
ရန်ကုန် အောက်တိုဘာ ၂၈
၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့် အုပ်စုမဲခွဲပွဲကို အောက်တိုဘာ ၂၈ ရက်က အွန်လိုင်းမှ တစ်ဆင့် ပြုလုပ်ခဲ့ရာ မြန်မာအသင်းသည် အုပ်စုကျပ် အတွင်း ကျရောက်ခဲ့သည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် ခြေစစ်ပွဲအောင်မြင် လာသည့် ရှစ်သင်း၊ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရသည့် လေးသင်း၊ စုစုပေါင်း ၁၂ သင်းကို မဲနှိုက်ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးအဆင့် အုပ်စုမဲခွဲမှုအရ မြန်မာ အသင်းသည် အုပ်စုကျပ်အတွင်း ကျရောက်ခဲ့ပြီး လက်ရှိချန်ပီယံ ဂျပန်အသင်း၊ အာရှအင်အားကြီး တောင်ကိုရီးယားအသင်း၊ အာဆီယံထိပ်သီး ဗီယက် နမ်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ သည်။ အုပ်စုမဲခွဲမှုအရ အုပ်စု (A) တွင် အိမ်ရှင်အိန္ဒိယ၊ တရုတ်၊ တရုတ်(တိုင်ပေ)၊ အီရန်၊ အုပ်စု (B) တွင် သြစတြေးလျ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အုပ်စု (C)တွင် ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်နှင့် မြန်မာအသင်းတို့ ပါဝင်နေသည်။ မြန်မာအမျိုးသမီး အသင်းသည် အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် ငါးကြိမ်မြောက် ယှဉ်ပြိုင်ခွင့် ရခြင်းဖြစ်ပြီး ၂၀၀၃၊ ၂၀၀၆၊ ၂၀၁၀ နှင့် ၂၀၁၄ ပြိုင်ပွဲ တို့တွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ မြန်မာအသင်း သည် တစ်အုပ်စုတည်း ကျရောက်နေသည့် အသင်း များအနက် ဂျပန်၊ တောင်ကိုရီးယားအသင်းတို့နှင့် တတိယအကြိမ်တွေ့ဆုံခြင်းဖြစ်ပြီး ဗီယက်နမ် အသင်းနှင့်မူ ပထမဆုံးတွေ့ဆုံခြင်းဖြစ်သည်။ မြန်မာအသင်းသည် ခြေစစ်ပွဲတွင် ယူအေအီး၊ လက်ဘနွန်နှင့် ဂူအမ်အသင်းတို့ကို ကျော်ဖြတ်ကာ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပမည် ဖြစ်ပြီး အုပ်စုသုံးခုမှ ပထမနှင့် ဒုတိယနေရာရ အသင်း များ၊ တတိယနေရာရ အသင်းများအနက် အကောင်း ဆုံး နှစ်သင်း၊ စုစုပေါင်းရှစ်သင်းမှာ ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်သည်။ ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမည့်အသင်းများမှာ ၂၀၂၃ ခုနှစ်တွင် သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံက ပူးတွဲအိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲ၀င်ခွင့်ရရန် မျှော်လင့်ချက်ရှိနေသည်။ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) သည် လာမည့်အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းအရေအတွက် တိုးမြှင့် ထားပြီး အိမ်ရှင်သြစတြေးလျနှင့် တိုက်ရိုက်ဝင်ခွင့်ရ ငါးသင်း၊ အခြားတိုက်များမှ အသင်းများနှင့် Play-off ကစားခွင့်ရမည့် နှစ်သင်း ယှဉ်ပြိုင်ခွင့်ပြုထားသည်။ ထို့ကြောင့် မြန်မာအသင်းသည် ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် ရည်မှန်းထားသော်လည်း အုပ်စုအနေအထားအရ ပိုမိုကြိုးစားရဖွယ်ရှိနေသည်။
ရဲရင့်လွင်