ဓာတုပစ္စည်းပေါက်ကွဲမှုအန္တရာယ် မဖြစ်မီက ကြိုတင်ကာကွယ်

 

 

 

 

လက်ဘနွန်နိုင်ငံ၏ မြို့တော် ဘေရွတ်ဆိပ်ကမ်းရှိ ကုန်လှောင်ရုံ ပေါက်ကွဲမှုကြီး ဖြစ်ပွားမှုကြောင့် လူ ၁၀၀ ကျော် သေဆုံးပြီး လူပေါင်း ၄၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ဩဂုတ်လ ၄ ရက်နေ့တွင် ဖြစ်ပွား ခဲ့သည့် အဆိုပါ ပေါက်ကွဲမှုကြီးကို နိုင်ငံတကာသတင်းများနှင့် လူမှုကွန်ရက်များ၌ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရာ လွန်စွာပြင်းထန် ပြီး လွန်စွာကြောက်မက်ဖွယ် ကောင်းလှသည်ကို တွေ့ရသည်။

လူသေဆုံးမှု များပြားသလို အပျက်အစီး ကြီးမားလှသည့် ၎င်းပေါက်ကွဲမှုကြီးက ကုန်လှောင်ရုံထဲတွင် အမိုနီယမ်နိုက်ထရိတ် ဓာတုပစ္စည်းများကို နှစ်ရှည်လများ သိုလှောင်သိမ်းဆည်းထား ရာမှ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ကြပြီး ယင်းပေါက်ကွဲမှုအတွက် မည်သူ့တွင် တာဝန်ရှိသနည်းဆိုသည့် မေးခွန်းနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့နှင့် စပ်လျဉ်းသည့်အပေါ် ရေရာသည့်အဖြေ ပေါ်ထွက်မလာသေး။

 

 

အမိုနီယမ်နိုက်ထရိတ်သည် စိုက်ပျိုးရေးတွင် အရေးပါသည့် ဓာတ်မြေဩဇာဖြစ်သကဲ့သို့ ပြင်းထန်စွာ ပေါက်ကွဲတတ်သည့် ဓာတုပစ္စည်းလည်းဖြစ်သည်။ မိမိတို့နိုင်ငံတွင် ကျောက်ခွဲလုပ်ငန်း လုပ်ကိုင်သူများက ကျောက်တောင်များကို ဖြိုရာတွင် အမိုနီယမ် နိုက်ထရိတ် ဓာတ်မြေဩဇာများကို သုံးစွဲကြသည်။ ၂၀၁၅ ခုနှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ တီယန်ကျင်းဆိပ်ကမ်းမြို့တွင် ဧရာမပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ရာ လူ ၁၀၀  ကျော် သေဆုံးခဲ့ရပြီး မီးကိုလည်း နှစ်ရက်ခန့်ကြာအောင် ငြှိမ်းသတ်ခဲ့ရသည်။

 

 

ဆိုဒီယမ်ဆိုင်ရာနိုက် ဓာတုပစ္စည်းများ သိုလှောင်ရုံမှ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့ သည့် ကိုးနှစ်ကာလ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက် နံနက် ၂ နာရီ တွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းကူးတို့ဆိပ် ရပ်ကွက် ကုန်လှောင်ရုံများ မီးလောင်ပေါက်ကွဲမှုတွင်လည်း မီးသတ်တပ်ဖွဲ့ဝင် ငါးဦးနှင့် အရပ်သား ၁၂ ဦး သေဆုံးခဲ့ကာ ၉၀ ကျော် ဒဏ်ရာရခဲ့ကြသည်။ ကုန်လှောင်ရုံဝင်းအတွင်း ကုန်လှောင်ရုံ ၄၀ ကျော်ရှိသည့်အနက် ၁၆ လုံး မီးလောင်ပျက်စီး၍ ကျန်ကုန်လှောင်ရုံ များမှာ ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့်အပြင် ဆိပ်ကမ်း၌ ကပ်ထားသည့် သင်္ဘောနှစ်စင်းပါ ပျက်စီးခဲ့သည်။ ပေါက်ကွဲမှု ဖြစ်ခဲ့သည့်အသံကို မိုင် ၅၀ ပတ်လည်မှ ကြားခဲ့ကြရသည်။

အထက်ဖော်ပြပါ မီးလောင်ပေါက်ကွဲမှုများအားလုံးမှာ ဓာတု ပစ္စည်းများ သိုလှောင်ထားရာမှ အပြင်းအထန် ပေါက်ကွဲမှုဖြစ်ပွားရခြင်း ဖြစ်သည်။ စက်ဆန်းကူးတို့ဆိပ်ရပ်ကွက် မီးလောင်ပေါက်ကွဲမှုတွင် ဆေးဝါးဖော်စပ်ရန် သိုလှောင်ထားသည့် ကန့်(ဆာလ်ဖာ)၊ ဇဝက်သာ (အမိုးနီယမ်းကလိုရိုက်ဒ်)၊ ယမ်းစိမ်း(ဆိုဒီယမ်နိုက်ထရိတ်)များ ထားရှိရာ သိုလှောင်ရုံကို မီးကူးစက်သည့်အတွက် ရေပက်ဖျန်း ငြှိမ်းသတ်စဉ် ဓာတ်ပြုမှုများဖြစ်ပေါ်ပြီး ပြင်းထန်သည့် ပေါက်ကွဲ မှုကြီး ဖြစ်ပေါ်ခဲ့ရကြောင်း ထိုစဉ်က သတင်းများ၊ ဆောင်းပါးများ တွင် သုံးသပ်ဖော်ပြခဲ့ကြသည်။

 

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ ဖြစ်သည့်အလျောက် ပြည်ပမှ ဆိုဒီယမ်နိုက်ထရိတ်အပါအဝင် ဓာတ်မြေဩဇာများ တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းများရှိသည်။ ဓာတုပစ္စည်း အမြောက်အမြားကို သိုလှောင်ခြင်း၊ အစုလိုက်အပြုံလိုက် သယ်ယူ ခြင်းတို့တွင် သာမန်နည်းလမ်းဖြင့်မရဘဲ ဓာတုပစ္စည်း၏ ဂုဏ်သတ္တိ များနှင့် ကိုက်ညီအောင် သိုလှောင်သယ်ယူမှုကို အထူးတလည် ပြုလုပ်ကြရမည်ဖြစ်သည်။ အချို့ဓာတုပစ္စည်းသည် လေနှင့်ထိ၍ မရ၊ အချို့ဓာတုပစ္စည်းသည် ရေနှင့် ထိ၍မရ၊ အချို့ဓာတုပစ္စည်းများ အပူရှိန်မြင့်၍မရ၊ အချို့ဓာတုပစ္စည်းများ ဖိအားအောက်တွင် ထား၍မရ။

 

 

ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို သယ်ယူပို့ဆောင် ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သိုလှောင်ခြင်း၊ သုံးစွဲခြင်း၊ စွန့်ပစ်ခြင်းတို့ ပြုလုပ်ရာတွင် အန္တရာယ်ကျရောက်မှုမှ ကာကွယ်ရန်၊ လျော့ပါး သက်သာစေရန်အတွက် ဥပဒေတည်ရှိပြီးဖြစ်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဓာတုပစ္စည်းများ မီးလောင်ပေါက်ကွဲ မှုအန္တရာယ်မှာ ကြီးမားပြင်းထန်လှပြီး ထိတ်လန့်ကြောက်မက် ဖွယ်ရာ အနိဋ္ဌာရုံအဖြစ်ဆိုး ပေါ်ပေါက်မလာရန်မှာ မဖြစ်မီက ကြိုတင် ကာကွယ်ကြရန်သာ ဖြစ်ပါကြောင်း။ ။