မီးရထားဖြင့် ခရီးသွားကြစေချင်သည်

Type
5

 

မြင်းမူမောင်နိုင်မိုး

 

“ကျေးဇူးပြု၍နားဆင်ပါရှင် x ကျေးဇူးပြု၍ နားဆင်ပါရှင် အမှတ် (၂) စင်္ကြံ (No 2 Platform) တွင် ရှိသော ရထားတွဲများသည် မန္တလေးသို့ နံနက် ၈ နာရီ အချိန်ထွက်ခွာပေးရမည့် အမှတ် ၁ အဆန် စာပို့ရထားတွဲများဖြစ်ပါတယ်ရှင်... ”


မြန်မာ့မီးရထား   ပြန်ကြားရေးဌာနမှ    ရထား ထွက်ချိန်  ဆိုက်ရောက်ချိန်ကို အသံလွှင့်ကြေညာ ပေးသော အမျိုးသမီး၏ ကြည်လင်ချိုမြသော အသံ လေးကို    ကြားရသည်မှာ      သာယာနာပျော်ဖွယ် ကောင်းလှ၏။ သူ၏ အသံသည် ပီသကြည်မြပြီး တည်ငြိမ်အေးချမ်းလှသည်။

 


ကျွန်တော်သည်    လွန်ခဲ့သောနှစ်ပေါင်း    ၅၀ ကျော်ကပင်      မီးရထားနှင့်   ခရီးသွားခြင်းကို အကြိမ်ကြိမ် ပြုခဲ့ဖူးသည်။ ထိုနှစ်ပေါင်း ၅၀ ကျော် ကလည်း မီးရထားဆိုက်ချိန် ရောက်ချိန် ကြေညာ သော အမျိုးသမီးတို့၏ အသံမှာ ယနေ့ကြားရသော အသံနှင့်     ဘာမျှမခြားဘဲ   အတူတူလိုပင်ဖြစ်၏။ ယနေ့ကြားရသော အမျိုးသမီး၏ အသံမှာ အသက် (၃၀) ဝန်းကျင်အရွယ်၏ အသံဖြစ်၍ လွန်ခဲ့သော နှစ်ပေါင်း (၅၀) ခန့်က အမျိုးသမီး၏ အသံမဟုတ် သည်ကတော့ သေချာ၏။

 


အမှန်မှာ ဤဌာနရှိ အသံလွှင့်ကြေညာသူများ၏  အစဉ်အဆက်ညွှန်ပြသွန်သင်ပေးမှု၊ အစဉ်အလာကို  လေးစားလိုက်နာမှုတို့ကြောင့်သာ   ဤကဲ့သို့   အသံ အားဖြင့်  ချိုမြကြည်လင်စွာ၊  အဖြတ်အတောက် မှန်ကန်စွာ၊ တည်ငြိမ်အေးချမ်းစွာ ပြောဆိုနိုင်ကြ ခြင်းဖြစ်၏။ ခေတ်စကားဖြင့်ပြောရမည် ဆိုလျှင် လုံးဝပဲမများသော အသံဖြစ်၏။

 


ဤသို့ပြောရသည်မှာ    အကြောင်းရှိပါသည်။ ယခုခေတ်တွင်    အချို့သော   ရုပ်သံလွှင့်ကြေညာ သူများ၊  အဝေးပြေးကား၊  လေယာဉ်ပျံအစရှိသော ခရီးများတွင်   ခရီးစဉ်ကြေညာသူများ၏   အသံကို နားထောင်ရသည်မှာ    အလွန်ပင်     စိတ်ကသိ ကအောက်ဖြစ်ရပါသည်။   မဝဲသင့်သည့်  နေရာဝဲ၊ မရပ်သင့်သည့် နေရာရပ်၊ မဖြတ်သင့်သည့် နေရာ ဖြတ်၍    ပလီပလာ    ဟန်မူယာတွေ     ထည့်သွင်း ပြောကြလွန်းသဖြင့် ဘာကြေညာလို့ ကြေညာမှန်း၊  ဘာပြောလိုက်လို့ပြောမှန်းပင် မသိချေ။ တစ်ခါက အဝေးပြေးကားဂိတ်တစ်ခုတွင်    အမျိုးသမီးငယ် တစ်ဦးက ယာဉ်အမှတ် ဘယ်လောက်ဖြင့် လိုက်ကြ မည့် ခရီးသည်များကို ဖိတ်ခေါ်ရာတွင် ........


“ယဉ်းအမှာ...    ဖိုအီ/     လေလေကိုတင့်ဖြင့် လိုက်ပါကြမည့်ခရီးသယ်များရှန်...” ဟု ကြားရ၏။
ယဉ်းအမှာ တဲ့။
ဖိုအီ တဲ့။


လေလေကိုတင့်တဲ့။    ဒုက္ခပဲ။       ကျွန်တော် နားမလည်ပါ။ သို့ဖြစ်၍ ကြေညာသူ အနားသို့ရောက် အောင်   လူတွေကိုတိုးဝှေ့၍   သွားမေးရတော့၏။ သည်တော့မှ    သူဆိုလိုတာကို    အမှန်အတိုင်း သိရသည်။ 
ယဉ်းအမှာဆိုတာ ယာဉ်အမှတ်လို့ပြောတာ။

 


ဖိုအီ   ဆိုတာ   (4/E  (Four E)  လို့ပြောတာ၊ လေလေကိုတင့် ဆိုတာ လေးလေးကိုးတစ် (၄၄၉၁)  ယာဉ်အမှတ် 4E ၄၄၉၁ ကို ပြောတာပါတဲ့ခင်ဗျာ။ ဒါ့ထက်ဆိုးရွားသော ပဲသံတွေ မူရာမာယာသံတွေ အများကြီး    ကြုံခဲ့ဖူးပါသည်။     စာရှည်မှာစိုး၍ မရေးလိုတော့ပါ။ အကယ်၍ ပဲမများသော အသံ၊ မူရာမာယာမများသောအသံ၊   တည်ငြိမ်အေးချမ်း သော အသံလေးများ၏ နဂိုမူလ (Oringinal) မပျက် အစဉ်အဆက်   ထိန်းသိမ်းထားသော    အသံလေး များကို ကြားလိုလျှင်တော့ ရန်ကုန်ဘူတာကြီးသို့  ကြွမြန်းပြီး မီးရထားဖြင့် ခရီးသွားကြည့်ပါလို့သာ  ဖိတ်ခေါ်ချင်တော့သည်။ 

 


ယခုရက်ပိုင်းအတွင်း  မိမိ၏  အလုပ်ကိစ္စဖြင့် ရန်ကုန်ဘူတာကြီးနားသို့     နေ့စဉ်ရောက်ပါသည်။ ကိုဗစ်ကာလ ကပ်ရောဂါဆိုးကြီးကြောင့် တိတ်ဆိတ် ခြောက်သွေ့ခဲ့ရသော      ရန်ကုန်ဘူတာကြီးသည် အတော်အသင့်  ပြန်လည်စည်ပင်စပြုနေသည်ကို တွေ့မြင်ရ၏။   မီးရထားဝန်ထမ်းများ၊   လုံခြုံရေး တာဝန်ရှိသူများ၊  ပြည်သူများ  အဆင်ပြေချောမွေ့ စွာသွားလာနိုင်ရေးအတွက် အသီးသီးမိမိတို့တာဝန်  များကို ထမ်းဆောင်နေကြသည်များကို တွေ့မြင် ရ၏။ ဝမ်းသာကြည်နူးမိပါသည်။ 

 


ကျွန်တော်သည်    ခရီးသွားလာခြင်းအမျိုးမျိုး ထဲတွင် မီးရထားဖြင့် ခရီးသွားရခြင်းကို အလွန် နှစ်သက်ပါသည်။ ၁၉၆၉ ခုနှစ်တုန်းက ဆယ်တန်း အောင်တော့     စီးပွားရေးတက္ကသိုလ်    တက်ခွင့် ရသည်။   အဖေက   ကျွန်တော့်ကို   မီးရထားဖြင့် ရန်ကုန်သို့ လိုက်ပို့ပါသည်။    အဆောင်နေခွင့်   မရ သဖြင့် ပုဇွန်တောင်ဘူတာအနီးရှိ ဘကြီးဘုန်းကြီး၏ ကျောင်း (ကျိုက်ထီးရိုးကျောင်းတိုက်) တွင် နေထိုင်  ရ၏။ အဖေ့ညီ အဖေ့အစ်ကို ဘုန်းကြီးများ ဦးဇင်း များ   အတော်များများရှိ၏။   ဦးဇင်းဦးစိန္တက   က ကျွန်တော့်ကို မြို့ပတ်ရထားစီး၍ ကျောင်းတက်ရန် အကြံပြု၏။  

 

 ထို့ကြောင့်      ပုဇွန်တောင်ဘူတာမှ လှည်းတန်းအထိစီးရသည်။ လှည်းတန်းဘူတာမှ  တောင်ငူဆောင်ရှေ့အထိ လမ်းလျှောက်။ တောင်ငူ ဆောင်မှ  Eco ကို  ကားခ ၅ ပြားပေးပြီး စီးသည်။ တစ်မှတ်တိုင်။        လှည်းတန်းအထိ   ရထားခက ပြား ၃၀၊  အသွားအပြန်  ပြား ၆၀။ နောက်တော့ လပေးလက်မှတ်ဖြင့်  စီးရာ  တစ်လမှ ၄ ကျပ်  ပြား ၇၀   ပဲ   ကုန်ကျသည်။    သို့ဖြစ်၍    တက္ကသိုလ် ကျောင်းသားဘဝ (၆) နှစ်လုံးလုံး မီးရထားသံတွေ ကြားမှ လှုပ်ရှားကျင်လည်ခဲ့ရသည်။ 

 


ကျောင်းပိတ်ရက်များတွင်          မိဘအိမ်သို့ ပြန်သောအခါမှာလည်း ရထားဖြင့်သာပြန်သည်။  မီးရထား   ခရီးလမ်းတစ်လျှောက်    ဝယ်စားရသော ထမင်းထုပ်များကို အလွန်နှစ်သက်ပါသည်။ အထူး သဖြင့် ပြွန်တန်ဆာ၊ ညောင်လေးပင်ဘူတာများမှ  ဝယ်စားရသည့် ထမင်းထုပ်များ၊ ဖက်စိမ်းရွက်ဖြင့် ထုပ်ထားသော   ထမင်းထုပ်ထဲတွင်    ကြက်သား ဟင်းရည်ကျဲလေး    ဆမ်းထားသည်။    ဟင်းဖတ် ကတော့ နှစ်ဖတ် သုံးဖတ်။ ပဲတီချဉ် (သို့) သရက်ချဉ် ပါသည်။ ပြီးတော့ ငရုတ်သီးတောင့်ကြော် နှစ်တောင့် လောက်နဲ့ မြေပဲဆန်ကြော် ပြောက်ကျိပြောက်ကျား။  ထိုထမင်းထုပ်ကို ဘယ်လိုကြိုက်မှန်းမသိ။ နှစ်ထုပ် သုံးထုပ် ဝယ်စားလေ့ရှိသည်။ 

 


မီးရထားစီးသည့်အခါ ပြတင်းတံခါးချပြီး အပြင် ရှုခင်းတွေကြည့်ရတာ    အလွန်ကြည်နူးဖို့ကောင်း သည်။ စိမ်းစိုနေသော စပါးခင်းများ။ ထိုအပေါ်မှာ ပျံဝဲနေသော    ငွေဗျိုင်းဖြူများ။    တစ်ခါတစ်ရံ လယ်ကွင်းတွေနံဘေး       စားကျက်များထဲတွင် တွေ့ရသော    ဝဝဖီးဖီးဧရာမကျွဲကြီးများ။      နွားပြာ၊ နွားညို၊ နွားနီ အစရှိသောနွားအုပ်များ။ ကဗျာရေးသူ စာရေးသူတစ်ဦးအတွက်    စိတ်အာရုံဝယ်   ကဗျာ ကာရန်အသံတွေ ထင်ဟပ်စေသော ရှုခင်းများပင် ဖြစ်၏။ 

 

တစ်ခါတုန်းက     နွေရာသီကျောင်းပိတ်ရက် အညာသို့အပြန် ရန်ကုန်-မန္တလေးရထားကြီးပေါ်မှာ ဖြစ်၏။     ကျွန်တော့်ထိုင်ခုံရှေ့တွင်   အခါလည် အရွယ်သမီးလေးနှင့် ကလေးအဖေဖြစ်ဟန်ရှိသော  အသက် ၃၀ ကျော်  အရွယ်လူငယ်တစ်ဦး လိုက်ပါ လာ၏။  ကလေးငိုတိုင်းသူ့ခမျာ  ပျာယာခတ်နေ ရှာ၏။ ကလေးရှူးပေါက်ထားသည့် အဝတ်တွေ အနှီးလဲပေးလိုက်ပြီးလျှင်     အိုအို....    အေးအေး ဆိုကာ ချော့၍သိပ်ပေးရှာ၏။ ကလေးငယ်လေးက ဖခင်ပေါင်ပေါ်မှာ     မှေးနေခိုက်      ကဗျာကာရန် လေးတွေ နိုးထလာသည်။ 

 


    သမီးလေးသူ့မိခင်
    မမြင်ရပါတကား။
    နို့ဘူးတဖျော်ဖျော်နှင့်
    အိုအေး တကြော်ကြော်နှင့်
    ဖေ့ပေါင်ပေါ်ခမျာမှေးရတယ်
    နွေးပါ့မလား။

 


တစ်ဆက်တည်းပင်  ကလေးငယ်၏   မိခင်ကို မမြင်မတွေ့ရသဖြင့် ဘယ်လိုဖြစ်တာလဲဟု မေးမိ သည်။ ကလေးအဖေလေးက မျက်နှာငယ်လေးဖြင့် ဖြေရှာသည်။     တခြားသူတစ်ယောက်    နောက် လိုက်ပြေးသွားလို့ပါတဲ့။  ဪ...  ဖြစ်မှဖြစ်ရလေ။ မေးမိသည့်အတွက် စိတ်မကောင်းဖြစ်ရသည်။

 


    ဖြစ်ရပုံဘယ်အရေးရယ်လို့
    မေးမိတော့ကာ။
    ကလေးရဲ့ မွေးမာတာ
    ဝေးရာသို့ပြေးခွာခဲ့။
    အချစ်သစ်တမင်ရှာ
    သစ္စာမဲ့စိမ်းသတဲ့။
    စလယ်ဝင်အပြင် မမဲခင်
    ကွဲခဲ့တယ်တဲ့။ 
ထိုအခိုက် ရထားပြတင်းမှ အဝေးရှုမျှော်ခင်း တွေကို ကြည့်လိုက်တော့ မြက်ခင်းပြင်ကျယ်ကြီး တွေမှာ မြူးထူးဆော့ကစားနေသော ကျွဲကြီးတွေကို တွေ့မြင်ရသည်။  ထိုအထဲတွင်  ကျွဲနှစ်ကောင်က တစ်ကောင်နှင့်   တစ်ကောင်     အားပြိုင်စမ်းသလို ခေါင်းချင်းဆိုင်ကာ ဝှေ့နေကြသည်။ သူတို့ဝှေ့သည့် နေရာမှ မြက်ပင်ကလေးတွေက နွမ်းလို့ကျေလို့။ ကဗျာ၏ နိဂုံးပိုဒ်လေးရလေပြီ။

 


    အညာပြန် ခရီးသွား
    မီးရထားကြီးပေါ်တွင်။
    ကြင်နာဖွယ်သားအဖ
    တွေ့ရလေလျှင်။
    လွင့်မျောသည့် စိတ်အစဉ်
    မရွှင်ခဲ့ပြီတကား။
    ပြတင်းမှန်ကိုကျော်လို့
    ရှုမျှော်လျှင် မြင်ပြန်ရတာက
    မိုးရေ ချိုစိုစိုဝတာမို့
    အလှရယ်ပီပီပြင်နဲ့
    ဘဝရယ် ပီပီပြင်နဲ့
    မြအသွင် မြမင်ပက်လေတဲ့
    မြမြက်ပင်များ။
တက္ကသိုလ်ကျောင်းသားဘဝမှာပင် ကိုယ်တွေ့ ကြုံခဲ့သော မီးရထားကဗျာလေးတစ်ပုဒ် ရှိသေး၏။

 


ပုဇွန်တောင်ဘူတာမှ လှည်းတန်းအထိ နေ့စဉ် ရထားစီးရတော့ ရထားစီးဖော်စီးဖက် သူငယ်ချင်း တွေ   အတော်များ၏။   Eco   တွင်    အတန်းတူ သူငယ်ချင်း မျိုးသက်ဆွေ၊ မြန်မာစာမှ ကိုချစ်ခင်၊ ကိုအောင်ကြိုင်နှင့် စက်မှုတက္ကသိုလ်မှ မောင်အောင် ဇင် မောင်အောင်ဇံအမြွှာ ညီအစ်ကိုတို့ ဖြစ်သည်။ ကြည့်မြင်တိုင်ဘူတာမှ          တက်စီးလေ့ရှိသော မြနှင်းမေကလည်း ကျွန်တော်တို့  Eco  မှပင်ဖြစ် သည်။ ကျွန်တော်တို့က သူ့အတွက် ထိုင်ခုံနေရာလေး လုပ်ပေးလေ့ရှိသည်။ သူတက်လျှင် ကျွန်တော်တို့ သူငယ်ချင်းတစ်စုကြား လွတ်သည့်နေရာမှာ ဝင်ထိုင် သည်။
ပျော်ရွှင်စွာ    စကားတွေပြောကြရင်း   မိမိတို့ သက်ဆိုင်ရာ  ကျောင်းသို့   သုတ်သုတ်ပျာပျာသွား ခဲ့ကြရသည်ကို  မမေ့နိုင်။ တတိယနှစ် နှစ်လယ် လောက်ရောက်တော့ မြနှင်းမေ ကျောင်းပျက်တာ များလာသည်။ တစ်ရက် နှစ်ရက် သုံးလေးရက်မက ကျောင်းပျက်တော့ သူငယ်ချင်းတစ်စု သူ့အတွက်  စိတ်ပူလာ၏။  နေ့စဉ်လိုလို  သူ့ကိုမျှော်ရင်း မိုးရွာ သော    တစ်နေ့မှာ   မြနှင်းမေ   အပြေးအလွှား ရောက်လာသည်။   သူ့တစ်ကိုယ်လုံး    မိုးတွေစိုနေ သည်။ ရထားပြတင်းပေါက်မှာ လာရပ်ရင်း သူက ပြောလေသည်။ အပေါ်တက်ပါလား နင့်အတွက် နေရာယူထားတယ်ဟု   ပြောတော့    မြနှင်းမေက ခေါင်းခါသည်။

 


“သူငယ်ချင်းတို့ရေ...   ငါ့အဖေက     နယ်ကို ပြောင်းရတယ်။ ငါလည်းကျောင်းဆက်မတက်တော့  ဘူး။ နင်တို့ကို လာပြီးနှုတ်ဆက်တာ”
သူ့စကားပြောပြီး   မကြာမီ   ကျွန်တော်တို့ စီးလာသော     မြို့ပတ်ရထားက       ရှေ့ခရီးကို ဆက်လေပြီ။      မြနှင်းမေလည်း    မိုးစက်ပွင့်တွေ ကြားမှာ     အပြေးကလေး   ထွက်ခွာသွားသည်ကို တွေ့မြင်ခဲ့ရသည်။ ထိုနေ့က မြနှင်းမေကို တွေ့ရ သည်မှာ  နောက်ဆုံးအကြိမ်ဖြစ်မည်ဟု  မည်သူမျှ မထင်မှတ်ခဲ့။   သို့သော်   တကယ်ပင်နောက်ဆုံး တွေ့ဆုံခြင်းဖြစ်လေသည်။   နှစ်တွေကြာညောင်း ရာသီတွေ အလီလီပြောင်းခဲ့သော်လည်း မြနှင်းမေကို ပြန်လည်၍ မတွေ့ရတော့ပြီ။  သို့သော် မိုးစက်ပွင့် တွေကြား ပြေးသွားနေသည့် သူ့ရုပ်ပုံကို ယနေ့တိုင် မမေ့နိုင်။    ထို့ကြောင့်ပင် မိုးစက်ပွင့်အလွမ်းဆိုသော ကဗျာလေးတစ်ပုဒ်   ရေးဖြစ်ခဲ့လေသည်။   ကဗျာ အဆုံးသတ်မှာ---


    “ဪ... ကြည့်မြင်တိုင်ဘူတာ၊    ရောက် သော ခါတိုင်း
    ဟိုရှာသည်ဖွေ၊ ကြည့်မိလေ၏
    မိုးရေစက်များ၊ ခြွေသည့်ကြားက
    ပြေးလွှားရောက်လာ၊ သူ့မျက်နှာကို...
    ခုခါပြန်များ၊ တွေ့မလားဟု” စသည်ဖြင့် အလွမ်းကဗျာလေးတစ်ပုဒ်ရေးခဲ့ဖူးသည်။    

 


ပြောရမည်ဆိုလျှင်တော့   မီးရထားနှင့်    ခရီး သွားရင်း ပျော်ရွှင်ရ၊ ကြည်နူးရ၊ လွမ်းဆွတ်ရသည့်  ရသအထွေထွေကို ကြုံကြိုက်ခံစားခဲ့ရဖူးလေသည်။ ကဗျာတွေ စာတွေရေးဖြစ်ခဲ့ဖူးလေသည်။ ယနေ့ တိုင် ရန်ကုန်ဘူတာကြီးဝန်းကျင်ကို စာပေလုပ်ငန်း တွေ လုပ်ကိုင်ရင်း မကြာခဏရောက်သည်။ ငယ်စဉ် ကျောင်းသားဘဝက   ပြေးပြေးလွှားလွှား   တိုးဝှေ့ စီးခဲ့ရသော     မြို့ပတ်ရထားများ   ရပ်တန့်ထားရာ Platform   (စင်္ကြံ)   များကို  အလွမ်းပြေငေးမော ကြည့်နေမိရာမှ မြန်မာ့မီးရထားပြန်ကြားရေးဌာနမှ  ရထားထွက်ခွာ   ဆိုက်ရောက်ချိန်ကို     ကြေညာ ပေးသည့် သမီးငယ်များ၏ သာယာသော အသံ ကလေးများကို ခံစားမိရာမှ မီးရထားနှင့်ပတ်သက် သည့် အတွေ့အကြုံလေးများကို ပြန်ပြောင်းသတိ ရမိ၍ ဤစာစုကို ရေးသားမိပေသည်။ တိုက်တိုက် ဆိုင်ဆိုင်ပင် ထိုနေ့ညက မြန်မာ့ရုပ်မြင်သံကြားကို  ကြည့်ရှုရင်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ  (၉)  လပြည့်  တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ မိန့်ကြားချက်ကို နားထောင်မိသည်။ မီးရထားနှင့် ခရီးသွားကြစေလိုကြောင်း ပြည်သူ  တွေ ခရီးသွားလာမှု လွယ်ကူစေရန် အဖျက်အမှောင့် လုပ်ငန်းတွေ ဘယ်လိုပဲရှိနေပါစေ ကြိုးပမ်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း မိန့်ကြားသည်။

 


ပြည်သူတွေအတွက်   မီးရထားလုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ်ဖြစ်အောင်   စီမံဆောင်ရွက် နေသည်ကို နေ့စဉ်မြင်တွေ့နေရသော ကျွန်တော့် အနေဖြင့်   လေးစားစွာထောက်ခံမိသည်။    မြန်မာ့ မီးရထားစီးသွားခြင်းဖြင့်   စက်သုံးဆီ    ချွေတာရာ ရောက်သည်။ 
မြန်မာ့မီးရထား၏ ကြိုးပမ်းအားထုတ်မှုများကို  အားပေးသောအားဖြင့် မီးရထားဖြင့် ခရီးသွားကြ စေချင်ပါသည်။