရယ် ဒေသတစ်ခွင်က  အေးချမ်းခဲ့ပြီ၊ ဒါကြောင့် ကုန်တင်ကားဖြင့်   သွားရဲခြင်း ဖြစ်၏။   (ထိုဒေသများရှိ    ငြိမ်းချမ်းရေး အဖွဲ့များအကြောင်းကို   သီးခြားရေးသား တင်ပြပါမည်။)


တန့်ယန်းသို့ရောက်ပြီး  ရက်သတ္တပတ် မျှမကြာမီ    စစ်ဆင်ရေးညွှန်ကြားချက် ဝင်လာပါတော့သည်။ အမှတ်(၁) လှုပ်ရှား စစ်ဗျူဟာတစ်ဖွဲ့လုံး     တန့်ယန်းမြို့မှ ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ဆန်မြို့သို့ ပြောင်းရွှေ့၍     စစ်ဆင်ရေးကွပ်ကဲရန် ဖြစ်သည်။ ကွပ်ကဲမှုအောက်တွင် တပ်ရင်း လေးရင်းပါဝင်မည်။   တပ်ရင်းလေးရင်း ပါဝင်သော်ငြားလည်း   မပါဝင်ရ၊    မခေါ် သွားရသည်မှာ  စစ်ဗျူဟာ   မိသားစုဝင် ဇနီး၊   သားသမီးများဖြစ်သည်။   နေရေး၊ ထိုင်ရေး  အုပ်ချုပ်မှုကိစ္စ   အဆင်မပြေ၍ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး  စောဘိုးသာ၏ ဇနီးအပါအဝင်    မည်သူမျှ    နမ့်ဆန်သို့ မလိုက်ရတော့ပါ။   ကျွန်တော်၏    ပူပူ နွေးနွေးလက်ထပ်ပြီးခါစ   ဇနီးသည်ကို ရန်ကုန်       လမ်းကြောင်းတူသူများနှင့် ပြန်ထည့်ပေးလိုက်ရသည်။   တစ်ပတ် မပြည့်မီမှာပင်  မိဘအိမ်သို့    ငိုယိုပြီး ပြန်သွားရသဖြင့် ကျွန်တော်နှင့် သူမ၏ တန့်ယန်းခရီးစဉ်သည်  ပျားရည်ဝေးလို့ သကြားရည်လေးသော်မျှ  ဆမ်းခွင့်မရ သော ခရီးတစ်ခုပါပေ။


ရွှေဖီရနံ့သင်းခဲ့သည်


၁၉၉၁   ခုနှစ်   ဖေဖော်ဝါရီလမှစ၍ စစ်ဗျူဟာတစ်ခုနှင့် တပ်ရင်းကြီးလေး ရင်း သွင်းထားမှတော့ ပလောင်နယ်မြေ နမ့်ဆန်၊   မန်တုံဒေသတွေမှာ    တိုက်ပွဲ ဖြစ်စဉ်များ   မရှိမဟုတ်၊   ရှိခဲ့သည်။ သို့သော်  ပလောင်ဒေသသည်    ဘုရား ကျောင်းကန်       စေတီပုထိုးများစွာနှင့် ဘာသာသာသနာကို     အထွတ်အမြတ် ထားသောဒေသဖြစ်၍ပဲလား၊ သို့တည်း မဟုတ် နမ့်ဆန် မြို့မကျောင်းဆရာတော် ကြီးအမှူးပြုသည့်      သံဃာတော် အရှင်သူမြတ်တို့၏        အရိပ်အာဝါသ မေတ္တာတော်ကို ခံယူရရှိနေကြလို့ပဲလား တော့မသိ၊  တပ်နှင့် PSLA အဖွဲ့တို့ကြား တိုက်ပွဲကြီးများမဖြစ်ခဲ့။ လေယာဉ်ပစ် ကူ၊ လက်နက်ကြီးပစ်ကူဟူ၍ ဝေလာ ဝေး၊ အမှန်အတိုင်းပြောရလျှင် ကျွန်တော် တို့ရှိနေစဉ်အခိုက်   ပလောင်ဒေသမှာ  ယမ်းခိုးယမ်းနံ့တွေ ဝေခြင်းထက်   ရွှေဖီ ရနံ့က ပို၍သင်းခဲ့သည်။  နမ့်ဆန်သည်          လက်ဖက်မြို့တော်၊ မြို့အဖျားရှိ    ဇယန်း ကြီးရပ်ကွက်က ဇယန်းလက်ဖက်သည်    နိုင်ငံကျော်။ ကျွန်တော်တို့ စစ်ဗျူဟာနှင့် တပ်ရင်းများ  လီလုချောင်းကို   စတင် ဖြတ်ကူးသည့်အချိန်လေးမှာပင် ဒွေးနှင့် ထက်ထက်မိုးဦးကြော်ငြာက  ခေါင်းထဲ သို့ အလိုလိုရောက်လာသည်။   ပင်ပျို ရွက်နုစားကြည့်ပါ ……. .နတ်သုဒ္ဓါပမာ ….. မြန်မာဆန်ဆန်အရသာ …ဟဟ။    ထိုစဉ်ကတော့ ချစ်စရာကောင်းသော ထက်ထက်မိုးဦး၏ ...ဟာဟ.. အမူအရာ လေးထဲမှာ    ကြာရှည်မနစ်မျောနိုင်၊ PSLA   အဖွဲ့နှင့်    ဘယ်လိုနှစ်ပါးသွား ရမည်ကို မသိသေးသောကြောင့် ရွှေဖီ ရနံ့များကိုလည်း  မရှူရှိုက်အားသေးပါ။    

   
O စာမျက်နှာ ၁၈ မှ


များမကြာမီ နမ့်ဆန်မှာ အသားကျ၍ ဒေသခံတိုင်းရင်းသားများနှင့်   ရင်းနှီး ချစ်ခင်မှုရလာသည်နှင့်အမျှ လက်ဖက် နှင့်ပတ်သက်သည့်    တရုတ်ဒဏ္ဍာရီ တစ်ပုဒ်ကိုလည်းကောင်း၊   လွယ်ဆိုင် တောင်မမှ   လက်ဖက်သမိုင်းကြောင်း တို့ကိုလည်းကောင်း        ကြားသိခွင့်ရခဲ့ သည်။ ဒေသအတွင်းမှာတော့   ရာသီ အလိုက် လက်ဖက်ခြောက်မျိုးလောက် ထွက်ကြောင်း၊  ပထမတစ်မျိုးမှာ   ရွှေဖီ အွိုင့်နမ့်ဟုခေါ်သော  နှင်းတက်ခြောက်၊ ရေချိုခြောက်ဖြစ်သည်။  ဒုတိယတစ်မျိုး မှာ   သင်္ကြန်မတိုင်မီခူးရသော    ရွှေဖီဦး၊ တတိယတစ်မျိုးမှာ        သင်္ကြန်ကျပြီး ထပ်၍ထွက်သည့်  ရိုးရိုးရွှေဖီတို့ဖြစ်ကြ သည်။   နောက်တစ်မျိုးမှာ    မိုးကျခါနီး ခူးရသော         ခါးကန့်ခြောက်ဖြစ်သည်။ ရွှေဖီချိန်မှာ မခူးဖြစ်ပါက ခါးကန့်ခြောက် ကို    မရနိုင်တော့ပေ။    ပဉ္စမတစ်မျိုးမှာ မိုးဦးကျတွင်ခူးရသော   ခါးဝှပ်ဆိုသော အမျိုးအစား၊   နောက်ဆုံး   ဆဋ္ဌမအမျိုး အစားကတော့ မိုးတွင်းမှာ ခူးကြရသည့် ခါးနွိုင်းဖြစ်သည်။     ရွှေဖီဦးသည်သာ အကောင်းဆုံး     နတ်သစ်ရွက်တစ်ပါး ဖြစ်ခဲ့၏။

ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုများ
ရှေးဦးစွာ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဘိုးသာနှင့်          တာဝန်ရှိသူများက နမ့်ဆန်မြို့မ      ဆရာတော်ကြီးထံမှ ဩဝါဒခံယူခဲ့သည်။  ဒေသခံပြည်သူများ အပေါ်   မေတ္တာ၊    ကရုဏာရှေ့ထား၍ ကူညီစောင့်ရှောက်ပေးရန်   မိန့်ကြားပါ သည်။   နမ့်ဆန်ဒေသ၏အသက်သည် လက်ဖက်ဖြစ်၏။  မြစ်ဝကျွန်းပေါ်ဒေသ တွင် ကျွန်တော်တို့ မူလတန်း၊ အလယ် တန်းကျောင်းသားအရွယ်၌    ဖြတ်   (၄) ဖြတ်စစ်ဆင်ရေးဖြင့် ဗကပအမြစ်ဖြတ် ခဲ့သည်ကို    သတိရလိုက်မိ၏။    ယခု နမ့်ဆန်ဒေသမှာ ဖြတ် (၄) ဖြတ် မလုပ် သော်ငြားလည်း၊          မြေပြင်တပ်များ ဝင်ရောက်နေမှုကြောင့်   လက်ဖက်ခင်း များရှိရာသို့သွားရန်   မဝံ့မရဲဖြစ်လာကြ သည်။ လက်ဖက်ခူးရာသီတွေ ကျော်လွန် ကုန်မှာစိုးရသည်။   ဒါကဒေသခံပြည်သူ လူထု၏အခက်အခဲ။ 
ဒုတိယအချက်မှာ    အခြေအနေနှင့် အချိန်အခါဖြစ်သည်။   ၁၉၈၉   ခုနှစ်ထဲ တွင် ကိုးကန့်၊ ‘‘ဝ”၊   မိုင်းလား   အထူး ဒေသ (၄)၊  SSA၊ NDA အဖွဲ့များ တရား ဥပဒေဘောင်အတွင်း    ဝင်ရောက်ခဲ့ကြ ပြီး ယခု  ၁၉၉၁   ခုနှစ်ထဲမှာပင်    KIA တပ်မဟာ (၄) ဦးမထုနော်အဖွဲ့နှင့် PNO ပအိုဝ်း(ဖြူ)   ဦးအောင်ခမ်းထီအဖွဲ့များ ထပ်မံဝင်ရောက်လာကြသည်။ ထို့ကြောင့် ပလောင်ဒေသမှ  ရဟန်းရှင်လူအပေါင်း ကလည်း    အခြားဒေသများနည်းတူ ငြိမ်းချမ်းရေးကို    မျှော်လင့်တောင့်တ လျက်ရှိပါသည်။  ထိုစဉ်က   ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များမှာ  ဦးကျော်ရင်၊    ဆရာ ဦးကျော်ဝ၊ ဦးခွန်ပွင့်တို့ဖြစ်ကြပြီး အဓိက စွမ်းဆောင်သူကတော့ လားရှိုး ထလတ (၉) မှ ကိုသုတဆွေဖြစ်ပါသည်။   မိမိတို့စစ်ဗျူဟာနှင့်   PSLA    အဖွဲ့တို့ အကြား     အကျိုးတော်ဆောင်များမှ      တစ်ဆင့် ကြားခံဆက်သွယ်မှုများ   ရရှိခဲ့ ပြီးနောက် တပ်မတော်အစိုးရ၏ မူဝါဒ များနှင့် PSLA အဖွဲ့၏လိုလားချက်များကို         ညှိနှိုင်းဆွေးနွေးရန်   လိုအပ်လာပါသည်။ ကိုသုတဆွေသည် PSLA  အဖွဲ့ ချိန်းဆိုရာ နေရာအထိ တစ်ညအိပ်နှစ်ရက်ခရီးခန့်ကို သွားရောက်တွေ့ဆုံ  ဆွေးနွေးခဲ့သူဖြစ်ပါ သည်။ အောင်အောင်မြင်မြင် ဆွေးနွေးနိုင် ခဲ့ပါသည်။   များမကြာမီရက်ပိုင်းအတွင်း  PSLA အဖွဲ့မှ ဦးလွယ်ဆိုင် ခေါင်းဆောင် သောအဖွဲ့ နမ့်ဆန်မြို့သို့လာရောက်ကာ   စစ်ဗျူဟာမှူးနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေး ကြပါသည်။ 


တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာ


ထိုမှတစ်ဆင့်    အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်သင့်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ဆောင်ရွက်ကြရ သည်။ PSLA အဖွဲ့ခေါင်းဆောင် ဦးအိုက် မုန်း၊ ဦးညီလုံးတို့ဦးစီးသော တပ်ဖွဲ့ဝင်များ အာရမ်ကျေးရွာမှတစ်ဆင့်     နမ့်ဆန်သို့ ဝင်ရောက်နိုင်ရေး     ဘေးနံတပ်များနှင့် ညှိနှိုင်းပေးကာ    ထိုနှစ်သင်္ကြန်မတိုင်မီ ရက်အနည်းငယ်အလို၌  ဖထီးဗိုလ်မှူးကြီး စောဘိုးသာကိုယ်တိုင် သွားရောက်ကြိုဆို ခေါ်ယူခဲ့ပါသည်။ အင်အား ၂၀၀ ခန့်ဖြင့် နမ့်ဆန်သို့ ရောက်ရှိလာသော PSLA အဖွဲ့ ကို     မြို့လူထုက   သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည်။ ကာလများစွာခွဲခွာနေ ကြရသော အမိနှင့်သား၊ မောင်နှင့်နှမတို့ ဝမ်းသာဝမ်းနည်း ပွေ့ဖက်ငိုကျွေးနေကြ သည့်မြင်ကွင်းအား ယနေ့တိုင်မမေ့ခဲ့ပါ။ PSLA အဖွဲ့အားလုံး နမ့်ဆန်မြို့မကျောင်း ဆရာတော်ကြီးကို   ဦးခိုက်ဖူးမြော်ခဲ့ကြ သည်။ ထိုနှစ်   နမ့်ဆန်တွင်   ကျရောက်ခဲ့ သောသင်္ကြန်ကို  ကျွန်တော်က   ငြိမ်းချမ်း ရေးသင်္ကြန်ဟု သညာပြုခဲ့သည်။ ပလောင် တိုင်းရင်းသားသွေးချင်းများအပြင်  မိမိတို့ တပ်မတော်သားများ   PSLA   တပ်ဖွဲ့ဝင် များပါ တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြ၍ ဖြစ်သည်။ သင်္ကြန်ပွဲတော်အပြီး လားရှိုးမြို့ သို့   သွားရောက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက်   PSLA   အဖွဲ့သည် ၁၉၉၁   ခုနှစ်   ဧပြီလ  ၂၁   ရက်နေ့တွင် တရားဥပဒေဘောင်အတွင်း  ဝင်ရောက် လာခဲ့ကြသည်။ 


ပလောင်ဒေသဖွံ့ဖြိုးတိုးတက်ရေး


၁၉၈၉ ခုနှစ်တွင် နတလဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊       လုပ်ငန်းဆပ် ကော်မတီများ ဖွဲ့စည်းခြင်း၊ ၁၉၉၂ ခုနှစ် တွင်  ဝန်ကြီးဌာနဖွဲ့စည်းခြင်း၊    ၁၉၉၃ ခုနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေများ ပြဋ္ဌာန်းခြင်း  စသည်တို့ဆောင်ရွက်ခဲ့သည့် နည်းတူ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ပေးမည့်ဒေသများလည်း သတ်မှတ်ခဲ့ရာ  ထိုအထဲတွင်   ပလောင် ဒေသလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ငြိမ်းချမ်းရေး စတင်ရရှိပြီဆိုကတည်းက ဒေသခံတိုင်းရင်းသားများ နှစ်ပေါင်းများစွာ အိပ်မက်ခဲ့ရသည့်         လီလုတံတား တည်ဆောက်ပေးရေးကို ဦးစားပေးစဉ်းစား ခဲ့ကြသည်။   သီပေါ-   နမ့်ဆန်လမ်းကို ပဆငမှ   ပြုပြင်ပေးခဲ့ပြီး   လီလုတံတား (ဘေလီတံတား) ကိုပါ တည်ဆောက်ပေးခဲ့ သည်။ 


နတလက   နမ့်ဆန်-     မန်တုံလမ်း၊ မန်တုံ- မိုးမိတ်လမ်း၊ မန်တုံ-မုံးဝီးလမ်း၊ နမ္မတူ-မုံးဝီးလမ်း၊   နမ္မတူ-ဘော်တွင်း-မန်တုံလမ်း၊ လွယ်ဆိုင်-တောင်မလမ်း၊ မန်ကန်-လုံတောက်လမ်းများကို ပြုပြင် ဖောက်လုပ်ပေးခဲ့သည်။ အမှတ်အရဆုံး လုပ်ငန်းတစ်ခုမှာ ယနေ့ဖွံ့ဖြိုးတိုးတက် နေသော မန်တုံမြို့ဖြစ်လာစေဖို့အတွက် မန်တုံကျေးရွာကို      မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်အောင် တိုင်းတာတည်ဆောက်ပေး ခဲ့ခြင်းဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက် မှုအနေဖြင့် နမ့်ဆန်ဆေးရုံရရှိပြီးဖြစ်သော် လည်း   မန်တုံနှင့်    မုံးဝီးတွင်    တိုက်နယ် ဆေးရုံများ  ဖွင့်လှစ်ပေးပြီး ဆေးပေးခန်း နှစ်ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲလေးခုကိုလည်း ထပ်မံဖွင့်လှစ်ပေးခဲ့သည်။ ပညာရေးကဏ္ဍ  မြှင့်တင်ပေးရန်အတွက် ကျောင်းများဖွင့်လှစ်ပေးခဲ့ရာ  ယနေ့အချိန် တွင် အ.ထ.က နှစ်ကျောင်း၊ အ.လ.က ခြောက်ကျောင်း၊ အ.မ.က ၁၀ ကျောင်း ကို န.တ.လအစီအစဉ်ဖြင့် ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါသည်။    ပညာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့်လည်း  အခြေခံကျောင်းများ   တိုးမြှင့်ဖွင့်လှစ်ပေးခဲ့သည်။ 
ဒေသဖွံ့ဖြိုးရေး တိုးမြှင့်ဆောင်ရွက်


ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက်  အထူးဝမ်းမြောက်ဖွယ်လုပ်ငန်း တစ်ခုမှာ  နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနက နမ့်ဆန်မြို့တွင် နယ်စပ်ဒေသ တိုင်းရင်း သားလူငယ်များ      ဖွံ့ဖြိုးရေးသင်တန်း ကျောင်း   ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ ကျွန်တော်တို့ရဟတ်ယာဉ်ဖြင့် သွားခဲ့သည့်  ၂၀၁၃ ခုနှစ်တွင် ဆောက်လုပ်ဆဲဖြစ်၍   ပြည်ထောင်စုဝန်ကြီးများက   စစ်ဆေး ကြည့်ရှုပြီး  လိုအပ်သည်များ   မှာကြားခဲ့ သည်။ ထိုသင်တန်းရရှိခြင်းအပေါ် ရပ်မိ ရပ်ဖများနှင့်    ဒေသခံတိုင်းရင်းသားတို့က “တောင်ထိပ်မှာ ကြာပန်းပွင့်ခဲ့လေပြီ”ဟု တင်စားကာ   ဝမ်းသာစကားဆိုကြ၏။ ဤအကျိုးဆက်ကို ယနေ့ ပလောင်ဒေသမှ လူငယ်များ ခံစားနေရပေပြီ။ မိမဲ့၊ ဘမဲ့၊ ဆင်းရဲနွမ်းပါးကလေးငယ်များ     ဤ ကျောင်းမှာတက်ရောက်၍  တက္ကသိုလ် ဝင်တန်းအောင်သည်နှင့်   ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ       ဖွံ့ဖြိုးရေး တက္ကသိုလ် (စစ်ကိုင်း)မှ B.Ed ငါးနှစ် ပညာရေးဘွဲ့၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ    စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း)  တို့တွင် ဆက်လက်တက်ရောက်ပြီး ဝိဇ္ဇာဘွဲ့၊  သိပ္ပံ ဘွဲ့၊ AGTI ဒီပလိုမာဘွဲ့များရရှိပြီး ဝန်ကြီး ဌာနအသီးသီးတွင်     အလုပ်ခန့်ထားပေး မည်ဖြစ်သည်။ 


ယင်းလူငယ်သင်တန်းကျောင်း  မဖွင့်မီ ကာလကတည်းကပင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ တိုင်းရင်းသားလူငယ် များသည် ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ဒီဂရီ ကောလိပ်များတွင် တက်ရောက်ခွင့်ရရှိကာ ဒေသအသီးသီး၌ နိုင်ငံ့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်နေကြပြီဖြစ်သည်။ 


လမ်းများတိုးချဲ့ဖောက်လုပ်ပေး


ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း၌  ဘဏ္ဍာနှစ်အလိုက်  လမ်းများ တိုးချဲ့ဖောက်လုပ်ခြင်း၊ ကျောက်ခင်းခြင်း၊ ကတ္တရာခင်းခြင်း၊  ပြင်ထိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို စီမံဆောင်ရွက်ပေး ခဲ့သည်။   ယင်းလမ်းများမှာ     နမ့်ဆန်-ကျောက်ဖြူ-တောင်သုံးဆယ်-မန်နောက် - ပန်ရေကန်-  အုံးမတပ်-   ခွန်ဟောက်- သီပေါလမ်း (၄၀/၀)မိုင်၊ မန်တုံ- တုံးကြီး-ပန်ဇာကျော့ - မိုးမိတ်လမ်း  (၅၈/၀)မိုင်၊ မန်တုံ- ဟူတုံ-   လွယ်ခန်း  -   နမ့်ကျူး- နားအော်လေးလမ်း (၂၅/၀)မိုင်၊ မန်တုံ- အူဆက်-  ကောင်းဆုံ-   လွယ်ဆောင်- တောနေ-   နမ့်ဟိုင်းလမ်း   (၃၃/၀)မိုင်၊ မန်တုံမြို့နယ်အတွင်းရှိ   အွယ်လော-ပန်နိမ်-မာဝေါ-ဆိုင်းလိမ်လမ်း (၁၈/၀) မိုင်၊ နမ့်ဆန်မြို့နယ်အတွင်းရှိ မန်လွယ် လမ်းခွဲ-တောင်ကျော်လမ်း  (၉/၀) မိုင်၊ နမ့်လင်း - ခေးခင်-  ပန်းတောင်းလမ်း (၁၆/၂) မိုင်၊ လွယ်ကြူ-ကျောက်ဖြူလေး လမ်း (၇/၀) မိုင်၊ မန်စပ်-ရေပူစမ်းလမ်း (၅/၄) မိုင်တို့ပါဝင်သည်။ နမ့်ဆန်မြို့နယ်  ဟိုမိန်းကျေးရွာ သောက်သုံးရေရရှိရေး အတွက် ကိုးမိုင်အကွာအဝေးမှ သွယ်ယူ ပေးခြင်းလုပ်ငန်းအပြင် နမ့်ဆန်မြို့နယ် အတွင်း       ကျောက်ဖြူလေးကျေးရွာ၊ တူတောင်းကျေးရွာ၊ နာယောင်းကျေးရွာ၊ ဟင်ကြိုင်ကျေးရွာတို့အတွက် ဆိုလာမီး အစုံ ၃၆၀  ခွင့်ပြုတပ်ဆင်ပေးခဲ့သည်။ 


ပလောင်ဒေသ ဘာသာသာသနာ


ပလောင်ဒေသသည်   ဘာသာသာသနာ ထွန်းကားရာ          အရပ်ဖြစ်ကြောင်း ကျွန်တော်  စကားဦးဆိုခဲ့ပြီးဖြစ်ပါသည်။ ကျွန်တော်အငြိမ်းစားမယူမီ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ပြည်ထောင်စု ဝန်ကြီး၏    တာဝန်ပေးအပ်ချက်အရ ကိုးကန့်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ၊ ‘‘ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌများနှင့် သွားရောက်တွေ့ဆုံ ကာ   ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဆွေးနွေးညှိနှိုင်းခဲ့ဖူးသည်။   ထိုစဉ်က ပလောင်ဥက္ကဋ္ဌ        ဦးဝင်းကျော်သည် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများ   ရရှိရေး ထက်     မီးဘေးသင့်ဘုန်းတော်ကြီး ကျောင်းများ    ပြန်လည်ပြုပြင်တည် ဆောက်ရေးကို   အလေးထားပြောကြား သွားခဲ့သည်။ သူ၏ တင်ပြချက်အပေါ် ပြည်ထောင်စုဝန်ကြီးကလည်း  ခွင့်ပြု ထောက်ပံ့ပေးခဲ့ပါသည်။ ယခုဘဏ္ဍာနှစ် များအတွင်းမှာလည်း နမ့်ဆန်မြို့နယ်၌ မန်မိုင်မိန်းကွမ်း      ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်၊         မန်လုံးဘုန်းကြီး ကျောင်း ဓမ္မာရုံ၊ ပန်စရီဘုန်းကြီးကျောင်း ဆွမ်းစားဆောင်၊        ပန်နင်းကျေးရွာ ဘုန်းကြီးကျောင်းဆောင်သစ်   တို့ကို လည်းကောင်း၊ မန်တုံမြို့နယ်၌  ပန်ဆွေ အထက်ကျေးရွာ      ဘုန်းကြီးကျောင်း ဆောင်သစ်၊       မန်တုံမြို့မရပ်ကွက် အောင်မင်္ဂလာမြို့လယ်  ကျောင်းတိုက် အတွင်း   ဇေယျသုခအောင်ချမ်းသာ စေတီတော်     တည်ထားခြင်းတို့ကို လည်းကောင်း  ထောက်ပံ့လှူဒါန်းပေးခဲ့ ပါသည်။


ပလောင်ဒေသအတွက်ဆန္ဒမွန်


မိမိ၏မွေးရပ်မြေပမာ   သံယောဇဉ် ကြီးမားခဲ့ရသော   နေရာဒေသများထဲ တွင်   ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလည်း    အပါအဝင်ဖြစ်ပါသည်။ ထိုစဉ်ကာလက ငြိမ်းချမ်းရေးကို အတူ တည်ဆောက်ခဲ့ကြသည့်   တပ်မတော် အကြီးအကဲများ (ဒုတိယဗိုလ်ချုပ်ကြီး မောင်သင့်၊  ဗိုလ်မှူးကြီးစောဘိုးသာ၊ ဗိုလ်မှူးကြီးသန်းအေးတို့   အပါအဝင်)၊ တိုင်းရင်းသားခေါင်းဆောင်များ၊ အကျိုး တော်ဆောင်များထဲက      အချို့မှာ ကွယ်လွန်ခဲ့ကြပေပြီ။  ၁၉၉၁   ခုနှစ်မှ ၂၀၀၉ ခုနှစ် အချိန်လောက်ထိ တည်ငြိမ် အေးချမ်းမှု     အပြည့်အဝရရှိခဲ့သော ပလောင်ဒေသ၊ ထိုကာလကို ကျွန်တော် လွမ်းမိသည်။ ယနေ့အချိန်ကာလတွင် အကြောင်းအမျိုးမျိုးကြောင့် ယခင်က လောက်   တည်ငြိမ်အေးချမ်းမှုမရှိဟု ဆိုနိုင်သော်လည်း  နိုင်ငံတော်အစိုးရ အနေဖြင့်    ဒေသဖွံ့ဖြိုးရေးအတွက် ကြိုးစား       ဆောင်ရွက်ပေးရာတွင် ပြည်ထောင်စုကြီးအတွင်း      အေးအတူ ပူအမျှ     အကြားအလပ်မရှိ    ဖွံ့ဖြိုး တိုးတက်စေရန် မှန်ကန်သောစိတ်ရင်း စေတနာဖြင့်    ဆောင်ရွက်ပေးနေဆဲ၊ ဆောင်ရွက်ပေးနေဦးမည်သာ   ဖြစ်ပါ သည်။ ကျွန်တော်ချစ်သော ပလောင်မြေ အေးချမ်းသာယာမှုရကြပြီး   ပို၍ပို၍ ဖွံ့ဖြိုးတိုးတက်ပါစေ။        ။