မိမိနိုင်ငံနှင့် သင့်လျော်သည့် ရွေးကောက်ပွဲစနစ် ကျင့်သုံးရေး

 

 

မြန်မာနိုင်ငံနှင့် သင့်လျော်ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရေးအတွက်     ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် လျက်ရှိသည်။   ကမ္ဘာ့နိုင်ငံများတွင်         ကျင့်သုံးလျက်ရှိသော ရွေးကောက်ပွဲစနစ်များတွင်  မဲများသူ  အနိုင်ရသည့်စနစ် (First Past the Post-FPTP)၊ အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation-PR)၊ တစ်စိတ်တစ်ပိုင်းအချိုးကျစနစ် (Semi-Proportional System) တို့ရှိသည့်အနက် အချိုးကျကိုယ်စားပြု စနစ် (PR) ကို အဓိကထား၍ ဆွေးနွေးနေခြင်း ဖြစ်သည်။

 


PR ကို ဒိန်းမတ်၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံ၊ ဖင်လန်စသည့်  ဥရောပနိုင်ငံများတွင် ၁၉ ရာစုခေတ်လယ်ကာလခန့်ကပင် စတင် ကျင့်သုံးခဲ့ကြခြင်းဖြစ်ပြီး မဲအများဆုံးသူ အနိုင်ယူသည့် စနစ်၏ အားနည်းချက်ကြောင့်  PR စနစ်ကို  ကျင့်သုံးခဲ့ကြခြင်းလည်း ဖြစ်သည်။ လူမျိုးစုများ၊ နိုင်ငံရေးပါတီများ အများအပြားရှိနေသည့် ပြည်ထောင်စုပုံစံ   ဖွဲ့စည်းထားသည့်   နိုင်ငံများတွင်  အချိုးကျ ကိုယ်စားပြုစနစ်က    ပို၍ဒီမိုကရေစီနည်းလမ်းကျသည်ဟု ယုံကြည်ယူဆကြခြင်းကလည်း အကြောင်းရင်းခံတစ်ရပ်ဖြစ် သည်။ မဲအများဆုံးသူ အနိုင်ယူသည့်စနစ်က လွှတ်တော်အတွင်း အနိုင်ရပါတီတစ်ခုတည်းကို  လွှမ်းမိုးသွားစေကာ ပါတီငယ်များ၊ လူမျိုးစု လူနည်းစုများ၊ တစ်သီးပုဂ္ဂလများအနေဖြင့် ဘေးရောက် သွားစေသည့် မမျှတမှုမျိုးဖြစ်ပေါ်လာစေသည်။ ဒီမိုကရေစီစနစ် အတွင်းမှာပင် အုပ်စုဖွဲ့ဗိုလ်ကျသည့် အလေ့အထ ပေါ်ပေါက်လာ စေပြီး  အာဏာရပါတီ၏  ထင်ရာစိုင်းမှုနှင့်အတူ   မဏ္ဍိုင်သုံးရပ် အတွင်း အပြန်အလှန် ထိန်းကျောင်းမှုပါ ပျက်ယွင်းလာစေသည် ကို မိမိတို့ တွေ့မြင်ခဲ့ရပြီးလည်း ဖြစ်သည်။

 


ရွေးကောက်ပွဲစနစ်တစ်ရပ်ကို ကျင့်သုံးရာတွင် နိုင်ငံ၏ မျက် မှောက်ကာလ  ပကတိအခြေအနေနှင့်  ကိုက်ညီမည့်  စနစ်ကို ကျင့်သုံးကြရမည်သာဖြစ်ပြီး စနစ်များအားလုံးတွင် အားသာ ချက်/ အားနည်းချက်များ ရှိကြသည်ကိုလည်းကောင်း၊ မိမိနိုင်ငံ နှင့်ကိုက်ညီမည့် ဒီဇိုင်းကို ရေးဆွဲကျင့်သုံးခြင်းကသာ လက်တွေ့ နှင့်  ကိုက်ညီဆီလျော်နိုင်မည်ဖြစ်သည်ကိုလည်းကောင်း နှလုံး သွင်းထားကြရမည်   ဖြစ်သည်။  ပြီးခဲ့သည့်  ၂၀၂၀   ပြည့်နှစ်‌‌ ရွေးကောက်ပွဲတွင်  နိုင်ငံရေးပါတီပေါင်း  ၈၀ ကျော်  ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ PR စနစ်ကို ကျင့်သုံးပါက နိုင်ငံရေးပါတီများ အကြား အမြင်မတူမှု၊ အကျိုးစီးပွား ရည်မှန်းချက်ချင်း ဆန့်ကျင်မှု တို့ကြောင့် နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်လာခြင်း၊ စည်းလုံး ညီညွတ်မှုကို ထိခိုက်စေခြင်းတို့ ဖြစ်ပေါ်မလာစေရန် နိုင်ငံရေး ယဉ်ကျေးမှု မြင့်မားရန်လိုအပ်မည်ဖြစ်သည်။ အထူးသဖြင့် အစိုးရ တစ်ရပ်အနေဖြင့် မူဝါဒများ ချမှတ်ခြင်း၊ လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ခြင်းတို့တွင်         လျင်မြန်သွက်လက် ထက်မြက်စွာ အကောင်အထည်မဖော်နိုင်ဘဲ နိုင်ငံရေးဖြစ်စဉ်များ နှောင့်နှေးမှုများ   ဖြစ်လာနိုင်သည်ကိုလည်း   မျှော်တွေးကာ ရွေးကောက်ပွဲစနစ်  ချမှတ်စဉ်ကပင်  ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။

 


မိမိတို့နိုင်ငံအနေဖြင့်   အတိတ်ကာလက  ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲများတွင် နိုင်သူအကုန်ယူသည့် (FPTP)စနစ်ကို    ကျင့်သုံးခဲ့ပြီးဖြစ်သလို  ၎င်းစနစ်၏  အားသာချက်၊ အားနည်းချက်တို့ကိုလည်း ကြုံတွေ့ခဲ့ကြရပြီးဖြစ်သည်။ ယခုအခါ  အချိုးကျကိုယ်စားပြုစနစ်(PR)ကို မိမိတို့နိုင်ငံနှင့် ကိုက်ညီမည့် ပုံစံဖြင့် ကျင့်သုံးသွားရန် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ စိတ်ပါဝင်စားသူ အရပ်ဘက်ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ ဆွေးနွေးခြင်း၊ စာတမ်းများ ဖတ်ကြား ခြင်းတို့   ဆောင်ရွက်နေကြခြင်းက   နိုင်ငံနှင့်     ပြည်သူတို့၏ အနာဂတ်ကောင်းကျိုးကို    ရည်မျှော်၍     ကြိုးပမ်းထမ်းဆောင် နေကြခြင်းဟု ရှုမြင်ကြရမည်ဖြစ်ပါကြောင်း။       ။