ယူသူလား ပေးသူလား

Type

 

ဇော်လေး

(၁)
လူတွေလူတွေ    တော်တော်ဆင်းရဲကြတယ်နော်။ ကမ္ဘာပေါ်မှာကော၊   ကျွန်တော်တို့နိုင်ငံမှာကော။  မိသားစုအတော်များများဟာ  လူတန်းစေ့အောင် မနေနိုင်ကြဘဲ ငတ်မွတ်ခေါင်းပါးခြင်း ဘေးဆိုးကြီး ဆိုက်ရောက်နေလို့ သေမင်းနှုတ်ခမ်းဝကျရောက်နေ ကြသူတွေ ကမ္ဘာပေါ်မှာ ၄၂ သန်းကျော်   ရှိနေပါ တယ်တဲ့။ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ညွှန်ကြားရေးမှူး ဒေးဗစ်ဘီစလေဆိုသူက CNN သတင်းဌာနကို ပြောပြလို့သိရတယ်။ အစာဆန်ရေ ပေါတဲ့မြေမို့ ကျွန်တော်တို့ တော်ပေသေး။ ကမ္ဘာ ပေါ်ရှိ လူသား သန်းလေးဆယ်ကျော်  စားစရာ  လုံးဝမရှိကြလို့   မနက်ဖြန်သန်ဘက်   သေမင်း လက်တွင်း ကျရောက်တော့မယ်ဆိုတာကြားလို့လား၊ သုံးလို့ဖြုန်းလို့ မကုန်နိုင်အောင်ကို ကြွယ်ဝချမ်းသာ နေလို့လားတော့မသိ။ အလှူဒါန စေတနာအတွက် အလှူရှင်ကို လက်ကိုင်ဖုန်းထဲက သိရတဲ့သတင်း နဲ့တင် သာဓုအကြိမ်ကြိမ်ခေါ်ပြီး ချီးမွမ်းမိပါတယ်။ ကောင်းလေစွ၊ တော်ပေစွ။

 


ကမ္ဘာကျော်သန်းကြွယ်သူဌေးတွေ များစွာထဲမှာ အချမ်းသာဆုံးပုဂ္ဂိုလ် အဲလွန်မတ်စ်  Elon Musk ဆိုသူက အမေရိကန်ဒေါ်လာသန်းခြောက်ထောင် တိတိကို ငတ်မွတ်သူ လူသားများအတွက် လှူပါမယ် လို့  ၁-၁၁-၂၀၂၁ ရက်နေ့က    ကြေညာခဲ့ပါတယ်။ Getty Image News မှာ ဖတ်ရတယ်။ အဲလွန်မတ်စ်  ဆိုတာ  အမေရိကန်ဒေါ်လာ   သန်း ထောင်ပေါင်း ၃၀၀ ချမ်းသာတဲ့  တယ်လ်ဆာနဲ့   စပေ့စ်အိပ်ဆ် (Tesla and Space X) ကုမ္ပဏီကြီးများရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ်ပါ။ အမေဇုန်ကုမ္ပဏီ CEO ဂျက်ဖ် ဘေးဇော့ (Jeff Bezos)တို့၊ ဖေ့စ်ဘွတ်ပိုင်သူ မတ်ဇူကာဘတ် (Mark Zuckerberg) တို့ထက် ပိုပြီး ချမ်းသာပါတယ်။ ဖေ့စ်ဘွတ် ဒုက္ခပေးပုံတွေကိုတော့ မပြောလိုပါ။ အဲလွန်မတ်စ်ရဲ့ ၂၀၂၀-၂၀၂၁ တစ်နှစ် တာအတွင်းရတဲ့ ဝင်ငွေသက်သက်ဟာ အမေရိကန် ဒေါ်လာ   သန်းထောင်ပေါင်း  ၁၄၀ ထက်များပါသေး တယ်တဲ့။ အံ့ဩစရာ များပြားကြီးမားလွန်းလှတဲ့ အမြတ်အစွန်းဝင်ငွေတွေပဲပေါ့။

 


ကမ္ဘာပေါ်မှာ ချမ်းသာကြွယ်ဝသူ ထောင်ပေါင်း များစွာဟာ   ရွှေငွေရတနာ   ပစ္စည်းဥစ္စာထားစရာ မရှိအောင် ချမ်းသာကြွယ်ဝနေကြတယ်။ တစ်ချိန်တည်း မှာပဲ လူသားသန်းထောင်ပေါင်း ၇၅၀၀ ကျော်အနက် ရောဂါဘေး၊ ငတ်မွတ်ဘေး၊ စစ်မက်ဘေးဒုက္ခတွေ ကြောင့် ဆင်းရဲကြီးစွာ ကြမ်းတမ်းခက်ထန်တဲ့ဘဝ တွေနဲ့ သေလုမြောပါး ခံစားနေကြရရှာတဲ့သူတွေ လည်း   ရှိနေကြတယ်။  ချမ်းသာဆင်းရဲ  ကွာခြား လွန်းလှတယ်။

 


(၂)
ဆင်းရဲတာ ဘာကြောင့်ဆင်းရဲကြသလဲ။
တစ်ဦးချင်းကြည့်ကြည့်၊ မိသားစုလိုက်ပဲကြည့် ကြည့် ယေဘုယျအချက်က ဒါတွေပါလား။ 
၁။     ပညာရေးနိမ့်ပါးတယ်။
၂။     စာမတတ်ဘူး။
၃။     စာတတ်သော်လည်း စာမဖတ်ဘူး။
၄။     အသိပညာဗဟုသုတအလွန်ခေါင်းပါး။
၅။     အခြေအနေမှန်ကိုမသိ။
၆။     သတင်းမှန်ကို မရရှိ။
၇။     စဉ်းစားဉာဏ်နိမ့်။
၈။     ယုံလွယ်။
၉။     အလုပ်အကိုင်ရှားပါး၊  ဘာမှလည်း  ဟုတ်တိ ပတ်တိ မလုပ်ကိုင်တတ်။
၁၀။ ဝင်ငွေနည်းပါး။
၁၁။ အကြွေးတင်။
၁၂။     မိသားစုကိုထောက်ပံ့ဖို့ခက်ခဲ။
၁၃။ အရင်းအနှီး နည်းပါး/ မရှိ။
၁၄။ လိမ်ညာဆွဲဆောင်လာရင်  လိုက်ပါပြီး  ရှေ့ နောက်  ဘာမှမမြော်မြင်ဘဲ၊   ခေါ်ရာလိုက်၊ ခိုင်းတာလုပ်။
၁၅။ ဘာသာတရားအဆုံးအမ  ရခဲ့တာနည်းရှာ။ လိုက်နာကျင့်သုံးမှု အားနည်း။
၁၆။ အသိဆင်းရဲ၊ စာရိတ္တဆင်းရဲ၊ ထို့ပြင် အတတ် ပညာမရှိရာ စသည်…. 


ကျောင်းမနေခဲ့ရခြင်း၊  စာမသင်ခဲ့ရခြင်း၊ စာ မတတ်ခြင်းနဲ့   စာမဖတ်ခြင်း    အရင်းခံကျဆုံး အကြောင်းရင်းတရားကနေ ပြဿနာအမျိုးမျိုးနဲ့ ကွင်းဆက် ဆိုးကျိုးဒုက္ခ နောက်ဆက်တွဲတွေဟာ ကြောက်စရာကောင်းအောင် ပြင်းထန်ဆိုးရွားလှပါ တကား။
ကျောင်းနေရမယ့်အရွယ်     ကျောင်းထားပါ။ ဘယ်လိုအတားအဆီး အခက်အခဲရှိရှိ ကျောင်းကို ပို့ပါ။    စာတတ်အောင်သင်ပေးဖို့   အားပေးပါ။ အထောက်အကူ ဝိုင်းဝန်းကြပါ။ ဒါဟာ တစ်ဦးချင်း စီရဲ့ ဘဝအတွက်လည်း အရေးကြီးတယ်။ နိုင်ငံနဲ့ လူမျိုးအတွက်လည်း အရေးကြီးတယ်။ ကမ္ဘာသူ ကမ္ဘာသား လူ့အသိုက်အဝန်းအတွက်လည်း အရေး အကြီးဆုံးပါပဲ။

 


စားစရာ ငတ်မွတ်ခြင်းထက် အသိဉာဏ်ပညာ စာတတ်မြောက်မှုမရှိခြင်းက   ပိုမိုခါးသီးပြင်းထန် ပါသေးတယ်။ မေတ္တာထားတတ်ကြပါစေ။
စာသင်ကျောင်းကို   ဗုံးခွဲ၊   ကျောင်းကို   မီးရှို့၊ ဆရာ ဆရာမတွေကို ရက်ရက်စက်စက်သတ်ဖြတ် လုပ်ဆောင်သူတွေရဲ့ အသိဉာဏ်ခေါင်းပါးမှုဟာ အံ့ဩစရာ   ရိုင်းစိုင်းယုတ်မာမှုတွေပဲ။    ဒါတွေက လူမဆန်တဲ့ အကြမ်းဖက်မှုတွေပဲ။
တိုင်းပြည်ကို  ငတ်မွတ်ဆင်းရဲခြင်းဘေးတွေက အသိပညာ ဆည်းပူးသင်ယူမှုကို ပိတ်ပင်တားဆီးနေ ကြတဲ့ ဘေးရန်မှ တားဆီးကြဖို့ဟာ ပြည်သူအားလုံး မှာ တာဝန်ရှိကြပါတယ်။
အပြုနဲ့အဖျက်က ဆန့်ကျင်ဘက်၊ တစ်လမ်းစီ သွားနေကြတယ်။
ကမ္ဘာကျော်သန်းကြွယ်သူဌေးများစွာကို သုတေ သနပြုလုပ် လေ့လာကြည့်တဲ့အခါ အောက်ပါ ၁၂ ချက်မှာ တူညီနေကြကြောင်း သိသာထင်ရှားစွာ တွေ့ရှိရပါတယ်တဲ့။ သုတေသနရလဒ်က ဖော်ပြ ချက်လေ-


၁။     ကြိုးစားလုပ်ဆောင်ရာတွင်     သူတကာထက် သာလွန်တယ်။
၂။     စည်းကမ်းနဲ့နေတတ်၊  လုပ်တတ်၊  ပြောတတ် တယ်။
၃။     ဆရာကောင်းသမားကောင်း ရှိခဲ့တယ်။
၄။     ပါရမီဖြည့်ဖက်ဇနီး ရှိခဲ့တယ်။
၅။     မိမိအလုပ်ကို ချစ်မြတ်နိုးတယ်။
၆။     လူအများနဲ့ ရိုးသားစွာဆက်ဆံတယ်။
၇။     ပြိုင်ဆိုင်လိုစိတ်ပြင်းထန်တယ်။
၈။     အခြားသူများကို ဆွဲဆောင်နိုင်တယ်။
၉။     လူအများနဲ့ လိုက်လျောညီထွေနေတတ်တယ်။
၁၀။     စည်းစနစ်အလွန်ကျတယ်။
၁၁။    အများလေးစားခံရလောက်အောင်   နေထိုင် တတ်တယ်။
၁၂။     ခေါင်းဆောင်မှုအရည်အသွေးမြင့်ကြတယ်။

 


(၃)
အောင်မြင်ကြီးပွားသူနဲ့ မအောင်မြင်မကြီးပွား တဲ့လူက ဘာကွာသလဲ။ အေးတာနဲ့ပူတာ၊ ချမ်းသာ တာနဲ့ ဆင်းရဲတာကွာတာပေါ့။
ဘယ်လိုအကြောင်းရင်းတွေကြောင့် ကွာခြား နေကြတာလဲ။ သိချင်တယ်လား။
အဓိကအခြေခံ   အကြောင်းရင်းက  ရှင်းရှင်း လင်းလင်း   ဒီနှစ်ချက်ပါပဲ။   လူသာ   ပဓာနပေါ့။ လူတစ်ဦးချင်းစီရဲ့ အရည်အသွေးဆိုပါတော့-


၁။    လုပ်ချင်ကိုင်ချင်စိတ် (Will)
    ဆန္ဒာဓိပတိ၊ စိတ္တာဓိပတိ
၂။     လုပ်တတ်ကိုင်တတ်ခြင်း (Skill)
    ဝီရိယာ ဓိပတိ၊ ဝီမံသာ ဓိပတိ
ဒီတော့  လူတွေကို   အုပ်စုခွဲကြည့်လိုက်ရင်   လုပ်ချင်ကိုင်ချင်စိတ်လည်းရှိတယ်။      ထက်သန် တက်ကြွတယ်။ လုပ်တတ်ကိုင်တတ်လည်းရှိတယ်။ လုပ်ငန်းဆိုင်ရာကို     ကောင်းစွာတတ်မြောက် ကျွမ်းကျင်မှုနဲ့ ပြည့်စုံတယ်ဆိုရင် ပထမတန်းစား အောင်မြင်နေကြတယ်။ လက်တွေ့လေ့လာကြည့် လေ။
လုပ်ချင်ကိုင်ချင်စိတ်လည်းမရှိဘူး။   ထို့ပြင် လုပ်တတ်ကိုင်တတ်လည်း မရှိဘူးဆိုတဲ့ လူတွေက အများစုပဲ။ သူတို့ဟာ ဆင်းရဲမွဲတေ။
ဘဝမှာ ဘယ်နေရာပဲနေနေ၊ ဘယ်ဘဝပဲရောက် ရောက် အထက်မှာဖော်ပြတဲ့ လုပ်ချင်ကိုင်ချင်စိတ်နဲ့ လုပ်တတ်ကိုင်တတ်ရှိသူ    တစ်ယောက်ကတော့ လမ်းဘေး ရွှံ့တော၊ ဗွက်တောထဲရောက်နေလည်း သူ့ရဲ့အရည်အသွေးကြောင့် ပတ္တမြားမှန်ရင် နွံမနစ် ပါဆိုသလို ထိုက်တန်တဲ့နေရာကိုရောက်လာမှာ မလွဲပါ။
မိမိကိုယ်ကို ဆန်းစစ်ပါ။
လုပ်ချင်ကိုင်ချင်စိတ် ဘယ်လောက်ရှိသလဲ။ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မယ်ဆိုတဲ့ စိတ္တာဓိပတိ၊ ဆန္ဒာဓိပတိ  မွေးနိုင်ရဲ့လား။   ဒါဟာ တရုတ်စာပေထဲက ဂန္ထဝင်စကားပဲ။
ဗုဒ္ဓဘာသာ နိပါတ်တော်တွေထဲမှာလည်း ဒါမျိုး ပါခဲ့ပြီးသားပါပဲ။ ဆရာမြသန်းတင့်ရဲ့ အလွန်ထင်ရှား တဲ့ ဝတ္ထုရှည်တစ်ပုဒ်ရဲ့ အမည်လည်းဟုတ်တယ်။ ပြဇာတ်၊ ဒါရိုက်တာ မြို့တော်မောင်ယဉ်အောင်ရဲ့ ထူးခြားအောင်မြင်လှတဲ့ ပြဇာတ်အမည် (ဝတ္ထုမူရင်း ဆရာမြသန်းတင့်)လည်း ဖြစ်ပါတယ်။
လုပ်တတ်ကိုင်တတ်၊  ကျွမ်းကျင်ပိုင်နိုင်တတ် မြောက်မှုရှိရဲ့လား။ ကျောင်းသင်ပညာနဲ့ အသက် မွေးဖို့ရာ မလုံလောက်သေးဘဲ ဆေးပညာ၊ ဥပဒေ ပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလက်မှုပညာ အားလုံးမှာ စာတွေ့သုတအပြင် ကိုယ်တိုင်ထိတွေ့ ကိုင်တွယ် ဖြတ်သန်းရတဲ့ မုတကိုယ်တွေ့နားလည် တတ်မြောက်ခြင်းလည်း ရှိရပါတယ်။ စာသင်ခန်း ထဲက စနစ်တကျ သင်ပြပေးလိုက်တာကို အိမ်စာ ကျေအောင် ကိုယ်တိုင်လုပ်ဆောင်ခဲ့ရတယ်။ ကွင်းဆင်း ပြီး ဖြတ်သန်းခဲ့ရမယ်။
နိုင်ငံရေးသမားလုပ်မယ်ဆိုလည်း ထောင်ကျ ဖူးရုံနဲ့ တိုင်းပြည်ကောင်းအောင် မပြုစု၊ မပျိုးထောင် နိုင်သေးပါဘူး။  လမ်းပေါ်တက်  အော်ရုံမျှနဲ့လည်း မတိုးတက်ဘူး။ လက်နက်ကိုင်၊ တောခို၊ လူသတ်၊ အကြမ်းဖက်တာနဲ့လည်း   မအောင်မြင်နိုင်ဘူး။ အမျိုးသားအကျိုးစီးပွားနဲ့ ပြည်ထောင်စုစိတ်ဓာတ်  အခြေခံနဲ့ သုတမုတ အမြော်အမြင်ရယ် လိုအပ်ပါ တယ်။ ပြည်သူက လေးစားယုံကြည်ထိုက်အောင် ခေါင်းဆောင်မှု   အရည်အသွေးကို    လက်တွေ့ မှတ်ကျောက်တင်ခံနိုင်သူတွေ ဖြစ်ရပေမယ်။

 

(၄)
နိဂုံးပိုင်းရောက်ပါပြီ။ 
ကြီးပွားတိုးတက်ခဲ့သူတိုင်းဟာ ဟောဒီနည်းနာ နိဿယတွေ ကျင့်သုံးပြီး ထိပ်တန်းသို့ တက်လှမ်းခဲ့ တာပါပဲ။ 
စာဖတ်သူအတွက် လက်ဆောင် -


၁။ စာပေလေ့လာဖတ်ရှုပါ။ နေ့စဉ်စာဖတ်ပါ။ စာပေ ထဲမှာ မိမိမသိတာတွေ ရှိနေပါတယ်။ သိမြင်နားလည် အသုံးချတတ်အောင်   ရှာဖွေဆည်းပူးပါ။  ရှာဖွေ လေလေ  တွေ့ရှိလေလေ။  နည်းသစ်၊  စနစ်သစ်၊ ထိရောက်တဲ့အတွေးအခေါ်သစ်တွေ ပေါ်နေတာကိုး။
ရပ်နေလို့မရပါ၊ ကျန်ရစ်ခဲ့မှာပေါ့။ ဖတ်နေရမှာ။ ခေါင်းဆောင်လုပ်မယ်ဆိုရင်   ပြတင်းပေါက်တွေ ကျယ်ကျယ်ဖွင့်မှ။
၂။ မိတ်ဆွေကောင်းများရှိပါစေ။ ပညာရှိများထံ ဩဝါဒခံယူပါ။ မိတ်ဆွေကောင်း၊ ကျွမ်းကျင်တတ် မြောက်သူတွေဆီက အကြံကောင်း၊ ဉာဏ်ကောင်း တွေနဲ့ စဉ်းစားပါ။ တိုင်ပင်ဆွေးနွေးရင် မတွေးမိတာ တွေ တွေးနိုင်လာတယ်။ မမြင်သေးတာတွေ မြင်လာ မယ်။    စုပေါင်းဉာဏ်စွမ်း  Synergy က  အလွန် စွမ်းအားကြီးမားတယ်။
၃။ ကျန်းမာရေးဂရုစိုက်ပါ။   လေ့ကျင့်ခန်း   မှန်မှန် လုပ်ပါ။ လမ်းပုံမှန်လျှောက်ပါ။ အစားအစာ မျှတ ပါစေ။   အအိပ်အနေမှန်ပါစေ။   စိတ်ကို ငြိမ်းချမ်း ကြည်လင်ပါစေ။
၄။ စိတ်ကောင်းထားပါ။ လူအများအတွက် ဆောင် ရွက်ပါ။ သူတစ်ပါးကို ကူညီပါ။ လူတစ်ဖက်သားကို စာနာပါ။ အားလုံးအပေါ် မေတ္တာထားပါ။ စိတ်ရှည် သည်းခံပြီး လူမှုဆက်ဆံရေးမှာ အဆင်ပြေပါစေ။
၅။ ရိုးသားပါ၊ နိုးကြားပါ၊ ကြိုးစားပါ။ ခေါင်းဆောင် ကောင်းတွေများမှ တိုင်းပြည်ကောင်းလာမှာပါ။
၆။ ရည်မှန်းချက်ရှိပါ။ မဖြစ်မနေ အကောင်အထည် ဖော်ပါ။ အောင်မြင်မှာ မလွဲပါ။
၇။ ဇွဲလုံ့လ၊ စည်းကမ်း၊ ကတိသစ္စာရှိပါ။ ခိုင်မြဲသော တန်ဖိုးများ မိမိမှာရှိနေပါစေ။
၈။ ငွေကိုစနစ်တကျသုံးပါ။ စိစစ်ပါ။
၉။ မိမိလုပ်ငန်းကို ကျွမ်းကျင်အောင် အမြဲလေ့လာပါ။ ထောင့်စေ့အောင်ရှုမြင်ပါ။    ဘာသာစုံအောင်မှ စာမေးပွဲအောင်ပါတယ်။
ပျော်ပျော်ရွှင်ရွှင်နဲ့ ချောချောမောမောအောင်မြင် စေမယ့် အချက်အလက်တွေကို တစ်ထိုင်တည်းနဲ့ ရခဲ့ပြီ။
ကိုယ်က အလှူခံသူ ဆင်းရဲမွဲတေသူ မဖြစ်ရဘဲ အလှူပေးသူ၊ ကူညီသူ၊ မျှဝေလှူဒါန်းနိုင်သူ မဖြစ်ချင် ပေဘူးလား။
ယူသူမဟုတ်ဘဲ   ပေးသူဖြစ်ပါစေ။   (ချမ်းသာ ပေးပါ၊ ဒုက္ခမပေးပါနဲ့ဗျာ)
ယူသူက ပူရတယ်လေ။
ပေးရသူက  အေးမြတယ်လေ။  ကောင်းကျိုး ချမ်းသာ မျှဝေပေးနိုင်ဖို့ရာ ကြိုးစားရမှာ။ ကြိုက်ရာ ရွေးပါ။