ပညာမတတ်ခြင်းနှင့် ဆင်းရဲခြင်းသံသရာမှ ကြိုးပမ်းရုန်းထွက်ဖို့လို

 

လွန်ခဲ့သည့် နှစ်ပေါင်း ၃၀  ကျော်ကာလ  ၁၉၈၇  ခုနှစ်တွင် မိမိတို့နိုင်ငံသည် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု  အနည်းဆုံးနိုင်ငံများ (Least Developed Countries) စာရင်းသို့ ဝင်ရောက်ခဲ့ရသည်။ နိုင်ငံတွင် တစ်ဦးချင်း ဝင်ငွေနည်းပါးမှု၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးနိမ့်ကျမှု၊  စီးပွားရေးထိခိုက်နစ်နာလွယ်မှု   စသည့် ညွှန်းကိန်းများ နိမ့်ကျမှုများကို ကုလသမဂ္ဂသို့ တင်ပြကာ ကြွေးမြီ များ လျှော်ပစ်ရေး၊   ငွေကြေးအထောက်အပံ့များရရှိရေးတို့ကို မျှော်မှန်း၍ LDC စာရင်းဝင်နိုင်ငံအဖြစ် လျှောက်ထားဝင်ရောက် ခဲ့ရခြင်းဖြစ်သည်။ လူတစ်ယောက်အနေဖြင့်ဆိုပါက  မိမိအား လူမွဲအဖြစ် ကြေညာပေးပါရန်  တရားရုံးသို့  လျှောက်ထား၍ ဒေဝါလီခံလိုက်ရခြင်းပင်ဖြစ်သည်။ 
ယင်းဖြစ်ရပ်က မြန်မာလူမျိုးတို့၏ စိတ်နှလုံးကို ထိခိုက်စေခဲ့ သလို ထိုခေတ်ကာလတွင် တာဝန်ယူခဲ့ရသည့်အစိုးရအနေဖြင့်လည်း ယင်း၏အကျိုးဆက်ကို ခံစားခဲ့ရသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းလာနိုင်ခဲ့ ပြီးနောက်  ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံဘဝမှ လွတ်မြောက်နိုင်ရေး အတွက် ကြိုးပမ်းရုန်းကန်ခဲ့ရာ အောင်မြင်မှုတံခါးဝသို့ ရောက်ရှိခဲ့ သည်။ မိမိတစ်နိုင်ငံတည်းအနေဖြင့် တိုးတက်မှုရှိသည်ဟု ဆိုနိုင် သော်လည်း    ဒေသတွင်းနိုင်ငံများ၊   အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံသားတို့၏ ပျမ်းမျှသက်တမ်း၊ တစ်ဦး ချင်း ဝင်ငွေနှင့် ပညာရေးတို့မှာ များစွာနိမ့်ကျနေဆဲဖြစ်သည်။ ဥပမာအားဖြင့်  ထိုင်းနိုင်ငံသားတစ်ဦး၏ ပျမ်းမျှသက်တမ်း ၇၅ နှစ်ရှိချိန်တွင် မြန်မာက ၆၆ နှစ်၊ ထိုင်းက လူတစ်ဦးချင်းတစ်နှစ်လျှင် ပျမ်းမျှဝင်ငွေ  ဒေါ်လာ  ၁၃၀၀၀  ကျော်ရှိချိန်တွင်  မြန်မာက  ဒေါ်လာ  ၄၆၀၀၊ ထိုင်းလူငယ်တစ်ဦး၏ ပျမ်းမျှပညာသင်ကာလ ၁၄ နှစ် ရှိချိန်တွင် မြန်မာက ကိုးနှစ်ဖြစ်နေသည်။
မိမိတို့နိုင်ငံတွင် ပညာရေးနှင့်ပတ်သက်၍ အားနည်းလျက်ရှိ ရာ အသက် ငါးနှစ်အထက် လူဦးရေ ၄၆ ဒသမ ၄၆၃ သန်းရှိပြီး ကျောင်းလုံးဝမနေဖူးသူ  ၈ ဒသမ ၁ ရာခိုင်နှုန်း   ရှိနေသည်။ အလယ်တန်းအထိ ပညာသင်ကြားခဲ့သူ ၁၈ သန်းကျော်ရှိပြီး အထက်တန်းသို့ရောက်သည့်အခါ ခုနစ်သန်းကျော်သာ ပညာသင် ကြားကြတော့သည်။ အခြေခံပညာအဆင့်မှာပင် မူလတန်းမှ အလယ်တန်း၊    အထက်တန်းအဆင့်ဆင့်သို့    ဆက်လက် တက်ရောက်နိုင်ခြင်းမရှိဘဲ ကျောင်းထွက်သည့်နှုန်း မြင့်မားနေ ခြင်းနှင့် ကျောင်းလုံးဝမနေဖူးသူများ သိန်းနှင့်ချီ၍ များပြားနေ ခြင်းက နိုင်ငံ၏ပညာရေးအခြေအနေ နိမ့်ကျနေမှုကို ပြသလျက်ရှိ ပြီး အလေးအနက်ထားကာ  မြှင့်တင်ပေးနိုင်မှသာ    နိုင်ငံ၏ အနာဂတ်အတွက် လူ့စွမ်းအားအရင်းအမြစ်ကို ကောင်းစွာ ရရှိနိုင် မည်ဖြစ်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၁) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကား ပြောကြားရာ၌ “ပညာသင်ကြားရန်အတွက် ငွေကြေးမတတ်နိုင် သူ ၂၁ ဒသမ ၅ ရာခိုင်နှုန်း၊ မိဘအလုပ်အား ကူညီနေရသူ ၂၉ ဒသမ ၂ ရာခိုင်နှုန်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဝင်ရောက် ကူညီပေးရသူ ၇ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး စုစုပေါင်းရာခိုင်နှုန်း ၅၇ ဒသမ ၉ ရာခိုင်နှုန်းရှိကြောင်း၊ အဆိုပါကိစ္စရပ်များကို အစိုးရ အနေဖြင့်  ဝင်ရောက်ကူညီဖြေရှင်း  ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ ကျေးလက်နေပြည်သူ   ၇၀ ရာခိုင်နှုန်းသည်  နိုင်ငံ၏ စီးပွားရေးကို  အဓိကထား  ဆောင်ရွက်ပေးနေခြင်းဖြစ်သဖြင့်  ကျေးလက်နေပြည်သူများ၏ ပညာရေးကို အဓိကထား မြှင့်တင် ပေးရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
မိမိတို့နိုင်ငံ၏ အခြေခံပညာရေးမှာ အခမဲ့ပညာရေးစနစ် ဖြစ်သည့်အတွက်   မိဘများက   မိမိတို့၏သားသမီးများကို အခြေခံပညာအထက်တန်းအဆင့် ပြီးဆုံးသည်အထိ အနည်းဆုံး အားဖြင့် တွန်းအားပေးသင်ကြားစေရန် အားထုတ်ကြဖို့လိုသည်။ ပညာမသင်ကြားနိုင်ရခြင်း အကြောင်းရင်း  သုံးရပ်၏  အခြေခံ အကြောင်းတရားမှာ ဆင်းရဲနွမ်းပါးခြင်းကြောင့်ပင်ဖြစ်ပြီး ပညာ မတတ်ခြင်းနှင့် ဆင်းရဲခြင်းတို့သည်  အပြန်အလှန်  သံသရာ လည်သည့် သဘာဝရှိသည့်အတွက် ရုန်းထွက်ကြရန် လိုအပ် သည်။ တစ်ဖက်တွင်လည်း အစိုးရက ဝင်ရောက်ကူညီဖြေရှင်း ပေးခြင်းအားဖြင့် ပညာရည်မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ် များအဖြစ် မိမိတို့အတွက်ရော နိုင်ငံအတွက်ပါ စွမ်းဆောင်နိုင်သူ များ ဖြစ်ကြပါစေကြောင်း။     ။