
ရန်ကုန် အောက်တိုဘာ ၃ဝ
၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ အုပ်စု (I) ဒုတိယနေ့ကို ယနေ့ ညနေပိုင်းက ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့၌ ဆက်လက်ကျင်းပရာ မြန်မာအသင်းက တရုတ်(တိုင်ပေ)အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရ ခဲ့သည်။ ခြေစစ်ပွဲအောင်မြင်ရေး ကြိုးပမ်းနေသည့် မြန်မာ ယူ-၂၃ အသင်းသည် အဖွင့်ပွဲတွင် ရလဒ်ကောင်းရယူနိုင်ခဲ့ပြီး ဒုတိယပိုင်းသွင်းဂိုး ဖြင့် နိုင်ပွဲရယူနိုင်ခဲ့သည်။ ထို့ကြောင့် မြန်မာအသင်းသည် ခြေစစ်ပွဲ အောင်မြင်ရေးအတွက် ဗီယက်နမ်နှင့် နောက်ဆုံးပွဲမှာ အဆုံးအဖြတ် ဖြစ်လာမည်ဖြစ်သည်။
နှစ်သင်းစလုံးအတွက် အရေးပါ သည့်ပွဲဖြစ်သောကြောင့် လူစုံ ထုတ် ကစားခဲ့ပြီး ပထမပိုင်း တွင် အပြန်အလှန်တိုက်စစ်ဆင် ကစားနိုင်ခဲ့သည်။ တရုတ် (တိုင်ပေ)အသင်းသည် ဂိုးပေါက် ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့ သော်လည်း မြန်မာအသင်းက ဂိုးရနိုင်သည့် အခွင့်အရေး ပိုရခဲ့ သည်။ ၁၉ မိနစ်တွင် ဝင်းနိုင် ထွန်း အပိုင်ကန်ခွင့်ရသော်လည်း လွဲချော်သွားသလို ၂၉ မိနစ်တွင် ဝင်းနိုင်ထွန်းပင် နောက်တစ်ကြိမ် ကန်ခွင့်ရသော်လည်း တိုင်ထိ ထွက်သွားသဖြင့် ပထမပိုင်းအပြီး တွင် ဂိုးမရှိ သရေကျနေသည်။ ပထမပိုင်းတွင် ဂိုးမသွင်းနိုင်ခဲ့ သည့် မြန်မာအသင်းသည် ဒုတိယပိုင်းတွင် ကစားသမားများ အပြောင်းအလဲ ပြုလုပ်ကာ တိုက်စစ်မြင့်လာခဲ့သည်။ ၇၉ မိနစ် တွင် မြန်မာအသင်းတစ်လုံးတည်း သောအနိုင်ဂိုးရခဲ့ပြီးကောင်းမြတ်သူက သွင်းယူခဲ့ခြင်း ဖြစ်သည်။
မြန်မာအသင်းသည် အုပ်စု နောက်ဆုံးပွဲအဖြစ် နိုဝင်ဘာ ၂ ရက်တွင် ဗီယက်နမ်အသင်းနှင့် ကစားရမည်ဖြစ်သည်။ အုပ်စု (I) ဒုတိယနေ့အပြီးတွင် မြန်မာနှင့် ဗီယက်နမ်အသင်းက သုံးမှတ်စီ ရထားပြီး နှစ်ပွဲစလုံး အရေးနိမ့် ခဲ့သည့် တရုတ်(တိုင်ပေ)အသင်း မှာမူ ခြေစစ်ပွဲ အောင်မြင်ခွင့် ဆုံးရှုံးသွားပြီဖြစ်သည်။ မြန်မာ အသင်းသည် ယခုပွဲအနိုင်ရလဒ် ကြောင့် ခြေစစ်ပွဲ အောင်မြင်ရေး မျှော်လင့်ချက်ရှိလာခဲ့ပြီး ဗီယက် နမ်နှင့် အပြိုင်လုရတော့မည်ဖြစ် သည်။ မြန်မာနှင့် ဗီယက်နမ် အသင်းတို့မှာ တရုတ်(တိုင်ပေ)ကို တစ်ဂိုး- ဂိုးမရှိ ရလဒ်များဖြင့်သာ အနိုင်ရထားသဖြင့် ထိပ်တိုက် တွေ့ဆုံသည့်ပွဲတွင် အနိုင်ရသည့် အသင်းမှာ ခြေစစ်ပွဲ အောင်မြင် မည်ဖြစ်ပြီး အရေးနိမ့်သည့်အသင်း မှာ အကောင်းဆုံး ဒုတိယနေရာရ လေးသင်း စာရင်းဝင်ရန်သာ ကြိုးပမ်းရမည်ဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ-AFC