နိုင်ငံအကျိုးပြု၊ ဒေသအကျိုးပြု လူငယ်လူရွယ်များဖြစ်စေဖို့

Type
1

 

မြင့်စိုး(နတလ)

 

ဓာတ်ပုံလေးတစ်ပုံ


သိမ်းဆည်းထားသော မှတ်တမ်းဓာတ်ပုံလေးတစ်ပုံ က ကျွန်တော်၏ အတွေးစများကို မြန်မာပြည်တစ်နံ တစ်လျား  အရှေ့မှအနောက်၊  တောင်မှမြောက်သို့ တိုင်အောင်  ဆွဲဆောင်ခေါ်ယူသွားနိုင်စွမ်း ရှိနေပါ ပကောလား။ ရက်စွဲက ၂၀၁၈ ခုနှစ် ဇွန်လ ၁၂ ရက်၊ နေရာက ရုံးအမှတ်(၄၂) နယ်စပ်ရေးရာဝန်ကြီးဌာန ဌာန၏   စုပေါင်းခန်းမ၊     ကျင်းပပြုလုပ်သည့် အခမ်းအနားကတော့ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်     ထူးချွန်စွာ အောင်မြင် ခဲ့သော    ကျောင်းသား    ကျောင်းသူများအား ဆုချီးမြှင့်ခြင်းနှင့်     ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းအခမ်းအနားပဲ    ဖြစ်ပါ၏။   သည် အခမ်းအနားအပြီး  ကျွန်တော်နှင့်ဓာတ်ပုံတွဲရိုက်ခဲ့သော ကလေးများမှာ  ကျိုင်းတုံလူငယ်သင်တန်း ကျောင်းမှ လေးဘာသာဂုဏ်ထူးရှင် မောင်ဇာခလိ၊ တစ်ဘာသာဂုဏ်ထူးရှင်များဖြစ်ကြသော မဒီးရှိန်၊ မအားမီ(၂)၊ စောလှမောင်တို့ လေးဦး၊ မြစ်ကြီးနား အမှတ်(၁) လူငယ် သင်တန်းကျောင်းမှ  မထုထုမိုင် အပါအဝင် စုစုပေါင်း ငါးဦးဖြစ်သည်။   ဝန်ကြီးဌာန က  ပေးအပ်ချီးမြှင့်သော ဂုဏ်ပြုဆုကို သူတို့ရကြ သည်။  ထို့ပြင်တဝ  သူတို့နှင့်   ကျွန်တော်   တွေ့ဆုံခဲ့ စဉ်အချိန်က  တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင် အောင်  ကြိုးစားဖြေဆိုကြပါ၊  အောင်တဲ့အထဲက ဂုဏ်ထူးထွက်တဲ့သူတွေကို        အဘအနေနဲ့ တစ်ဘာသာ တစ်သိန်းဆုချမယ်၊  မင်းတို့ကိုဆုပေးဖို့ အဘစောင့်နေမယ်ဟု   ကတိပြုပြောကြားခဲ့သည့် အတိုင်း  ကျွန်တော်ရှစ်သိန်းဆုချကာ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ခြင်းဖြစ်သည်။

 


ဘဝကပေးသောအသိ


“အဲဒါပေါ့ကွ ပန်းပဲဓားကောင်းမကိုင်ရဆိုတာ” ရုတ်တရက်ကြားလိုက်ရစဉ်  ခဏတော့  ဆရာကြီး ဦးမြသန်း ဘာကိုရည်ရွယ်ပြီး ဘာကိုဆိုလိုချင်မှန်း ကျွန်တော်မသိခဲ့ပါ။   ကျွန်တော် ရွာက  မူလတန်း ကျောင်းမှာ ၄ တန်းအောင်ခဲ့သည်။     အဖေက ထိုကျောင်းမှာ  မူလတန်းကျောင်းအုပ်ဆရာကြီး။ လှော်ကထား  အလက ကျောင်းမှာ ၅ တန်းတက်ရ ၏။ ဆရာကြီး ဦးမြသန်းက   သမိုင်းဘာသာသင် သောဆရာ၊  ထို့ကြောင့်   စကားပုံတစ်ခုကိုသုံး၍ ကျွန်တော့်ကို ဆုံးမလိုက်ပါပကော။ ကျွန်တော့် ကြောင့် အဖေပါ   အပြောခံရပြီ။   သူငယ်ချင်းတွေ ကြားမှာ ရှက်လည်းရှက်၊ နာလည်းနာ ဖြစ်ခဲ့ရသော နေ့တစ်နေ့ပါပေ။ သို့သော် ၅ တန်းနှစ်မှာ ကျွန်တော် စာမကြိုးစားခဲ့၊  ပုံမှန်လောက်ဖြင့် ၆ တန်းတက် လာသည်။   တစ်နေ့     ကျွန်တော်တို့ကျောင်း၏ ကျောင်းအုပ်ဆရာကြီး ဦးကြင်မောင်က သူ့မူပိုင် စတိုင်အတိုင်း  ပုဆိုးနှစ်စကို လက်နှင့်မကာ အတန်း ထဲကို ဝင်လာပါတော့သည်။ သူ၏  အင်္ဂလိပ်အချိန် လည်းမဟုတ်၊  ဆရာကြီး  ဘာများပြောမလို့ပါလိမ့်။  “မကြာခင် ငါတို့ကျောင်းမှာ  ပညာရည်ချွန်ဆုပေးပွဲ လုပ်မယ်၊  မနှစ်က ၅ တန်းမှာ  ဆုရတဲ့သူတွေက မိုးအောင် ပထမ၊ ဝင်းအောင် ဒုတိယ၊  သိန်းအောင် တတိယ၊    အားလုံး စမ်းကြီးရွာကပဲ၊     မင်းတို့ စိန်တောင်၊ လှော်ကထား၊  မိုးကုတ်၊ နတ္ထမင်းကုန်း၊ သဲဒူကုန်းရွာကကောင်တွေ  တစ်ကောင်မှမပါဘူး၊ ဆုရဖို့ နေနေသာသာ  ဆုနံ့တောင် နံဖူးကြရဲ့လား၊ မင်းတို့မရှက်ကြဘူးလား၊    အေး… ဆုရချင်ရင်တော့ စမ်းကြီးရွာက   မိုးအောင်တို့   ညီအစ်ကိုတွေရဲ့ ချေးခြောက်ကို လိုက်ကောက်စားကြပေါ့ကွာ …” တဲ့။

 


ဒါက ကျွန်တော်၏   အသည်းနှလုံးမှတစ်ဆင့် ဦးနှောက်သို့   စူးစူးနစ်နစ်ဝင်ရောက်သွားသော ဒုတိယမြားချက်ဖြစ်သည်။   အထက်ပါ ဆရာကြီး နှစ်ဦး၏ ထိမိပြောင်မြောက်လှသော ဆုံးမစကားများ ကြောင့် ကျွန်တော်  စာကြိုးစားသူဖြစ်သွားခဲ့သည်။ ၆ တန်းနှစ်မှစ၍  ဆုတွေရခဲ့သည်။   ဂုဏ်ထူးတွေ ထွက်ခဲ့သည်။   ရခဲ့ဖူးသောဆုများ၏ တန်ဖိုးက ဘာမျှမရှိ။   ဗလာစာအုပ်  တစ်ဒါဇင်၊ ခဲတံ ခြောက် ချောင်း၊ ကွန်ပါဘူး တစ်ဘူးနှင့် ဂုဏ်ပြုလွှာကတ်ပြား တစ်ခု။ သို့သော် နှလုံးသားထဲသို့ ရောက်ရှိသွားသော အသိတရားက  တန်ဖိုးကြီးမားလှသည်။ ကျွန်တော် ၏ တစ်ဦးတည်းသောသားကို ဆုပေးခြင်း၊ မက်လုံး ပေးခြင်း၊ အပေးအယူပြုလုပ်ခြင်းများဖြင့် ပျိုးထောင် ခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲမှာ ၅ ဘာသာဂုဏ်ထူး ထွက်၍  ဆရာဝန်ဖြစ်ခဲ့သည်။ ဆရာများ၏ ကျေးဇူး ပါပေ။

 


လူငယ်ကျောင်းတွေမှာ ပေးသောကတိ


နတလဦးစီးဌာနတွင်   တာဝန်ထမ်းဆောင်ခဲ့ လင့်ကစား    နယ်စပ်ဒေသ  မြို့ရွာအသီးသီးသို့ ရောက်ရှိသည့်အခါ  မိမိတို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်    လေ့ကျင့်ရေးဦးစီးဌာနအောက်မှ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ  ဖွံ့ဖြိုးရေးသင်တန်းကျောင်းများအား   သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်ချက်များရှိပါက သက်ဆိုင်ရာသို့ ပြန်လည်တင်ပြညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ပင်မ တာဝန်များကို   ထမ်းဆောင်ရင်း   ထိုကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်   ကျောင်းသားကျောင်းသူလေးများနှင့်တွေ့ဆုံကာ  တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်မြင့်မားရေး၊ စာမေးပွဲအောင်မြင် ပါက မိမိတို့နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ  ဖွံ့ဖြိုးရေး တက္ကသိုလ်၊   ပြည်ထောင်စုတိုင်းရင်းသားလူငယ် များ   စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များတွင် ဆက်လက်ပညာသင်ယူခွင့်၊  အခြားသော    ဝါသနာ ပါရာ  သင်တန်းများကို   တက်ရောက်ခွင့်တို့အား ရှင်းလင်းပြောပြပါသည်။ ပြီးလျှင် ကျွန်တော်၏ ခံယူချက်နှင့်ဝါသနာ၊  စေတနာအတိုင်း သူတို့နှင့်အလောင်းအစားပြုခဲ့ပါသည်။    ကြိုးစားပါ… ဂုဏ်ထူးတစ်ဘာသာထွက်လျှင် တစ်သိန်း၊  အဘ ကတိတည်မယ်၊    မင်းတို့လည်း အောင်ရမယ်၊ ဂုဏ်ထူးတွေ    ထွက်ရမယ်လို့      ကတိပေးပါဟု တောင်းသောအခါ  သူတို့ပေးကြသည်။ ဤကဲ့သို့ စိတ်ဓာတ်မြှင့်တင်ပေးခြင်းက   အနည်းဆုံးတော့ အောင်ချက်မြင့်မားရေးကို   အထောက်အကူပြုခဲ့ သည်။  လူငယ်သင်တန်းကျောင်းပေါင်း ၄၅ ကျောင်း ဖွင့်လှစ်ထားပြီးဖြစ်၏။

 


ကျောင်းများဖွင့်လှစ်ရခြင်းရည်ရွယ်ချက်


နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများကို    အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ပါသည်-


    (က)    ပြည်ထောင်စု  တိုင်းရင်းသားလူငယ်များ သည်    ပညာရှာမှီးရင်း     တိုင်းရင်းသား အချင်းချင်း   ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ်        ခိုင်မြဲသည့် လူငယ်များဖြစ်လာစေရန်။
    (ခ )    ပြည်ထောင်စုတိုင်းရင်းသား      လူငယ် များသည်    ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု  မပြိုကွဲ ရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲ ရေး တည်းဟူသော ဒို့တာဝန်အရေးသုံးပါး ကို   သက်ဝင်ယုံကြည်၍     ထိန်းသိမ်း စောင့်ရှောက်သော   လူငယ်များဖြစ်လာ စေရန်။
    (ဂ )    ပညာရပ်များ   တတ်မြောက်၍   ကျောင်း ဆင်းပြီးသွားပါက  မိမိဒေသတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများ ပြန်လည်ဆောင်ရွက်စေရန်။ 
    (ဃ)    နိုင်ငံတော်အတွက်   ပညာရည်မြင့်မား၍ စွမ်းရည်ပြည့်ဝသော     မျိုးဆက်သစ် လူငယ်များ     ဖြစ်လာစေရေး       ပြုစု ပျိုးထောင်လေ့ကျင့်ပေးရန်။
    (င )    နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့်  နယ်စပ်ဒေသ တွင်     နေထိုင်သော   ပြည်သူလူထု၏ လူနေမှုအဆင့်အတန်း     မြင့်မားရေး အတွက် ဆောင်ရွက်လိုသည့်စိတ်ဓာတ် ထက်သန်စေရန်။
    (စ )    အေးချမ်းသာယာ၍          ခေတ်မီဖွံ့ဖြိုး တိုးတက်သောနိုင်ငံတော်အဖြစ်  တည် ဆောက်ရာတွင် စွမ်းစွမ်းတမံဆောင်ရွက် လိုသည့် စိတ်ဓာတ်များ မွေးမြူပေးရန်။

 


ရွေးချယ်မှုနှင့်ပညာသင်ယူခွင့်


လူငယ်သင်တန်းကျောင်းများတွင်   လက်ခံ စောင့်ရှောက်        ပညာသင်ကြားပေးနိုင်ရန် သက်ဆိုင်ရာပြည်နယ်၊  တိုင်းဒေသကြီး၊  ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများရှိ     ကျောင်းကြီးကြပ်ရေး ကော်မတီမှ      (က) မိဘမဲ့၊   (ခ)ဘမဲ့၊  (ဂ) မိမဲ့၊ (ဃ) ဆင်းရဲနွမ်းပါး စသည်ဖြင့် ဦးစားပေးအလိုက် ရွေးချယ်ပါသည်။     ပညာသင်ကြားပေးရာတွင် နေထိုင်စားသောက်ရေး၊ ပညာသင်ကြားရေးစရိတ် များကို နိုင်ငံတော်မှ အစစအရာရာ တာဝန်ယူခဲ့ပြီး အခြေခံပညာ အလယ်တန်း၊  အထက်တန်းကျောင်း များတွင် တက်ရောက်စေခဲ့ပါသည်။ ၁၉၉၉-၂၀၀၀ ပညာသင်နှစ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သော ကျောင်း သား ၂၂၃၉ ဦး၊ ကျောင်းသူ ၉၂၄ ဦး စုစုပေါင်း ၃၁၆၃ ဦးတို့သည်    ဆေးတက္ကသိုလ်ရှစ်ဦး၊   တပ်မတော် ဆေးတက္ကသိုလ် တစ်ဦး၊   တပ်မတော်နည်းပညာ တက္ကသိုလ် တစ်ဦး၊           စစ်တက္ကသိုလ်  ရှစ်ဦး၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ  ဖွံ့ဖြိုးရေး တက္ကသိုလ်    ၂၅၇ ဦး၊ နည်းပညာတက္ကသိုလ်လေးဦး၊ ပြင်ပတက္ကသိုလ် ၃၃၁ ဦး၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် ၂၀၆၃ ဦး၊ ပညာရေးကောလိပ် ၃၀ ၊  သူနာပြုသင်တန်း ၁၆ ဦး၊   သားဖွားသင်တန်း ၁၅ ဦး   တက်ရောက် သင်ကြားခဲ့ပြီး          တက္ကသိုလ်တက်ရောက်ရန် စောင့်ဆိုင်း‌နေသူ ၄၂၉ ဦးရှိပါသည်။

 


နိုင်ငံတော်အကျိုးပြုစေဖို့


ကျွန်တော် ၈ တန်း အောင်သောအခါ    ရွာနှင့် ခုနစ်မိုင်ဝေးသော   လေးမျက်နှာမြို့     ဒက္ခိဏာရုံ ကျောင်းတိုက်အတွင်းရှိ  လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာတွင် သွားရောက်နေထိုင်ကာ လေးမျက်နှာ အ. ထ.က - ကျောင်း၌    ပညာသင်ယူခဲ့သည်။ လေးမျက်နှာပရဟိတဂေဟာကို  ဆရာတော်ကြီး ဦးပညာလောက က ရောင်စုံသောင်းကျန်းသူများ စတင်ပေါ်ပေါက်ခဲ့သည့်                 ၁၉၄၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး   မိမဲ့၊ ဘမဲ့၊  ခိုကိုးရာမဲ့ကလေး ၄၀ ခန့်ကို     ခေါ်ယူကျွေးမွေးစောင့်ရှောက်ခဲ့ရာမှ ပရဟိတကျောင်း  ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော်တို့    နေထိုင်ခဲ့စဉ်က     ကျောင်းသား   ကျောင်းသူ ၂၅၀ ခန့်အထိ ဆရာတော် ဦးပညာလောက၊ ဦးဇောတိပါလ တို့က  ပြုစုစောင့်ရှောက်ပေးခဲ့သည်။ လက်ရှိဆရာတော်မှာ   ဘဒ္ဒန္တအရိယာနန္ဒ   ဖြစ်ပါ သည်။ နောင်သောအခါ   လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်   ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများ  ရရှိခဲ့သည်။   ကျွန်တော် တပ်မတော်သားဘဝ   ရောက်ရှိသွားချိန်   အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊      အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် နယ်မြေများအတွင်း နယ်မြေခံ တပ်ရင်းများ၌ ရဲညွန့်တပ်ခွဲများ  ဖွဲ့စည်း၍ ကလေး ငယ်များကို  ကျွေးမွေးစောင့်ရှောက်ပညာသင်ကြား ပေးနေကြောင်း တွေ့ရသည်။

 


၁၉၇၀  ပြည့်လွန်နှစ်များ၌  ဗကပတို့၏  လူသစ် စုဆောင်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းဒဏ်ကို မခံနိုင် ၍ သံလွင်မြစ် အနောက်ခြမ်းသို့ ပြေးလွှားခိုအောင်း လာသော    ကလေးငယ်များအတွက်    ဤကဲ့သို့ စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်သည်။   ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့သည့်    တန့်ယန်းမြို့၌  “ဝ” ဘော်ဒါဟုခေါ်သော     နေရာသည်    ယခုအခါ တန့်ယန်း လူငယ်သင်တန်းကျောင်း ဖြစ်ခဲ့ပြီ။

 


နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းများ၏     ရည်ရွယ်ချက်နှင့် အဆင့်မြင့်ပညာများ        ဆက်လက်သင်ယူရန် ချိတ်ဆက်ထားမှုတို့ကိုကြည့်လျှင် ထိုလူငယ်လူရွယ် များအပေါ် နိုင်ငံတော်၏ စေတနာနှင့်အန္တိမရည်မှန်း ချက်တို့ကို  တွေ့မြင်နိုင်ပါသည်။  အနှစ်ချုပ်အားဖြင့် ဒို့တာဝန်အရေးသုံးပါးကို   ဦးထိပ်ပန်ဆင်လျက် ပြည်ထောင်စုစိတ်ဓာတ်၊   တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးစိတ်ဓာတ်တို့ ထွန်းကားပြန့်ပွားအောင် ဖော်ဆောင်နိုင်သော နိုင်ငံအကျိုးပြု၊ ဒေသအကျိုးပြု တိုင်းရင်းသားလူငယ် လူရွယ်များမွေးထုတ်ပေးရန် ဖြစ်သည်။       ယင်းတာဝန်ကို   နယ်စပ်ရေးရာ ဝန်ကြီးဌာန၊     ပညာရေးနှင့်  လေ့ကျင့်ရေးဦးစီး ဌာနက   အောင်မြင်စွာ      အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း      တင်ပြလိုက်ရပါ သည်။       ။