
ရန်ကုန် နိုဝင်ဘာ ၈
အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၀ အာဆီယံ ဆူဇူကီးဖလား ခြေစစ်ပွဲမှ ဘရူနိုင်းအသင်း နုတ်ထွက်ခဲ့ကြောင်း နိုဝင်ဘာ ၈ ရက်က အတည်ပြုထုတ်ပြန်ခဲ့သည်။ ဘရူနိုင်းအသင်း နုတ်ထွက်ခဲ့သဖြင့် တီမောအသင်း ခြေစစ်ပွဲအောင်မြင်ပြီး မြန်မာအသင်းပါဝင်သော အုပ်စု (A) သို့ ကျရောက်ခဲ့သည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ဆူဇူကီးဖလားခြေစစ်ပွဲကို ဒီဇင်ဘာ ၁ ရက်တွင် ကျင်းပရန် စီစဉ်ထားပြီး အဆင့်သတ်မှတ်ချက်
အနိမ့်ဆုံးဖြစ်သည့် ဘရူနိုင်းနှင့် တီမောအသင်းကစားရမည်ဖြစ်သည်။ သို့သော် ဘရူနိုင်းအသင်းမှာ နုတ်ထွက်ခဲ့သဖြင့် တီမောအသင်းသည် ခြေစစ်ပွဲကစားရန်မလိုဘဲ နောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့်ရရှိခဲ့ သည်။ ဘရူနိုင်းအသင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အသင်း ပြင်ဆင်ရာတွင် အခက်အခဲများရှိပြီး နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ နောက်ဆုံးအဆင့် အုပ်စုမဲခွဲထားမှုအရ ခြေစစ်ပွဲအောင် အသင်းသည် အုပ်စု (A) သို့ ကျရောက်မည်ဖြစ်ရာ တီမောအသင်းသည် ထိုင်း၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူအသင်းတို့နှင့် တစ်အုပ်စုတည်း ကစားရမည်ဖြစ်သည်။ အုပ်စု (B) တွင်မူ လက်ရှိချန်ပီယံ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် လာအိုအသင်းတို့ ပါဝင်နေ သည်။
ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားသည့် ၂၀၂၀ အာဆီယံ ဆူဇူကီး ဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲယှဉ်ပြိုင်ရန် အောက်တိုဘာလဆန်းပိုင်းတွင် စတင် ပြင်ဆင်ခဲ့ပြီး လက်ရှိတွင် တူရကီနိုင်ငံ၌ လေ့ကျင့်မှုများပြုလုပ်လျက် ရှိသည်။ ရဲရင့်လွင်