
ရန်ကုန် နိုဝင်ဘာ ၇
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထား သည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပရန်လျာထားကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။
ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားသည့် ယင်းပြိုင်ပွဲ ဖွင့်ပွဲကို မေ ၁၂ ရက်၊ ပိတ်ပွဲကို မေ ၂၃ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး အားကစားနည်းအချို့ကိုမူ ဖွင့်ပွဲရက်ထက် စော၍ ပြုလုပ်မည်ဖြစ်သည်။ ဗီယက်နမ် အိုလံပစ်ကော်မတီ တာဝန်ရှိသူများအနေဖြင့် ယင်းပြိုင်ပွဲကို ၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှ ၂၃ ရက်အထိ ပြန်လည်ကျင်းပရန်စီစဉ်နေပြီး ဗီယက်နမ်အစိုးရအဖွဲ့ တာဝန်ရှိသူများထံမှ ခွင့်ပြုချက်ရရှိပါက ယင်းကာလအတိုင်း ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ပုံမှန် အရ ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရမည် ဖြစ်သော်လည်း ကပ်ရောဂါအခြေအနေ ကြောင့် လာမည့်နှစ်သို့ရွှေ့ဆိုင်းခဲ့ပြီး ပြီးခဲ့ သည့်လက ပြုလုပ်ခဲ့သည့် ဆီးဂိမ်းအဖွဲ့ချုပ် အစည်းအဝေးတွင် ၂၀၂၂ ခုနှစ် မေလလယ် တွင် ပြန်လည်ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ တွင် အားကစားနည်း ၄၀ မှ ပြိုင်ပွဲအမျိုးအစား ၅၂၀ ထည့်သွင်းကျင်းပမည် ဖြစ်သည်။ (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ပြေးခုန် ပစ်၊ မြားပစ်၊ ရေကူး၊ ကြက်တောင်၊ ဗိုဗီနမ်၊ အလေးမ၊ နပန်း၊ ဝူရှူး၊ ဘတ်စကက်ဘော၊ ဘိလိယက်နှင့် စနူကာ၊ ကာယဗလ၊ ဘိုးလင်း၊ လက်ဝှေ့၊ ကနူးကယက်၊ စစ်တုရင်၊ စက်ဘီး၊ Dancesport ၊ ဘောလုံး/ဖူဆယ်၊ ဂေါ့ဖ်၊ ကျွမ်း ဘား၊ Handball ၊ ဂျူဒို၊ ဂျူဂျစ်ဆု၊ Esports၊ ဓားရေး၊ ကရာတေး၊ ကစ်ဘောင်ဆင်၊ Kurash၊ မွေထိုင်း၊ ပန်ကြပ်ဆီလတ်၊ ပီတန်း၊ အပြည် ပြည်ဆိုင်ရာလှေ၊ ပိုက်ကျော်ခြင်း၊ သေနတ် ပစ်၊ စားပွဲတင်တင်းနစ်၊ Xiangqi ၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ သုံးမျိုးစုံ၊ ဘော်လီဘောအားကစား နည်းများ ပါဝင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ အနေဖြင့် ယင်းပြိုင်ပွဲတွင် အားကစားနည်း ၁၈ မျိုး ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။
ဗီယက်နမ်နိုင်ငံအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲ ကို ၂၀၀၃ ခုနှစ်တွင် လက်ခံကျင်းပပြီးနောက် ပိုင်း ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ် သည်။
ရဲရင့်လွင်