ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း(နယူးဇီလန်နိုင်ငံ)

Type
1

 

ချိန်သီး

 

နိဒါန်း


နယူးဇီလန်နိုင်ငံသည် ဩစတြေးလျတိုက်၊ ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းတွင်တည်ရှိသော ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ နိုင်ငံ၏ အဓိကကုန်းမြေဖြစ်သော ကျွန်းကြီးနှစ်ကျွန်းဖြစ်သည့် တောင်ပိုင်းကျွန်းနှင့် မြောက်ပိုင်းကျွန်းတို့ဖြင့် ဖွဲ့စည်းထားပြီး ကျွန်းငယ်များလည်း ပါဝင်ဖွဲ့စည်းထားပါသည်။ နိုင်ငံ၏အကျယ်အဝန်းမှာ ၂၆၈၀၂၁ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး စိုက်ပျိုးမြေများ၊ သစ်တောများ၊ မြစ်၊ ချောင်းများ၊ ရေခဲများဖုံးလွှမ်းနေသော မီးတောင်များ၊ ရေကန်များ၊ ပင်လယ်ကမ်းရိုးတန်းများ၊ ကျွန်းစုများပါဝင်တည်ရှိသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါသည်။ ရာသီဥတုအနေဖြင့် လုံလောက်သောနေရောင်ခြည်နှင့် လုံလောက် သော မိုးရေရရှိပြီး အပူချိန်အနေဖြင့် ဆောင်းရာသီတွင် ပျမ်းမျှ ၄ ဒီဂရီ ဆဲလ်စီးယပ်နှင့် နွေရာသီတွင် ပျမ်းမျှ ၂၃ ဒီဂရီ ဆဲလ်စီးယပ်ရှိသည်။ 

 


နယူးဇီလန်နိုင်ငံသို့ အေဒီ ၉၀၀ ဝန်းကျင်ခန့်တွင် မောအိုဝီလူမျိုးများသည် စတင်အခြေချနေထိုင်ခဲ့ကြ သည်။   မောအိုဝီလူမျိုးများမှာ   ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်းကျွန်းစုများတွင် နေထိုင်ကြသော လူမျိုးစု များဖြစ်သည်။ အေဒီ ၁၆၄၂ တွင် ဒတ်ချ် နယ်မြေသစ်  ရှာဖွေသူများ  ရောက်ရှိလာခဲ့ပြီး  နယူးဇီလန်ဟု အမည်သတ်မှတ်ခဲ့ကြပြီး လက်ရှိနိုင်ငံ၏ကုန်းမြေ တွင် မောအိုဝီလူမျိုးများနှင့် မတူကွဲပြားစွာ ယှဉ်တွဲ နေထိုင်ခဲ့ကြသည်။ 
နယူးဇီလန်နိုင်ငံတွင် လူမျိုးအနေဖြင့် ဥရောပ နွယ်ဝင်နှင့် မောအိုဝီနွယ်ဝင်များ၊ ဥရောပ-မောအိုဝီ ကပြားများနေထိုင်ကြသည်။ ဘာသာစကားအနေ ဖြင့်   အင်္ဂလိပ်နှင့်   မောအိုဝီဘာသာစကားသည် တရားဝင်ဘာသာစကား   ဖြစ်သည်။     ကိုးကွယ် ယုံကြည်မှုအနေဖြင့် နိုင်ငံအတွင်းနေထိုင်သူအများ စုမှာ ခရစ်ယာန်ဘာသာဝင်များ ဖြစ်သည်။ ၂၀၁၈ ခုနှစ် သန်းခေါင်စာရင်းအရ  နယူးဇီလန်နိုင်ငံ၏ လူဦးရေမှာ ၄၆၉၉၇၅၅ ဦးဖြစ်၍ လူဦးရေ၏ ၇၁.၈ ရာခိုင်နှုန်းမှာ   ဥရောပနွယ်ဝင်များဖြစ်ပြီး   ၁၆.၅ ရာခိုင်နှုန်းမှာ    မောအိုဝီနွယ်ဝင်များ   ဖြစ်သည်။   ကျန် ၂၄.၃ ရာခိုင်နှုန်းမှာ ပြောင်းရွှေ့နေထိုင်လာ ကြသော အာရှနွယ်ဝင်အပါအဝင် အခြားလူမျိုးနွယ် ဝင်များ  ဖြစ်သည်။  နိုင်ငံ၏ ၈၄.၁ ရာခိုင်နှုန်းမှာ မြို့နေလူတန်းစားများဖြစ်ပြီး အသက် ၅ နှစ်မှ ၁၆ နှစ်အထိ မသင်မနေရ ပညာရေးစနစ်ထားရှိသည်။ နိုင်ငံ၏စာတတ်မြောက်မှုနှုန်းမှာ ၉၉.၉ ရာခိုင်နှုန်း ဖြစ်သည်။

 


အစိုးရအုပ်ချုပ်ပုံစနစ်


နယူးဇီလန်နိုင်ငံသည် စည်းမျဉ်းခံဘုရင်စနစ်အုပ်ချုပ်သော    နိုင်ငံတစ်နိုင်ငံဖြစ်ပြီး   နိုင်ငံ၏ အုပ်ချုပ်မှုကို ဗြိတိန်နန်းတော်၏ကိုယ်စား ဘုရင်ခံမှ  အုပ်ချုပ်သည်။   ကိုလိုနီခေတ်ကာလကတည်းက ဗြိတိန်နန်းတော်၏ အုပ်ချုပ်မှုအောက်တွင် တည်ရှိ ခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ နိုင်ငံ၏ ဥပဒေ ပြုမှုအနေနှင့် အထွေထွေညီလာခံတစ်ရပ်ထားရှိပြီး အထွေထွေညီလာခံတွင် လွှတ်တော်နှင့်   ဘုရင်ခံ  ပါဝင်ဖွဲ့စည်းထားသည်။ ဗြိတိန်နန်းတော်နှင့် ဘုရင်ခံ သည်   နိုင်ငံရေးအရ   ကြားနေအနေအထားရှိ၍ လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်ပွဲများ ကျင်းပ၍ ပြည်သူများမှ သုံးနှစ်တစ်ကြိမ် ရွေးချယ် ခြင်းဖြစ်သည်။ အထွေထွေညီလာခံသည် ဥပဒေ ပြုခွင့်   အမြင့်ဆုံးအာဏာရှိသော  အဖွဲ့အစည်း ဖြစ်သည်။ နယူးဇီလန်နိုင်ငံသည် အင်္ဂလန်နိုင်ငံ၏ ဝက်စ်မင်စတာ (Westminster system) အုပ်ချုပ်မှု စနစ်ကို ကျင့်သုံးသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဝက်စ်မင်စတာ (Westminster system) ဆိုသည်မှာ အုပ်ချုပ်မှုအပိုင်းတွင် ဥပဒေပြုရေးမှအဖွဲ့များပါဝင်၍ အစိုးရကို    ဖွဲ့စည်းအုပ်ချုပ်ပြီး     အစိုးရအဖွဲ့မှ လွှတ်တော်အတွင်း  ဆွေးနွေး၍   ဥပဒေများပြုစု အုပ်ချုပ်သောစနစ် ဖြစ်သည်။ အစိုးရခေါင်းဆောင် နှင့်မတူသော မင်းခမ်းမင်းနားများအတွက် နိုင်ငံ၏ ခေါင်းဆောင်တစ်ဦး (ဥပမာ-ဘုရင်) ကို ထားရှိသော စနစ်ဖြစ်သည်။ အထွေထွေညီလာခံမှတစ်ဆင့်  ဝန်ကြီးချုပ်နှင့်   အစိုးရအဖွဲ့ဝင်    ဝန်ကြီးများကို လည်းကောင်း၊   ရှေ့နေချုပ်၏  တင်ပြချက်အရ ဘုရင်ခံမှ      တရားသူကြီးများကိုလည်းကောင်း ခန့်အပ်၍   ဥပဒေပြုရေးအာဏာ၊   အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေးအာဏာကို ခွဲဝေထားခြင်း ဖြစ်သည်။ တရားသူကြီးများ၏ အငြိမ်းစားယူရန်  အသက်အပိုင်းအခြားမှာ ၇၀ နှစ် အဖြစ် သတ်မှတ် ထားသည်။  အစိုးရအဖွဲ့ဝင်ဝန်ကြီးများတွင် ဘဏ္ဍာ ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ တရားရေးဝန်ကြီး၊ ပညာရေးဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီးများသည် ဝန်ကြီးချုပ်ပြီးလျှင် အရေးပါသောဝန်ကြီးများအဖြစ် သတ်မှတ်ကြသည်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် လွှတ်တော်ကိုယ်စားလှယ်များမှ ရွေးထုတ်ခန့်ထား ခြင်းဖြစ်ပြီး ဗြိတိန်နန်းတော်၏ အထူးတာဝန်ကို  ထမ်းဆောင်ကြသူများအဖြစ် သတ်မှတ်ထားသည်။ နယူးဇီလန်နိုင်ငံတွင်   ဘုရင်ခံနှင့်   အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဝန်ကြီးများပါဝင်၍ နိုင်ငံ၏အုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းထားသည်။ နယူးဇီလန်နိုင်ငံ တွင် တိုင်းဒေသကြီး ၁၆ တိုင်းရှိပြီး  အုပ်ချုပ်ရေး အတွက် တိုင်းဒေသကြီးကောင်စီအသီးသီး၊ ဒေသန္တရ အုပ်ချုပ်ရေးကောင်စီအသီးသီးထားရှိပြီး ကောင်စီ ဝင်များကို သုံးနှစ်တစ်ကြိမ် ရွေးကောက်ပွဲကျင်းပ ရွေးချယ်၍    အုပ်ချုပ်စေပါသည်။     အထွေထွေ ရွေးကောက်ပွဲကို သုံးနှစ်တစ်ကြိမ် ကျင်းပသော်လည်း အစိုးရအဖွဲ့၏သက်တမ်းသည် လွှတ်တော်ကိုယ်စား လှယ်အများစု၏ သဘောထားအပေါ်မူတည်၍ အချိန်ကာလကြာမြင့်ပါသည်။

 


ဥပဒေမူဘောင်သမိုင်းစဉ်အကျဉ်း


နယူးဇီလန်နိုင်ငံတွင် ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေမရှိသော်လည်း    ဖွဲ့စည်းအုပ်ချုပ်မှု ဆိုင်ရာအက်ဥပဒေများ၊ ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာအက်ဥပဒေများ ပြဋ္ဌာန်းထားရှိပြီး ပါလီမန် ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ဗြိတိသျှကိုလိုနီစနစ်မှ တဖြည်းဖြည်း ဆင့်ကဲတိုးတက်လာပြီး ကိုယ်ပိုင်ဥပဒေပြဋ္ဌာန်းခွင့် ရှိသော နိုင်ငံအဖြစ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးဖြစ်စဉ်စတင်ခြင်းအနေနှင့် ၁၈၄၀ ပြည့်နှစ် တွင်   ဗြိတိသျှအစိုးရမှ  နယူးဇီလန်နိုင်ငံအတွင်း နေထိုင်သူများအနေနှင့်   ဥပဒေကျင့်သုံးမှုဖွံ့ဖြိုး စေရန်၊      တစ်နိုင်ငံလုံးအတိုင်းအတာလွှမ်းခြုံ၍ နေထိုင်သူများကိုစနစ်တကျ  စီမံအုပ်ချုပ်နိုင်ရန် ရည်ရွယ်၍   နိုင်ငံအတွင်းရှိ    နေထိုင်ပြီးနှင့်သော ဒေသခံ      မောအိုဝီလူမျိုးစုခေါင်းဆောင်များနှင့် ဝေတန်ဂီမြို့တွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ စာချုပ်တွင် နိုင်ငံအဝန်းရှိ မောအိုဝီခေါင်းဆောင်  ၅၀၀ ကျော်က လက်မှတ်ရေးထိုးခဲ့ပြီး နယူးဇီလန် သမိုင်းတွင် ဝေတန်ဂီစာချုပ်ဟူ၍ ခေါ်တွင်ခဲ့သည်။ စာချုပ်ပါအချက်အလက်များမှာ (၁)မောအိုဝီလူမျိုးစု ခေါင်းဆောင်အသီးသီး၏ လုပ်ပိုင်ခွင့်များကို ဗြိတိန် ဘုရင်မထံလွှဲပြောင်းပေးခြင်း၊    (၂) ဗြိတိန်ဘုရင်မ အနေနှင့်   မောအိုဝီလူမျိုးတို့    ပိုင်ဆိုင်ရှိနှင့်သော  မြေယာ၊ ပစ္စည်းများ ပိုင်ဆိုင်မှုနှင့်  မောအိုဝီလူမျိုး တို့၏ အခွင့်အရေးကို အာမခံပေးခြင်းများ ပါရှိပါ သည်။ ၁၈၅၂ တွင် ဗြိတိသျှလွှတ်တော်မှ ဖွဲ့စည်း အုပ်ချုပ်ပုံအက်ဥပဒေကို စတင်ပြဋ္ဌာန်းခဲ့ပြီး ပါလီမန် ဒီမိုကရေစီ ကိုယ်စားပြုစနစ်ဖြင့် အုပ်ချုပ်မှုပုံစံကို စတင်အကောင်အထည်ဖော်ခဲ့သည်။ ၁၈၅၂ ဖွဲ့စည်း အုပ်ချုပ်ပုံအက်ဥပဒေအရ      အထွေထွေညီလာခံ တစ်ရပ်ကို ဘုရင်ခံ၊ ဥပဒေပြုကောင်စီ၊ လွှတ်တော် ဖြင့်   ဖွဲ့စည်းထားရှိခဲ့သည်။    ထိုခေတ်ထိုအခါက လွှတ်တော်ကိုယ်စားလှယ်များကို ငါးနှစ်တစ်ကြိမ်  ရွေးကောက်ပွဲများကျင်းပ၍ ရွေးချယ်ခဲ့ပြီး ဒေသခံ တိုင်းရင်းသားများဖြစ်သော   မောအိုဝီလူမျိုးများ အတွက် ကိုယ်စားပြုလွှတ်တော်မဲဆန္ဒနယ် (၄) ခု အတွက် လွှတ်တော်ကိုယ်စားလှယ် (၄) ဦးကိုလည်း လွှတ်တော်တွင် ထည့်သွင်းဖွဲ့စည်းခဲ့သည်။

 


၁၈၉၃ ခုနှစ်တွင် နယူးဇီလန်နိုင်ငံ၏ အထွေ ထွေညီလာခံမှ ပထမဆုံးရွေးကောက်ပွဲအက်ဥပဒေ ကို ပြဋ္ဌာန်းခဲ့ပြီး အဆိုပါအက်ဥပဒေအရ အမျိုးသမီး များလည်း    မဲပေးခွင့်ရရှိခဲ့သည်။    ထို့ကြောင့် နယူးဇီလန်နိုင်ငံသည် ကမ္ဘာပေါ်တွင် အမျိုးသမီးများ  ရွေးကောက်ပွဲဆန္ဒမဲပေးခွင့်ရရှိသော ပထမဦးဆုံး နိုင်ငံ ဖြစ်သည်။ ထိုခေတ်အခါက မဲပေးခွင့်ရှိသော အသက်အရွယ်မှာ  ၂၁ နှစ် ဖြစ်သည်။ ၁၉၅၆ တွင် ဒုတိယအကြိမ်      ရွေးကောက်ပွဲအက်ဥပဒေကို အထူးပြု ပြဋ္ဌာန်းခဲ့သည်။ အဆိုပါ အက်ဥပဒေအရ လွှတ်တော်ရွေးကောက်ပွဲကို     ၅  နှစ်တစ်ကြိမ်  ကျင်းပရာမှ ၃ နှစ်တစ်ကြိမ်အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့သည်။ အလားတူ ပိုမိုကိုယ်စားပြုနိုင် ရန်အတွက် မဲဆန္ဒနယ်များကိုလည်း အရေအတွက် တိုးချဲ့ခဲ့သည်။ အထက်ပါအချက်များအရ နယူးဇီလန် နိုင်ငံသည် အုပ်ချုပ်မှုစနစ်ကို ကိုယ်စားပြုအုပ်ချုပ်မှု ပါလီမန်ဒီမိုကရေစီစနစ်ဖြင့် တွေ့ကြုံလျှောက်လှမ်း ခဲ့သည်မှာ နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းရှိခဲ့ပြီး ဖြစ်လေသည်။ 

 


လက်ရှိတွင်   နယူးဇီလန်နိုင်ငံတွင်  ဖွဲ့စည်းပုံ အခြေခံဥပဒေကဲ့သို့ အသုံးပြုလျက်ရှိသော ဥပဒေ များမှာ (၁) ဝေတန်ဂီသဘောတူစာချုပ် (Principles of the Treaty of Waitangi) ၊  (၂) ဖွဲ့စည်းအုပ်ချုပ်မှု  အက်ဥပဒေ ၁၉၈၆ (Constitution Act 1986) ၊ (၃) ရွေးကောက်ပွဲအက်ဥပဒေ ၁၉၉၃ ( Electoral Act 1993) ၊ (၄) အစိုးရအဖွဲ့ဝင်လက်စွဲ ၁၉၇၉ (Cabinet Manual, 1979)၊    (၅)   တရားဝင်ပြန်ကြားရေး အက်ဥပဒေ ၁၉၈၂ (Official Information Act 1982)၊ (၆)  နန်းတွင်း အမှာစာပေါင်းချုပ်၊ ၁၉၈၃ (Letters Patent Constituting the Office of Governor-General of New Zealand, 1983)၊ (၇) အခြေခံအခွင့်အရေးများ အက်ဥပဒေ ၁၉၉၀(New Zealand Bill of Rights Act 1990)၊ (၈) တရားရုံး ကြီးများအက်ဥပဒေ ၂၀၁၆(Senior Courts Act 2016 ) စသည်တို့ဖြစ်သည်။ 

 


လွှတ်တော်ရွေးကောက်ပွဲများ


နယူးဇီလန်နိုင်ငံတွင် လွှတ်တော်တစ်ရပ်သာ ရှိပြီး ကိုယ်စားလှယ်အရေအတွက် ၁၂၀ ဦး ရှိပါ သည်။   ကိုယ်စားလှယ်များတွင်   ရွေးကောက်ခံ ကိုယ်စားလှယ်နှင့်   နိုင်ငံရေးပါတီများခွဲတမ်းအရ  ကိုယ်စားလှယ်ဟူ၍ နှစ်မျိုးရှိပါသည်။ ရွေးကောက်ခံ ကိုယ်စားလှယ်များကို    မဲဆန္ဒနယ်အသီးသီးမှ မဲများသူအနိုင်ယူစနစ်   (First Past the Post - FPTP) ဖြင့် ရွေးကောက်တင်မြှောက်ပြီး ပါတီခွဲတမ်း  အရ ကိုယ်စားလှယ်များကို အချိုးကျကိုယ်စားပြု စနစ် (Proportional Representation - PR) အရ ရွေးချယ်တင်မြှောက်ခြင်းဖြစ်ပါသည်။ လွှတ်တော် ၏ သက်တမ်းမှာ သုံးနှစ် ဖြစ်သည်။ လက်ရှိတွင် ရွေးကောက်ခံကိုယ်စားလှယ်ဦးရေ       ၆၅   ဦး၊ မောအိုဝီမဲဆန္ဒနယ်၏ ရွေးကောက်ခံဦးရေ ၇ ဦး၊ ပါတီ အချိုးကျခွဲတမ်းအရ ကိုယ်စားလှယ် ၄၈ ဦး ရှိပါသည်။ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်လောင်း များကို ရွေးကောက်တင်မြှောက်သော ရွေးကောက်ပွဲ စနစ်မှာ FPTP နှင့် PR ပေါင်းစပ်ကျင့်သုံးသောစနစ် (Mixed Member Proportional - MMP)   စနစ် ဖြစ်ပြီး ၁၉၉၃ မှ စတင်ပြောင်းလဲကျင့်သုံးခဲ့သည်။ 

 


နယူးဇီလန်နိုင်ငံ၏   ရွေးကောက်ပွဲစနစ်အရ  ရွေးကောက်ပွဲတွင်     ပါတီကိုယ်စားပြုအနေနှင့် ဝင်ရောက်ယှဉ်ပြိုင်လိုသောပါတီသည် ရွေးကောက် ပွဲကော်မရှင်သို့ ပါတီကိုယ်စားပြုမည့်  ကိုယ်စား  လှယ်များအမည်စာရင်းကို ဦးစားပေးအစဉ်အတိုင်း  ပေးပို့ထားနှင့်ရမည်ဖြစ်သည်။ ရွေးကောက်ပွဲတွင် ပါတီရရှိသောမဲရလဒ်အရ  ရရှိသောပါတီခွဲတမ်း လွှတ်တော်ကိုယ်စားလှယ်နေရာ အရေအတွက်ကို အဆိုပါပေးပို့ထားသော ပါတီကိုယ်စားပြု ကိုယ်စား လှယ်စာရင်းအတိုင်း ခန့်ထားခြင်းဖြစ်ပါသည်။ ပါတီ တစ်ခုသည် လွှတ်တော်အတွင်း ပါတီကိုယ်စားလှယ် ၁ နေရာရရှိရေးအတွက်  တစ်နိုင်ငံလုံး၏ ခိုင်လုံမဲ စုစုပေါင်း၏   ၅ ရာခိုင်နှုန်း   ရရှိရမည်ဖြစ်သည်။ 

 


ရွေးကောက်ပွဲမဲရလဒ်အရ ပါတီအသီးသီးမှ ခွဲတမ်း ရရှိသော လွှတ်တော်ကိုယ်စားလှယ် အရေအတွက် ကို    ရွေးကောက်ပွဲကော်မရှင်မှ   တွက်ချက်ပြီး တွက်ချက်ပုံသေနည်းမှာ        အောက်ပါအတိုင်း ဖြစ်သည် - 


quotient =  sum of all valid vote/seat
စားလဒ်   =  ပါတီရရှိခိုင်လုံမဲအားလုံးပေါင်း/                 ကိုယ်စားလှယ်ထိုင်ခုံနေရာ
ပါတီအသီးသီး၏ မဲရလဒ်အသီးသီးကို တွက်ချက် ထားသည့်စားလဒ် quotient ရရှိရန် အကြိမ်ကြိမ် တွက်ချက်၍ အများဆုံးမှ အနည်းဆုံး အစဉ်လိုက် နှိုင်းယှဉ်ပြီး အများဆုံးပါတီကို ထိုင်ခုံနေရာ ခွဲတမ်း သတ်မှတ်ပေးခြင်း   ဖြစ်ပါသည်။  ကိုယ်စားလှယ် ထိုင်ခုံ(seat)နေရာတွင် (1,3,5,7,9,.....) အစရှိသည့် တန်ဖိုးထားရှိ၍ အဆင့်ဆင့်တွက်ချက်ခြင်း ဖြစ်ပါ သည်။   အထက်ပါ တွက်ချက်ပုံကို  The Sainte Lague Method   အတိုင်း   တွက်ချက်ခြင်းဟု ခေါ်ပါသည်။

 


လွှတ်တော်တွင် အကြောင်းအမျိုးမျိုးကြောင့်  ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် (Elected MP)  နေရာလစ်လပ်ပါက   လွှတ်တော်ဥက္ကဋ္ဌက ဘုရင်ခံထံအသိပေးပြီး    ဘုရင်ခံမှ     ကြားဖြတ် ရွေးကောက်ပွဲကျင်းပရန် ရွေးကောက်ပွဲကော်မရှင် ထံသို့ ၂၁ ရက်အတွင်း စာချွန်တော်ပေးပို့ပါသည်။ ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲများတွင် မဲများ သူ အနိုင်ယူစနစ် (FPTP)စနစ်သာ ကျင့်သုံးပါသည်။ အထွေထွေရွေးကောက်ပွဲကျင်းပရန် နီးကပ်သည့် အခါမျိုးတွင် ဘုရင်ခံမှ   ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် စာချွန်တော်ပေးပို့ခြင်းမရှိပေ။

 


လွှတ်တော်တွင် အကြောင်းအမျိုးမျိုးကြောင့်  ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ် (Party list MP) နေရာ လစ်လပ်လာပါက ကော်မရှင်သည် ပါတီမှ ကိုယ်စားပြုတင်သွင်းထားသော ကိုယ်စားလှယ်အစဉ်လိုက်စာရင်းအတိုင်း        လွှတ်တော် ကိုယ်စားလှယ်အဖြစ်   ခန့်အပ်ပါသည်။   ပါတီမှ ပေးပို့ထားသော စာရင်းတွင်ခန့်အပ်ရန် ကိုယ်စားလှယ်အမည်မရှိတော့သောအခါမျိုးတွင် လစ်လပ် သွားသော လွှတ်တော်ကိုယ်စားလှယ်နေရာကို နောင်ရွေးကောက်ပွဲအထိ   ပြန်လည်မဖြည့်တင်း တော့ဘဲ ထားရှိပါသည်။

 


ရွေးကောက်ပွဲကော်မရှင်


နယူးဇီလန်နိုင်ငံတွင်   ရွေးကောက်ပွဲများကို ဘက်မလိုက်ဘဲ   အားလုံးပူးပေါင်းပါဝင်သော ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင်းပနိုင်ရန်အတွက် ရွေးကောက်ပွဲကော်မရှင်ကို       ထားရှိပါသည်။ ရွေးကောက်ပွဲကော်မရှင်သည် လွှတ်တော်ရွေးကောက် ပွဲများအပြင် ပြည်သူ့ဆန္ဒခံယူပွဲများ၊ ရွေးကောက်ပွဲ ဆိုင်ရာဥပဒေများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ်စား ပြုခြင်းဆိုင်ရာကော်မရှင်     (Representation Commission)  နှင့်  ဆက်နွှယ်သောတာဝန်များ၊ လွှတ်တော်နှင့် အစိုးရအဖွဲ့သို့ အကြံဉာဏ်ပေးခြင်း၊  တင်ပြခြင်းနှင့် ရွေးကောက်ပွဲအသိပညာပြန့်ပွား ရေးတို့ကိုလည်း ဆောင်ရွက်သည်။ ရွေးကောက်ပွဲ ကော်မရှင်ကို ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ရွေးကောက်ပွဲ အရာရှိချုပ်  အစရှိသည့်   အဖွဲ့ဝင်ပုဂ္ဂိုလ် ၃ ဦးဖြင့် ဖွဲ့စည်းပါသည်။ အထက်ပါ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်(၃) ဦးကို လွှတ်တော်၏ သဘောတူညီချက် ဖြင့် ဘုရင်ခံက ခန့်အပ်ပါသည်။ ကော်မရှင်အဖွဲ့ဝင် များ၏  လုပ်ငန်းလုပ်ဆောင်ရန်ကာလမှာ ၁၂ လ ဖြစ်သည်။ အထက်ပါပုဂ္ဂိုလ်(၃)ဦးသည် ရွေးကောက်ပွဲ ကော်မရှင်ရုံးဝန်ထမ်းများထဲမှ မိမိတို့၏ လက်ထောက် ရွေးကောက်ပွဲကော်မရှင်နာ    ရာထူးအသီးသီးကို ခန့်အပ်နိုင်ပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် များ အကြောင်းတစ်စုံတစ်ရာကြောင့် ရာထူးမထမ်း ဆောင်နိုင်သည့်အခါတွင် အဆိုပါ လက်ထောက် ရွေးကောက်ပွဲကော်မရှင်နာက ကိုယ်စားထမ်းဆောင် ပေးနိုင်ရန် ဖြစ်ပါသည်။ 

 


နယူးဇီလန်နိုင်ငံ ရွေးကောက်ပွဲကော်မရှင်၏ တာဝန်များမှာ-

 
(၁)     ရွေးကောက်ပွဲအက်ဥပဒေပါလုပ်ငန်းများကို အကောင်အထည်ဖော်ခြင်း၊
(၂)     ရွေးကောက်ပွဲဆိုင်ရာ        အစီအစဉ်များ၊ အချက်အလက်များကို     ဥပဒေနှင့်အညီ ပြန်ကြားခြင်း၊
(၃)     ရွေးကောက်ပွဲအသိပညာ ပြန့်ပွားစေခြင်း နှင့် ပြည်သူများ ပူးပေါင်းပါဝင်မှုကိုမြှင့်တင် ခြင်းဆိုင်ရာ အစီအမံများဆောင်ရွက်ခြင်း၊
(၄)     ရွေးကောက်ပွဲရန်ပုံငွေဆိုင်ရာအက်ဥပဒေနှင့် သက်ဆိုင်သော ရွေးကောက်ပွဲဆိုင်ရာ ရန်ပုံငွေများကို စီမံခန့်ခွဲခြင်း၊
(၅)     ကော်မရှင်သို့ မေးမြန်းလာသော အချက် အလက်များနှင့် စပ်လျဉ်း၍  တရားရေး ဝန်ကြီး (သို့) တရားရေးဝန်ကြီးမှတစ်ဆင့် လွှတ်တော်ထံ   သတင်းပေးခြင်း၊   အကြံ ဉာဏ်ပေးခြင်း၊
(၆)     နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်း များ၊ ဥပဒေတစ်ရပ်ရပ်အရ တာဝန်ရှိသူများ ကို ရွေးကောက်ပွဲဆိုင်ရာ အချက်အလက် များ ထောက်ပံ့ပေးခြင်း၊
(၇)     ဥပဒေတစ်ရပ်ရပ်အရ   ပေးအပ်လာသော တာဝန်များကို ထမ်းဆောင်ခြင်း စသည်တို့ ဖြစ်ပါသည်။

 


နယူးဇီလန်နိုင်ငံ  ရွေးကောက်ပွဲကော်မရှင်မှ  အောက်ပါလုပ်ပိုင်ခွင့်များကို လုပ်ဆောင်နိုင်ပါသည်-


(၁)    ရွေးကောက်ပွဲဆိုင်ရာ သုတေသနလုပ်ငန်း များ၊ လေ့လာသုံးသပ်မှုများကို လုပ်ဆောင်  ခြင်း၊ လုပ်ဆောင်စေခြင်းနှင့် လုပ်ဆောင်မှု ၏ ကုန်ကျစရိတ်ကို ကျခံသုံးစွဲခြင်း၊
(၂)     ရွေးကောက်ပွဲနှင့်ဆိုင်သော စုံစမ်းစစ်ဆေး မှုများကို လုပ်ဆောင်ခြင်း၊
(၃)     လူပုဂ္ဂိုလ်တစ်ဦးဦး (သို့)   ပြည်သူများ၏ အကြံဉာဏ်များကို ရယူခြင်း၊
(၄)     ရေးသားထုတ်ဝေသင့်သည့် အချက်အလက် များကို ထုတ်ဝေခြင်း၊
(၅)     တရားရေးဝန်ကြီးထံ (သို့) တရားရေးဝန်ကြီး မှတစ်ဆင့်   လွှတ်တော်ထံသို့   သတင်း အချက်အလက်ပေးခြင်း၊   အကြံဉာဏ် ပေးခြင်း၊
(၆)     မည်သည့်အစိုးရဌာနမှမဆို အကြံဉာဏ်၊ အချက်အလက်၊ အကူအညီတောင်းခံနိုင် ခြင်း စသည်တို့ဖြစ်ပါသည်။
နယူးဇီလန်နိုင်ငံတွင် မဲဆန္ဒနယ် (Electoral District)အသီးသီးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော်ရန်အတွက် ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲ တာဝန်ခံ အရာရှိ   (Returning Officer)  များကို ခန့်ထား အကောင်အထည်ဖော်   ဆောင်ရွက်စေပါသည်။ လွှတ်တော်မဲဆန္ဒနယ်အသီးသီး၏ မဲစာရင်းများပြုစု ခြင်း၊ ပြင်ဆင်ခြင်းများအတွက် မဲစာရင်းအရာရှိ  (Registrar  of  Electors)      ကိုလည်းကောင်း၊ လက်ထောက်မဲစာရင်းအရာရှိ(Deputy Registrar)ကိုလည်းကောင်း အသီးသီးခန့်အပ်ထားရှိပါသည်။ 

 


မဲဆန္ဒနယ်များသတ်မှတ်ခြင်း


နယူးဇီလန်နိုင်ငံတွင်   မဲဆန္ဒနယ် (Electoral District) များကို သတ်မှတ်ရန်အတွက် ကိုယ်စား  ပြုခြင်းဆိုင်ရာကော်မရှင် (၁) ရပ်   ထားရှိပါသည်။ အဆိုပါ      ကိုယ်စားပြုခြင်းဆိုင်ရာကော်မရှင် (Representation Commission)တွင် အောက်ပါ ပုဂ္ဂိုလ်များဖြင့် ပါဝင်ဖွဲ့စည်းထားပါသည် -


(၁) မြေတိုင်းအရာရှိချုပ်၊
(၂) အစိုးရစာရင်းအင်းပညာရှင်၊
(၃) ရွေးကောက်ပွဲအရာရှိချုပ်၊
(၄) သက်ဆိုင်ရာ တိုင်းဒေသကြီးအုပ်ချုပ်ရေးကော်မရှင်ဥက္ကဋ္ဌ၊
(၅) ဘုရင်ခံက ခန့်အပ်သော အဖွဲ့ဝင် ၂ ဦး၊
(၆) ဘုရင်ခံက ခန့်အပ်သော ဥက္ကဋ္ဌ ၁ ဦး။
ကိုယ်စားပြုခြင်းဆိုင်ရာ ကော်မရှင်၏သက်တမ်း မှာ   ခန့်ထားပြီးချိန်မှ   နောက်တစ်ကြိမ်   နိုင်ငံ၏ သန်းခေါင်စာရင်းကောက်ယူပြီးချိန်ထိ ဖြစ်ပါသည်။

 


နယူးဇီလန်နိုင်ငံတွင်     တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် သန်းခေါင်စာရင်းကို ၅ နှစ်တစ်ကြိမ် ကောက်ယူပါသည်။   အဆိုပါ ၅ နှစ်   တစ်ကြိမ် ကောက်ယူသော   သန်းခေါင်စာရင်းကောက်ယူပြီး ရလဒ်ထွက်ပြီးသည်နှင့်တစ်ပြိုင်နက် ကိုယ်စားပြု ခြင်းဆိုင်ရာကော်မရှင်အစည်းအဝေးကို ခေါ်ယူပါ သည်။   အစည်းအဝေးအရ   အစိုးရစာရင်းအင်း ပညာရှင်မှ သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက် များကိုရယူ၍ မဲဆန္ဒနယ်များ၊ မောအိုဝီလူမျိုးတို့ကို ကိုယ်စားပြုသော  မဲဆန္ဒနယ်များကို  သတ်မှတ် တွက်ချက်ပြီး တွက်ချက်မှုရလဒ်များကို မြေတိုင်း အရာရှိချုပ်ထံ ပေးပို့ပါသည်။

 

မြေတိုင်းအရာရှိချုပ်မှ မဲဆန္ဒနယ်များ၏ လူဦးရေနှင့် နယ်နိမိတ်သတ်မှတ် ချက်များကိုရေးဆွဲပြီး       လျာထားမဲဆန္ဒနယ်ကို နိုင်ငံတော်ပြန်တမ်းတွင် ကြေညာပါသည်။  မဲဆန္ဒ နယ်များရေးဆွဲရာတွင် လူဦးရေ၊ ယခင်မဲဆန္ဒနယ်၊ အများပြည်သူအကျိုးနှင့် လူမှုဘဝပြောင်းလဲနိုင်မှု၊ ဆက်သွယ်ရေးအခြေအနေ စသည်တို့ကို ထည့်သွင်း စဉ်းစား၍     ရေးဆွဲခြင်းဖြစ်သည်။   နိုင်ငံတော် ပြန်တမ်းတွင် ကြေညာပြီး ၁ လအတွင်း အများ ပြည်သူမှ ခိုင်လုံသောအကြောင်းပြချက်နှင့် ကန့်ကွက် လွှာ တင်သွင်းနိုင်ပါသည်။ ကန့်ကွက်လွှာ တင်သွင်း ခြင်းအပေါ် ပြန်လည်ဖြေကြားခြင်း၊ ဆွေးနွေးခြင်း များဆောင်ရွက်ပြီး  ၆ လအကြာတွင် အတည်ပြု မဲဆန္ဒနယ်များကို ကိုယ်စားပြုခြင်းဆိုင်ရာ ကော်မရှင် မှ ဘုရင်ခံထံတင်ပြ၍ ဘုရင်ခံမှတစ်ဆင့် လွှတ်တော် သို့ တင်ပြခြင်းဖြစ်ပါသည်။ 
မဲစာရင်းများပြုစုခြင်း
နယူးဇီလန်နိုင်ငံတွင် အရွယ်ရောက်သူ နယူးဇီလန် နိုင်ငံသား (သို့) နယူးဇီလန်နိုင်ငံတွင် အမြဲနေထိုင်ခွင့် ရရှိသောသူများသည် မဲပေးခွင့်ရှိသည်။ အဆိုပါ နိုင်ငံသား(သို့) အမြဲနေထိုင်ခွင့်ရသူသည်  မိမိ၏ဘဝ တွင် နိုင်ငံအတွင်း အနည်းဆုံး  တစ်ဆက်တစ်စပ် တည်း    တစ်နှစ်အခြေချနေထိုင်ဖူးသူ  ဖြစ်ရမည် ဖြစ်သည်။ နယူးဇီလန်နိုင်ငံတွင် အသက် ၁၈ နှစ် ပြည့်သူသည်   မဲပေးရန်   အရွယ်ရောက်သူအဖြစ် သတ်မှတ်ထားသည်။ မဲဆန္ဒရှင်တစ်ဦးသည် မဲဆန္ဒ နယ်တစ်ခုထက်ပို၍ မဲစာရင်းထည့်သွင်းခွင့်မရှိပေ။ မောအိုဝီလူမျိုးများ၊ ဥရောပ-မောအိုဝီ ကပြားများ သည် သာမန်မဲဆန္ဒနယ်အတွက် သော်လည်းကောင်း၊ မောအိုဝီလူမျိုးစုကိုယ်စားပြု မဲဆန္ဒနယ်တွင်လည်း ကောင်း   မိမိကြိုက်နှစ်သက်ရာ   မဲဆန္ဒနယ်၏ မဲစာရင်းတွင် စာရင်းတင်သွင်းနိုင်သည်။ 

 


အောက်ပါပုဂ္ဂိုလ်များသည် မဲပေးခွင့်မရှိသော ပုဂ္ဂိုလ်များဖြစ်သည် -


(၁)     ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံပြင်ပ တွင်  ၃  နှစ်     တစ်ဆက်တစ်စပ်တည်း ကင်းကွာနေသော  နိုင်ငံသားများ၊
(၂)     ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံပြင်ပ တွင်  ၁ နှစ်   တစ်ဆက်တစ်စပ်တည်း ကင်းကွာနေသော  အမြဲနေထိုင်ခွင့်ရရှိသူ များ၊
    (အထက်ပါအကြောင်းအရာတွင် တပ်မတော် သားများ၊ သံတမန်များ၊ နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးတာဝန် လုပ်ဆောင်နေသူများ မပါဝင်ပါ)
(၃)     စိတ်ပေါ့သွပ်သည်ဟု သက်ဆိုင်ရာဥပဒေက သတ်မှတ်ခံရပြီး စိတ်ကျန်းမာရေးအတွက် ထိန်းသိမ်းခံထားရသူများ၊
(၄)     ထောင်အတွင်းထိန်းသိမ်းရန် အမိန့်ချခံရ သူများနှင့် ထောင်ဒဏ် ၃ နှစ်နှင့်အထက် ကျခံနေရသူများ၊
(၅)     သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် အမည် ပျက်စာရင်း ထည့်သွင်းခံထားရသူများ။

 


နယူးဇီလန်နိုင်ငံသည်   မဲမပေးမနေရစနစ် မဟုတ်သော်လည်း ရွေးကောက်ပွဲအက်ဥပဒေအရ ဆန္ဒမဲပေးခွင့်ရှိသူများသည် မိမိ၏အမည်ကို မဲဆန္ဒ ရှင်စာရင်းတွင် ထည့်သွင်းပေးရန် ကော်မရှင်ရုံးသို့ လျှောက်ထားရမည်ဖြစ်သည်။ အဆိုပါ လျှောက်ထား မှုကို ပျက်ကွက်ပါက ရွေးကောက်ပွဲ အက်ဥပဒေပါ စည်းမျဉ်းကို ဖောက်ဖျက်ရာရောက်သည့်အတွက် သတ်မှတ်ဒဏ်ကြေးအတိုင်း ပေးဆောင်ရသည်။ မဲစာရင်းတွင်      အမည်စာရင်း   ဖြည့်သွင်းပေးရေး လျှောက်ထားရန် ပျက်ကွက်မှုအတွက် ဒဏ်ကြေးမှာ  ပထမအကြိမ်ပျက်ကွက်မှုအတွက် ဒေါ်လာ ၁၀၀ နှင့် ဒုတိယအကြိမ်နှင့် နောင်အကြိမ်များ ပျက်ကွက် မှုအတွက် ဒေါ်လာ ၂၀၀ ဖြစ်သည်။ မဲဆန္ဒရှင်သည် နေထိုင်သော        လိပ်စာအပြောင်းအလဲရှိပါက ကော်မရှင်ရုံးသို့ အသိပေးရမည်ဖြစ်သည်။ မဲဆန္ဒ နယ်တစ်ခုတည်းအတွင်း ကော်မရှင်ရုံးသို့ သတင်းပို့ ရန်ပျက်ကွက်ပါက   ပထမအကြိမ်    ပျက်ကွက်မှု အတွက်   ဒေါ်လာ ၅၀၊ ဒုတိယအကြိမ်နှင့်  ထပ်မံ ပျက်ကွက်မှုအတွက် ဒေါ်လာ ၁၀၀ ဖြစ်သည်။ မဲဆန္ဒ နယ်တစ်ခုမှ အခြားမဲဆန္ဒနယ်သို့ပြောင်းရွှေ့ခြင်း ကို   သတင်းပို့ရန်ပျက်ကွက်ပါက   ပထမအကြိမ် ပျက်ကွက်မှုအတွက် ဒေါ်လာ ၁၀၀၊ ဒုတိယအကြိမ် နှင့်   ထပ်မံပျက်ကွက်မှုအတွက်    ဒေါ်လာ  ၂၀၀ ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်သည်။    မဲဆန္ဒရှင် စာရင်း အချိန်နှင့်တစ်ပြေးညီ မှန်ကန်စေရေးအတွက် နောက်ဆုံးမဲစာရင်းကို  ကော်မရှင်မှ တစ်နှစ်လျှင် တစ်ကြိမ် တရားဝင်ပုံနှိပ်ထားရှိသည်။


(ဆက်လက်ဖော်ပြပါမည်)