
ကျွန်းသားငမန်း
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲကာလတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတော်တော်များများ၌ ကျောင်းများပိတ်ထားခဲ့ရသည်။ ကိုဗစ်ရောဂါအန္တရာယ် ကင်းဝေးပြီး ကျောင်းများ စိတ်ချလက်ချဖွင့်လှစ်နိုင်ရန် ကျောင်းသားအရွယ်ကလေးငယ်များကို ကာကွယ်ဆေးထိုးပေးနိုင်မှုမှာ အရေးကြီးသဖြင့် နိုင်ငံတကာတွင် ကျောင်းသား အရွယ်ကလေးငယ်များကို ကာကွယ်ဆေးများ ထိုးပေးလျက်ရှိနေပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း အောက်တိုဘာလ ၁၂ ရက်မှစပြီး အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူကလေးများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး စုရပ်အသီးသီးသို့သွားပြီး ဆေးထိုးခံယူနေကြသည့် မြင်ကွင်းများကို တွေ့မြင် နေရသဖြင့် ပီတိဖြစ်ရသည်။ ကိုဗစ်-၁၉ ရောဂါဘေးကြောင့် ကျောင်းများပိတ်ထားသည်မှာ နှစ်နှစ်နီးပါးတောင် ကြာမြင့်ခဲ့လေပြီကောလား။ ကျောင်း နေပျော်ကြရမည့် ကျောင်းသားသူငယ်တို့မှာ ကျောင်းစာသင်ခန်းနှင့် ဝေးနေကြရသည်။ ကျောင်းသားငယ်တို့ စာသင်ခန်းနှင့် ဝေးနေကြသလို လူမှုဆက်ဆံရေးနှင့် လည်း ဝေးကွာသွားကြရသည်။ Stay at Home အစီအစဉ်ကြောင့် အပေါင်းအသင်းများနှင့် ဆုံတွေ့ရသည်မှာလည်း ခက်သွားကြရသည်။
အသိပညာရှိမှ အတတ်ပညာရမည်
ကျောင်းများပိတ်ထားရခြင်းမှာ ကျောင်းသား သူငယ်များအတွက်ရော နိုင်ငံတော်အတွက်ပါ နစ်နာဆုံးရှုံးရမှုတစ်ခု ဖြစ်သည်။ နိုင်ငံတစ်ခုကို တည်ဆောက်ရာတွင် အတတ်ပညာ၊ အသိပညာရှိ သောသူများကသာ ဦးဆောင်နေခြင်းဖြစ်သည်။ ထို့ကြောင့် အနာဂတ်မျိုးဆက်သစ်လူငယ်များအားပညာတတ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင် ရန်လိုအပ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁)တွင် ပညာရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် ပညာရေးနှင့်ပတ်သက်၍ အားနည်းမှု များရှိသည်ကို တွေ့ရကြောင်း ကိန်းဂဏန်းများဖြင့် ထောက်ပြပြောကြားသည်ကို တွေ့ရသည်။ လူငယ် များနှင့် ပတ်သက်၍လည်း အတန်းပညာရှိမှ အသိ ပညာရမည်၊ အသိပညာရှိမှ အတတ်ပညာရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ကိုလည်း တွေ့ရသည်။ ထို့ကြောင့် ကျောင်းသားသူငယ်များ အတန်းပညာ ရရှိ သင်ကြားနိုင်ရန်မှာ ကျောင်းများဖွင့်လှစ်ရန် အရေးကြီးလှသည်။
ကာလရှည်ကျောင်းပိတ်ခြင်းမျိုးကို စာရေးသူ တို့ ငယ်ငယ်ကလည်း ကြုံတွေ့ခံစားခဲ့ရဖူးသည်။ ထိုစဉ်က ကျောင်းများပိတ်ထားခြင်းမှာ တည်ငြိမ် အေးချမ်းရေးအကြောင်းပြချက်များဖြင့် ပိတ်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံပိုင်ကျောင်းများ ပိတ်လင့်ကစား ပြင်ပကျောင်းများ ဖွင့်လှစ်ထားသဖြင့် ငွေကြေး တတ်နိုင်သူတို့ ကျောင်းတက်မပျက်ခဲ့ကြ။ မြို့ကြီး များတွင် ကျောင်းပညာရပ်အပြင် အခြားပညာရပ် များကိုလည်း သင်ကြားနိုင်ခွင့်ရခဲ့ကြသေးသည်။ အားလပ်ချိန်များတွင် အပေါင်းအသင်းများနှင့်အပြင် ထွက်ခွင့်၊ ကစားခွင့်လည်း ရကြသည်။ စိတ်၏ လွတ်လပ်မှု၊ ကိုယ်၏ လွတ်လပ်မှုများ ရခဲ့ကြသည်။ စိတ်ဖိစီးမှုများ ယခုလောက်ခံစားရခြင်း မရှိခဲ့ကြ။ ယခုကျောင်းရက်ရှည်ပိတ်ခြင်းမှာ ကျောင်းသား များ ဆန္ဒပြ၍၊ ဒေသမအေးချမ်း၍ ကျောင်းပိတ်ခြင်း မျိုး မဟုတ်။ ယခု ကျောင်းပိတ်ရခြင်းမှာ ရောဂါ ကြောင့် ဖြစ်လေရာ မည်သို့ မျှတတ်နိုင်သည်မဟုတ်။ ရောဂါကလည်း ကူးစက်မြန်ပြီး တစ်ဦးချင်းအသိနှင့် ကာကွယ်၊ ထိန်းချုပ်ရသော ရောဂါမျိုးဖြစ်လေရာ မိမိကိုယ်ကအစ၊ မိမိပတ်ဝန်းကျင်ကအစ ရောဂါ ဖြန့်သူမဖြစ်ရအောင်၊ ရောဂါကူးစက်ခြင်း မခံရလေ အောင် ကြိုးစားထိန်းချုပ်နေရသည်။
စာရေးသူတွင် တက္ကသိုလ်တက်နေသော မြေး နှစ်ဦး၊ မူလတန်းတက်နေသော မြေးနှစ်ဦးရှိသည်။ တက္ကသိုလ်တက်နေသော မြေးနှစ်ဦးအနက် တစ်ဦး မှာ ပထမနှစ်ကျောင်းသူဖြစ်ပြီး တစ်ဦးမှာ တတိယ နှစ်ကျောင်းသူ ဖြစ်သည်။ ကိုဗစ်ကြောင့် ကျောင်းများ ပိတ်လိုက်သောအခါ စာမေးပွဲဖြေဆိုရင်းဖြင့် ရှိနေ သည်။ မူလတန်းတက်နေသော ကျောင်းသား နှစ်ဦးကတော့ ရောက်သည့်အတန်းမှာပင် ထစ်နေဆဲဖြစ်သည်။ ကျောင်းမတက်ရသဖြင့် စာ လည်း မသင်ကြရ။ အပြင်သို့လည်း မထွက်ဖြစ်ကြ သောအခါ သူတို့အားလုံးမှာ ဂိမ်းဆော့ရင်းအချိန်ကုန် နေကြသည်။ ကျောင်းမတက်ရတော့ သူငယ်ချင်း အပေါင်းအသင်းများနှင့်လည်း တွေ့ဆုံရမှုနည်းသွား သည်။ မူလတန်းကျောင်းသားနှစ်ဦးကတော့ ပြေး လွှားဆော့ကစားနိုင်ရန် အပေါင်းအဖော်သူငယ်ချင်း များနှင့် တွေ့နိုင်ခြင်း မရှိကြတော့။ တစ်နေ့တစ်နေ့ တီဗွီထိုင်ကြည့်လိုက်၊ တီဗွီဂိမ်းဆော့လိုက်ဖြင့် အချိန် ကုန်နေကြသည်။ စာရေးသူမှာ စာသင်ခန်းနှင့်ဝေး၊ ကျောင်းတက်ခွင့်မရသော မြေးများကို ကြည့်ပြီး သူတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုပေါင်းသင်း ဆက်ဆံရေးကအစ ရင်မောနေရသည်။ သူတို့သာ မဟုတ် အနာဂတ်မဲ့နေရသည့် ကျေးလက်မှ လူငယ် များအတွက်လည်း စိတ်မအေးစရာ စဉ်းစားဖြစ်ရ သေးသည်။
စာရေးသူမှာ ကျေးလက်သားတစ်ဦးဖြစ်သည်။ ၁၉၅၆ ခုနှစ် စာရေးသူတို့ကျောင်းမှ စတုတ္ထတန်း (မူလတန်း) အောင်မြင်သူ ၁၀ ဦးခန့် ရှိခဲ့သည်။ အလယ်တန်း၊ အထက်တန်းသို့ ဆက်လက်ပညာ သင်ကြားနိုင်ခဲ့သည်မှာ စာရေးသူအပါအဝင် သုံးဦးမျှ သာ ရှိခဲ့သည်။ ထိုစဉ်ကတော့ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းများမှာ မြို့ပြများတွင်သာ ရှိသဖြင့် မြို့သို့သွား၍ ပညာမသင်ကြားနိုင်ခဲ့တာ လည်းပါသည်။ ယခုတော့ ကျေးလက်များတွင်လည်း အလယ်တန်းကျောင်းများ၊ အထက်တန်းကျောင်း များ တိုးချဲ့ဖွင့်လှစ်လာနိုင်သည်ကို တွေ့ရသည်။ စာရေးသူ မူလတန်းပညာသင်ကြားခဲ့ရာ ကျောင်းမှာ လည်း ယခုအခါ အထက်တန်းကျောင်းအဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ ကျောင်းသားတို့ပညာရေး အတွက် အားရဖွယ်ဖြစ်သည်။ သို့ရာတွင် ကိုဗစ်-၁၉ ကြောင့် ကျောင်းများပိတ်လိုက်သဖြင့် ကျေးလက် သားတို့မှာလည်း မိဘတို့၏ လယ်ယာလုပ်ငန်းခွင်သို့ ဝင်ရောက်ကူညီနေကြရသည်။ ကျောင်းပြန်ဖွင့်လျှင် ပင် ကျောင်းတက်ရန် မလွယ်ကြ။ အချို့အထက် တန်း ကျောင်းသားရွယ်လူငယ်များမှာလည်း နေရပ် စွန့်ခွာသွားပြီး အလုပ်သစ်၊ အကိုင်သစ်များရှာသွား ကြသည်။ သို့ဖြင့် ကျေးလက်ပညာရေးမှာလည်း အနာဂတ်မဲ့နေသလို ဖြစ်နေချေလေပြီ။ လူငယ်များ သည် မိမိတို့ခြေလှမ်းပေါ် မိမိရပ်တည် ခြေလှမ်း နိုင်ကြရမည်။
သို့အတွက် လူငယ်များ၏ ဘဝတွင် မိမိခြေလှမ်းပေါ် မိမိရပ်တည်နိုင်ရန် အများက အသိအမှတ်ပြုဘွဲ့၊ ဒီဂရီ စသည့်အသိအမှတ်ပြု အောင်လက်မှတ်တစ်ခုရဖို့လည်း အရေးကြီးသည်။ သို့ဖြင့် တစ်နှစ်ပြီးတစ်နှစ်အသက်ကြီးလာသော သူတို့၏ အနာဂတ်အတွက်လည်း စဉ်းစားစရာများ ဖြစ်လာရသည်။ ကျောင်းမပြီးသေး၍ လုပ်ငန်းခွင် ဝင်ခွင့်မသာသော လူငယ်များ၊ အသက်ကြီးသွား၍ ကန့်သတ်အသက် မမီတော့သော လူငယ်များ၊ သူတို့၏ အနာဂတ်ရေးကား ရင်လေးဖွယ်ဖြစ် နေဘိသည်။
ကျောင်းတက်ခေါင်းလောင်းသံတို့ လွင့်ပျံ့စေချင်
တိုင်းပြည်၏ အနာဂတ်အရေးသည် ပညာရေးနှင့် ဆက်စပ်လျက်ရှိသည်။ အတန်းပညာတတ်မှ အသိ ပညာရမည်။ အသိပညာရမှ အတတ်ပညာတတ်ကြ မည်။ အသိပညာနှင့် အတတ်ပညာရှိသောသူများ ဖြင့် နိုင်ငံတော်ကို တည်ဆောက်ရမည်ဖြစ်ရာ ကျောင်းများ အမြန်ဖွင့်လှစ်နိုင်ရေးမှာ အရေးကြီးလှ ပါသည်။ ထို့ကြောင့် မြို့ပြမှသည် ကျေးလက်ဒေသ အဆုံး ကျောင်းများ ဖွင့်လှစ်နိုင်စေချင်ပါသည်။ နိုင်ငံအဝန်း ကျောင်းတက်ခေါင်းလောင်းသံတို့ လွင့်ပျံ့စေချင်ပါပြီ။
ကျောင်းများ ဖွင့်လှစ်နိုင်ဖို့အတွက် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသားသူငယ်များကို ကာကွယ်ဆေးထိုးမည်ဆိုတော့ လေလှိုင်းပေါ်မှ အဖျက်အမှောင့်သမားများက လူငယ်များအတွက် အန္တရာယ်ရှိနိုင်ကြောင်း မဟုတ်မမှန်သတင်း ဖြန့်မှု တွေ ပေါ်ထွက်လာခဲ့သေးသည်။ သို့ရာ ယင်းတို့ အားကိုးသော နိုင်ငံများတွင်ပါ ကလေးသူငယ် များကို ကျယ်ကျယ်ပြန့်ပြန့် ဆေးထိုးနေပြီဆိုတော့မှ လေလှိုင်းကအသံများ တိတ်သွားသည်။ ဒါတောင် တရုတ်နိုင်ငံဆေးမို့၊ ရုရှားနိုင်ငံဆေးမို့ မထိုးသင့် ကြောင်း ဘေးတီးပေးနေတာများ ရှိသေးသည်။ မြန်မာနိုင်ငံကား အလိမ်အညာသမား၊ လေလှိုင်း ကြားတွင် လူးလူးလိမ့်လိမ့် သွားနေရသည်။
ကာကွယ်ဆေးထိုးနိုင်ရန်လို
လောလောဆယ်အခြေအနေအရ မြန်မာနိုင်ငံ တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်းမှာ ကျဆင်းလာ နေသည်။ ကျဆင်းသည်ဆိုငြားလည်း စိတ်ချရသည့် အနေအထားကား မရှိသေး။ ဖြစ်ပွားနှုန်းမြင့်တက် သည့်နေရာတွင် မြင့်တက်နေသေးသည်။ မည်သို့ဆို စေ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်မှုမှာ ကာကွယ် ဆေးထိုးခြင်းကလည်း အထောက်အကူပြုနေသည် ဖြစ်ရာ အားလုံးလွှမ်းခြုံ၍ ကာကွယ်ဆေးထိုးနိုင်ရန် လိုသည်။ ကျောင်းသားသူငယ်များအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခြင်း လုပ်ငန်းသည် ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် အထောက် အကူဖြစ်နေသည်ဆိုခြင်းကိုလည်း ကျောင်းသား မိဘများ သိရှိကြဖို့ လိုအပ်ပါသည်။ ။
- Log in to post comments