
ပြည်ထောင်စုသားတစ်ဦး
သာစွဌာနီ ရခိုင်ပြည်နယ်ကို ပြည်ထောင်စုသားများက အနောက်တံခါးလို့ တင်စားသတ်မှတ်ခဲ့ကြတယ်။ ရခိုင်ပြည်နယ်ရဲ့ မြောက်ဘက်ဆုံး တောင်ကုန်းဒေသမှ တောင်ဘက် ဂွမြို့နယ်အဆုံး ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ကျောက်ချွန်ဝအထိ အလျားမိုင်ပေါင်း ၃၆၀ ခန့် ရှည်လျားတယ်။ ရခိုင်ပြည်နယ်ဟာ မြောက်ဘက်မှာ အတန်ငယ်ကျယ်ပြန့်ပြီး တောင်ဘက်သို့ ကျဉ်းမြောင်းရှည်လျားလာရာ လိမ္မော်သီးစိတ်ပုံသဏ္ဌာန်ရှိတယ်။ မြောက်ဘက်မှာ မိုင်ပေါင်း ၁၀၀ ခန့်ကျယ်ဝန်းပြီး တောင်ဘက်အရပ်က မိုင် ၂၀ ခန့် ကျယ်ဝန်းတယ်။
ရခိုင်ပြည်နယ်ဟာ စတုရန်းမိုင်ပေါင်း ၁၄၂၀၀ ခန့် ကျယ်ဝန်းပြီး မြောက်ဘက်မှာ ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ဘင်္ဂလားဒေ့ရှ်သမ္မတနိုင်ငံ တည်ရှိတယ်။ တောင်ဘက်မှာ ဧရာဝတီတိုင်းဒေသ ကြီးက သာပေါင်းမြို့၊ အရှေ့ဘက်မှာ ရခိုင်ရိုးမ တောင်တန်းကြီးဖြင့် နယ်နိမိတ်သတ်မှတ်ထားတဲ့ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်နဲ့ ပဲခူးတိုင်း ဒေသကြီး ပန်းတောင်းမြို့နယ်၊ အနောက်ဘက်မှာ ဘင်္ဂလားပင်လယ်အော်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ တည်ရှိတယ်။
နတ်မြစ်၊ မယူမြစ်၊ ကုလားတန်မြစ်(ကစ္ဆပနဒီ)၊ လေးမြို့မြစ်၊ မယူတောင်တန်း (ခေါ်) မေယု တောင်တန်း၊ မင်းကြီးတောင်၊ စိုင်းတင်တောင်၊ ဖရုံကာကျွန်း၊ ရမ်းဗြဲကျွန်း၊ မာန်အောင်ကျွန်းစတဲ့ ရေသယံဇာတ၊ မြေသယံဇာတတွေဟာ ဒေသခံ ရခိုင်တိုင်းရင်းသားများနဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားတို့ရဲ့ နှလုံးသည်းပွတ်ဖြစ်တယ်။ အရှေ့ ဖရုံကာကျွန်း(ခေါ်) အင်ဂရားချိုင်ကျွန်းမှာ ရေနံအနည်းငယ်ထွက်ရှိခဲ့လို့ ရှေးအခါက အီးဇီး ကယ်လ် အင်္ဂလိပ်ရေနံကုမ္ပဏီက ရေနံတူးဖော်ခဲ့ဖူး တယ်။
သဘာဝသယံဇာတတွေ ပေါကြွယ်ဝ
ရခိုင်ပြည်နယ်ရဲ့မြေသယံဇာတအရ ဆန် စပါး၊ ငရုတ်ကောင်း၊ နှမ်း၊ မြေပဲ၊ ဆေးရွက်ကြီး၊ ရော်ဘာ၊ ဆီအုန်းစတဲ့ စိုက်ပျိုးရေးလုပ်ငန်းအပြင် ရေလုပ်ငန်းပါ စီးပွားဖြစ် ဖြစ်ထွန်းအောင်မြင်တယ်။ ရေနံနဲ့သဘာဝဓာတ်ငွေ့၊ အဆင့်မြင့်သံသတ္တုနဲ့ ကျောက်သလင်း (မာဘယ်လ်ကျောက်) အပါအဝင် သဘာဝသယံဇာတတွေ ပေါကြွယ်ဝတယ်။
ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားများ အပြင် သက်၊ ဒိုင်းနက်၊ မြို(ခေါ်) ခမီ တိုင်းရင်းသား မျိုးနွယ်စုတွေလည်း ရှေးယခင်ကတည်းက နေထိုင်ခဲ့ကြတယ်။
၁၈၈၅ ခုနှစ် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ အပြီး မြန်မာပြည်တစ်ပြည်လုံး အင်္ဂလိပ် လက်အောက် ကျရောက်ခဲ့တဲ့ကာလမှာတော့ ကိုလိုနီနယ်ချဲ့တွေဟာ သူတို့ရဲ့စီးပွားရေး အကျိုး အမြတ်အတွက် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရဲ့ Market Economy ကို ပြောင်းပစ်လိုက်တယ်။ အထူးသဖြင့် အောက်မြန်မာပြည်မှာ လယ်ယာ မြေရိုင်းတွေက အများကြီးရှိတော့ ပြည်ပကို ဆန်စပါးရောင်းထုတ်နိုင်ဖို့ စီစဉ်ဆောင်ရွက်လာ တယ်။
စူးအက်တူးမြောင်းဖွင့်တဲ့အချိန်မှာ လယ်ယာ မြေတွေကို အတင်းတိုးချဲ့လာခဲ့တယ်။ တိုးချဲ့တဲ့ အခါ အလုပ်သမားတွေ လိုလာတဲ့အတွက် အိန္ဒိယက ခေါ်ယူခဲ့တယ်။ ဒါ့အပြင် Infrastructure တွေ ဆောက်တဲ့နေရာမှာလည်း နဂိုကတည်းက ကျွမ်းကျင်မှုရှိတယ်ဆိုတဲ့ အိန္ဒိယသားတွေကို ခေါ်လာတယ်။ မီးရထားမောင်းလည်း အိန္ဒိယ၊ သင်္ဘောမောင်းတဲ့ စလင်တို့ အလုပ်သမားတို့ဆိုတာ လည်း အိန္ဒိယ၊ မြေတိုင်းစာရေးလည်း အိန္ဒိယ၊ နောက်ဆုံး လန်ချားဆွဲတဲ့သူကလည်း အိန္ဒိယပဲ။
အာရှတိုက်ရဲ့စပါးကျီ
အဲဒီခေတ်က မြန်မာနိုင်ငံဟာ အာရှတိုက်ရဲ့ စပါးကျီတစ်ခုဖြစ်ခဲ့တယ်။ ထိုခေတ်မှာ ဆန်တန်ချိန် သုံးသန်း၊ လေးသန်း ပို့နိုင်ခဲ့တယ်။ သို့ပေမယ့် မြန်မာ တောင်သူလယ်သမားတွေက ဒီအကျိုးအမြတ်ကို မခံစားခဲ့ရပါဘူး။ အရင်းအနှီးတွေက ဗြိတိသျှ ဘဏ်ကြီးတွေကနေ လယ်သမားတွေဆီကို တိုက်ရိုက်မရောက်ဘူး။ ကြားခံချစ်တီးတွေက တစ်ဆင့်ခံသွားတယ်။ ချစ်တီးတွေက အင်္ဂလိပ် ဘက်ကနေ အတိုးနှုန်းကို ၁ ဒသမ ၅ ရာခိုင်နှုန်းနဲ့ယူပြီး တော့ မြန်မာတောင်သူလယ်သမားတွေကို ငါးရာခိုင် နှုန်း၊ ခြောက်ရာခိုင်နှုန်းနဲ့ ပြန်ပြီးချေးတယ်။ တစ်နှစ်ကုန်လို့ မဆပ်နိုင်တဲ့အခါ နှစ်ပြန်တိုးဆိုပြီး ထပ်ထပ်တက်တက်သွားတဲ့အတွက် မြန်မာတွေရဲ့ လယ်တွေအကုန်လုံး ချစ်တီးလက်ထဲထိုးအပ်လိုက် ရတဲ့အခြေအနေဖြစ်ခဲ့တယ်။
တစ်ဖက်ကလည်း မြန်မာနိုင်ငံဟာ ရေကြည်ရာ မြက်နုရာနိုင်ငံဖြစ်လို့ ထိုစဉ်က စနစ်ကြောင့်၊ စီးပွား ရေးကြောင့် အခက်အခဲဖြစ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံများက နိုင်ငံသားတွေဟာ မြန်မာနိုင်ငံထဲကို တစ်ဝမ်းတစ်ခါးဝမ်းဝဖို့ ရွှေ့ပြောင်းအခြေချလာကြ တယ်။
မြန်မာပြည် လွတ်လပ်ရေးရပြီးတဲ့အချိန်မှာ လည်း ဝင်လာမစဲ တသဲသဲပဲ။ သို့ကလိုကြောင့် ဆရာကြီးသော်တာဆွေက “ရေကြည်ရာ မြက်နုရာ” ဆောင်းပါးမှာ ဤမြေချာသည် ကမ္ဘာ့မျက်စိတွင် ရေကြည်ရာ မြက်နုရာ ဖြစ်နေပါသောကြောင့် အနောက်ကလဲ လာသည်။ အရှေ့ကလဲ လာသည်။ ရေထဲကလဲ လာသည်။ မိုးပေါ်ကလဲ လာသည်။ မြေကြီးကလဲ လာသည်။
အတိအလင်းလဲ လာသည်။
တိတ်တိတ်ပုန်းလဲ လာသည်။
အထက်တန်းကျကျ အစိုးရနှင့် ဖက်စပ်လုပ်၍ လဲလာသည်။
“လာ … လာ … ဗမာပြည်သည် ကမ္ဘာအရှည်၊
ရေကြည်ရာ မြက်နုရာမြေ၊
ဘာသာတိုင်းပြန့်ပွားရာမြေ၊
ပန်းတိုင်းပွင့်စေတဲ့မြေ၊
ကပြားကဂတစ် ဗန်ဒစ်ဗန်ဒတ်တို့
ပေါက်ဖွားရာမြေ” လို့ ရေးသားခဲ့တယ်။
နဂါးမင်းစစ်ဆင်ရေးကိုဆောင်ရွက်
ရေကြည်ရာ မြက်နုရာ ရေခံမြေခံကောင်းမွန် သော ရခိုင်ပြည်နယ်သို့လည်း လူဦးရေပေါက်ကွဲမှုနှုန်း မြင့်တက်နေတဲ့ တစ်ဖက်နိုင်ငံက နိုင်ငံသားများ အလုံးအရင်းနှင့် ဝင်ရောက်လာကြတယ်။ စိုက်ပျိုး ရေးနဲ့ ရေလုပ်ငန်းတွေ ဝင်လုပ်ရင်း အဆင်ပြေလာ တော့ အခြေချလာကြတယ်။ အိမ်ထောင်သားမွေးရင်း လူဦးရေကလည်း တစ်စတစ်စ တိုးပွားလာတယ်။
သို့ကလိုကြောင့် ၁၉၇၈ ခုနှစ်မှာ နိုင်ငံတော်က တစ်ဖက်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူများအား စစ်ဆေးသည့် “နဂါးမင်းစစ်ဆင်ရေး”ကို ဆောင်ရွက် ခဲ့ရတယ်။
သို့ပေမယ့် ကျေးရွာများရှိ တရားမဝင်ဝင်ရောက် လာသူများဟာ ရွာတွေကိုမီးရှို့၊ ဒေသခံတွေကို ရန်ပြု ပြီး တစ်ဖက်နိုင်ငံသို့ ပြန်လည်ထွက်ပြေးသွားကြ တယ်။ ပြည်ပရဲ့ ဖိအားတွေအပြင် အိမ်နီးချင်းနှစ်နိုင်ငံ ဆက်ဆံရေးဟာလည်း တင်းမာခဲ့ကြလို့ နောက်နှစ် မှာ “ဟင်္သာစီမံချက်”ဆိုပြီး တရားမဝင် ဝင်ရောက်ခဲ့ တဲ့ အိမ်ထောင်စုတွေကို ပြန်လည်လက်ခံခဲ့ရတယ်။
ဥပဒေကို အသေအချာပြုစုရေးဆွဲ
သို့ကြောင့်မို့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌဦးနေဝင်းဟာ နိုင်ငံသားဥပဒေတစ်ရပ် ပြဋ္ဌာန်း နိုင်ဖို့ ကြိုးစားခဲ့တယ်။ ပညာရှင်များနဲ့ ညှိနှိုင်းတိုင်ပင် ပြီး တစ်နိုင်ငံလုံးမှာ ဆန္ဒတွေခံယူပြီးမှ နိုင်ငံသား ဥပဒေကို အသေအချာပြုစုရေးဆွဲစေခဲ့တယ်။
နိုင်ငံသားဥပဒေနဲ့ပတ်သက်ပြီး ဥက္ကဋ္ဌကြီး ဦးနေဝင်းက မိန့်ခွန်းပြောကြားရာမှာ “၁၈၂၄ ခုနှစ် နောက်ပိုင်းကစပြီးတော့ လွတ်လပ်ရေးရတဲ့အထိ ဒီကြားအတွင်းမှာ ကျွန်တော်တို့ နိုင်ငံအတွင်းကို နိုင်ငံခြားသားတိုင်းတစ်ပါးသားတွေဟာ အဆီး အတားမရှိ အကြောင်းကြောင်းတွေကြောင့် ဝင်ခဲ့ကြ ပါတယ်။ အဲဒီဝင်တဲ့အကြောင်းကလည်း စီးပွားရေး အများဆုံး၊ စီးပွားရေးကြောင့်လာကြပါတယ်။ ဦးဆုံး လာတာကတော့ ကျွန်တော်တို့နိုင်ငံကို အုပ်ချုပ်သွား တဲ့အင်္ဂလိပ်ပေါ့။ သူ့နောက်က အဆွယ်အပွားတွေ အနေနဲ့ကတော့ အများကြီးပဲ ရောက်လာခဲ့တယ်။ ဒီတော့ ဒီလောက်ပဲပြောကြပါစို့ရဲ့။
ဒီနိုင်ငံခြားက အကြောင်းကြောင်းကြောင့် ရောက်လာကြတဲ့ ဒီလူတွေကိုပြန်ပြီးတော့ နှင်ထုတ်လို့လည်း လက်တွေ့ဖြစ်နိုင်တဲ့ အခြေ အနေမရှိဘူး။ ဒါ့အပြင်လည်းပဲ လူလူချင်း စာနာတဲ့သဘောနဲ့ ရောက်နေပြီးမှတော့ ဒီလောက် ကြာ နှစ်ရှည်လများနေပြီးတော့မှတော့ သူတို့ ကို စိတ်ချမ်းချမ်းသာသာလေးနေပါစေဆိုတဲ့ စေတနာ ကျွန်တော်တို့ထားဖို့ လိုလာတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က သူတို့ကို အခုဥပဒေမှာတော့ “ဧည့်နိုင်ငံသား” ဆိုပြီးတော့ အမည်တပ်လိုက်တယ်။
ဒါ ဘာလို့တပ်ရတာလဲဆိုတော့ ဟိုးအရင် တုန်းက ကျွန်တော်တို့နိုင်ငံသားချည်းပဲ၊ ကျွန်တော် တို့တိုင်းရင်းသားတွေချည်းပဲ။ သို့ပေမယ်လို့ ဒီလူ တွေဟာ ဧည့်သည်အဖြစ်နဲ့ ရောက်လာကြတယ်။ အဲဒီဧည့်သည်အဖြစ်နဲ့ ရောက်လာကြရာကနေပြီး တော့ မပြန်နိုင်၊ ဒီမှာပဲခေါင်းချကြတော့မယ်ဆိုပြီး တော့ ခေါင်းချမယ့်ဘဝရောက်နေပြီ။
အဲဒီတော့ ခေါင်းချရမယ့် ဘဝရောက်နေတော့ ကျွန်တော်တို့နိုင်ငံသားအဖြစ်နဲ့ ကျွန်တော်တို့ လက်ခံတယ်ထား၊ လူလူချင်းစာနာတဲ့သဘောနဲ့ သူတို့ကို သက်ညှာတယ်ဆိုပေတယ်လို့ ကိုယ့်ကို အန္တရာယ်ဖြစ်အောင်တော့ သက်ညှာလို့မဖြစ်ဘူး။ သက်ညှာတယ်ဆိုတာက ဒီတိုင်းပြည်မှာ နေထိုင် ခွင့်ပေးမယ်၊ ဒီတိုင်းပြည်မှာ လုပ်စားကိုင်စားခွင့် တရားသဖြင့်ပေါ့လေ၊ အလုပ်ကို လုပ်ကိုင်စားခွင့် ပေးမယ်၊ သို့သော်လည်း အချို့အချက်အလက်တွေ မှာတော့ တစ်တိုင်းတစ်ပြည်လုံးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ တိုင်းပြည်ကြမ္မာကို ဖန်တီးမယ့်ကိစ္စတွေ မှာတော့ သူတို့ဟာ ဝင်ပြီးတော့ ခြယ်လှယ်နိုင်မယ့် အဲဒီလိုကိစ္စတွေမှာတော့ သူတို့ကိုချန်ထားရလိမ့် မယ်။ ဒါဟာသူတို့ကို ကျွန်တော်တို့ မုန်းလို့မဟုတ် ဘူး။
သို့သော်လည်း လက်တွေ့မှာ အဲဒီတိုင်းပြည် ကြမ္မာကို ဖန်တီးနိုင်တဲ့နေရာမျိုးမှာ သူတို့ကို ထားလို့ရှိရင် မတော်လို့များ သူတို့က သူတို့တာဝန် ကို အကျေအပွန် တိုင်းပြည်ပေါ်မှာ အကျေအပွန် မဆောင်ရွက်ဘဲနဲ့ ဖောက်လို့ရှိရင် ကျွန်တော်တို့ တိုင်းပြည် ဒုက္ခရောက်လိမ့်မယ်။
ဒီဥပဒေကိုဆွဲတာဟာ တော်တော်အချိန်ယူပြီး တော့လေ၊ အားလုံးသိတဲ့အတိုင်းပဲ တစ်တိုင်းပြည် လုံးကို တိုင်ပင်ပြီးတော့ဆွဲတာပဲ။ အဲဒီဥပဒေကို ရေးတဲ့အခါကျတော့ အကြမ်းရေးတာဟာ အောက်မှာတော့ ဘယ်နှခါရေးတယ် မပြောတတ် ဘူး။ ကျွန်တော့်ဆီရောက်ပြီးမှ ထပ်ထပ်ပြီး ကျွန်တော်တွေ့ရတာဟာ ခြောက်ခါလောက်ရှိမယ်။ စကားအသုံးအနှုန်း အချို့အချက်တွေကျန်လို့” စသည်ဖြင့် ထည့်သွင်းပြောကြားခဲ့တယ်။
ဆင်ကြံကြံပြီး အခါအခွင့်ကို စောင့်နေကြ
မြန်မာနိုင်ငံသားဥပဒေကို ၁၉၈၂ ခုနှစ် အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယအစည်းအဝေးမှာ အတည်ပြုခဲ့တယ်။ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ လို့ ထင်ရှားကျော်ကြားခဲ့တယ်။ ဒီဥပဒေကို ကိုလိုနီ လက်သစ်နိုင်ငံကြီးအချို့နဲ့ ပြည်တွင်းက အမျိုး သားရေးသစ္စာဖောက်ပုဆိန်ရိုးတွေက လုံးဝမနှစ်မြို့ ခဲ့ကြဘူး။ ဆင်ကြံကြံပြီး အခါအခွင့်ကို စောင့်နေကြ တယ်။
သို့နှင့် မြန်မာ့နိုင်ငံရေးအကူးအပြောင်း ကာလ ၂၀၁၂ ခုနှစ် ဦးသိန်းစိန် ဒီမိုကရေစီအစိုးရ သစ်လက်ထက်မှာ မေလ ၂၈ ရက်ကဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဖြစ်စဉ်နဲ့ ဇွန်လ ၃ ရက်က ဖြစ်ပွား ခဲ့တဲ့ သံတွဲခရိုင် တောင်ကုတ်မြို့ဖြစ်စဉ်တို့အပေါ် အကြောင်းပြုပြီး ၂၀၁၂ ခုနှစ် ဇွန်လမှာ ရခိုင် ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာ တည်ငြိမ် အေးချမ်းရေးနဲ့ ဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြား စေတဲ့ လူစုလူဝေးနဲ့ အုပ်စုဖွဲ့၍ ဥပဒေမဲ့ဆောင်ရွက်မှု များ၊ လူအုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုများ ဖြစ်ပွား ခဲ့တယ်။
အဆိုပါဖြစ်စဉ်က အစပြုပြီး အိုအိုင်စီဟာ ဘာသာရေးအရ နယ်မြေပိုင်ဆိုင်ခွင့်၊ ကိုလိုနီ လက်သစ် အနောက်နိုင်ငံကြီးအချို့က အင်အား ကြီးထွားလာတဲ့ တရုတ်ပြည်ကြီးရဲ့ ပင်လယ် ထွက်ပေါက်နဲ့ အကျိုးစီးပွားအပေါ် တန်ပြန်လိုတဲ့ ပထဝီနိုင်ငံရေးအရ ခလောက်ဆန်မှုတွေကြောင့် ပြည်ထောင်စုဖွားတိုင်းရင်းသားတို့ရဲ့ ရခိုင်ပြည်နယ် ရဲ့အနောက်တံခါးဟာ မတည်မငြိမ် ဖြစ်လာခဲ့ တယ်။
လုံခြုံရေးစခန်းတွေကိုပါ ဝင်ရောက်တိုက်ခိုက်
၂၀၁၆ ခုနှစ် NLD အစိုးရအသစ် တက်လာတဲ့ အချိန်မှာတော့ အရှိန်အဟုန်ဟာ ပိုမြင့်လာတယ်။ အယ်လ်ကေဒါ၊ အိုင်အက်စ်နဲ့ တောင်အာရှဒေသက ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့တွေနဲ့ ချိတ်ဆက်ထားတဲ့အာဆာ (ARSA) အကြမ်းဖက် အဖွဲ့ဝင်တွေဟာ လုံခြုံရေးစခန်းတွေကိုပါ ဝင်ရောက်တိုက်ခိုက်လာတယ်။
တပ်မတော်ဟာ တရားဥပဒေစိုးမိုးရေး၊ နယ်မြေဒေသတည်ငြိမ်ရေးနဲ့ ဒေသခံတိုင်းရင်းသား မိဘပြည်သူများရဲ့အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ရေးအတွက် စစ်ဆင်ရေးတွေ ပြန်လည် ဆင်နွှဲတဲ့အခါကျတော့ အနောက်နိုင်ငံကြီးများနဲ့ အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့အစည်း အချို့ဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် ပုံဖော် စွပ်စွဲလာပြီး ဘင်္ဂါလီများကို ရိုဟင်ဂျာလူမျိုးလို့ ပုံဖော် လာခဲ့ကြတယ်။
လွတ်လပ်ရေးရပြီးကတည်းက ဘင်္ဂါလီ နိုင်ငံရေးလှုပ်ရှားသူတွေဟာ ကိုယ်ပိုင်နယ်မြေ အဖြစ် လိုချင်ခဲ့ကြတယ်။ တချို့က ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရနယ်မြေလောက်ဆို ကျေနပ်တယ်။ တချို့ သီးခြားနိုင်ငံထောင်ဖို့၊ သို့မဟုတ် အရှေ့ပါကစ္စတန် နဲ့ပေါင်းဖို့၊ တချို့က ရခိုင်တစ်ပြည်လုံးဆွဲထည့်ပြီး အာရကန်ဒေ့ရှ်နိုင်ငံလုပ်ဖို့၊ အနိမ့်ဆုံးကိုယ်ပိုင်နယ်မြေ ရဖို့ ရည်ရွယ်ပြီး ကိုယ်ပိုင်လူမျိုးလက္ခဏာနဲ့ သီးခြား လူမျိုးလက္ခဏာဖြစ်လာအောင် ရိုဟင်ဂျာဆိုတာကို ဖန်တီးယူခဲ့ကြတယ်။
၂၀၁၂ ခုနှစ် အရေးအခင်းဟာ ဒီအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အလွန်ကောင်းတဲ့ အခွင့် အရေးကြီးဖြစ်သွားခဲ့ပါတယ်။ နိုင်ငံရေးအရ ARU ပေါ်လာပြီး ကမ္ဘာ့မျက်နှာစာမှာ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားလာကြတယ်။ နိုင်ငံတကာဥပဒေကို အသုံးချ ချင်တာနဲ့ မြန်မာ့တပ်မတော်ကို Genocide ကိစ္စ ဆိုပြီး ပုံဖော်ဖန်တီးလာကြတယ်။
အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရ
သို့ကလို အခြေအနေမျိုးမှာ NLD အစိုးရဟာ မြန်မာ့အရေးကို ကမ္ဘာ့အရေးအဖြစ် သက်ရောက် စေမယ့် ကိုဖီအာနန်ကော်မရှင်ကို ဆွဲသွင်းလာတယ်။ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်ရေးဆွဲဖို့ အကြံပြုချက်တွေပါဝင်တဲ့ ကိုဖီအာနန်အဖွဲ့ရဲ့ အစီရင် ခံစာတင်တဲ့နေ့ ညပိုင်းမှာပဲ ယခင်တစ်ခါထက် ပိုကြီး တဲ့အင်အားနဲ့ နောက်ထပ်တစ်ကြိမ် ထပ်အတိုက်ခံရ ပြန်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေသာမက ဟိန္ဒူ လူမျိုးတွေပါ အစုလိုက်အပြုံလိုက် အသတ်ခံလိုက် ရတယ်။
တပ်ကဝင်ရှင်းတော့ ICG က ချက်ချင်းဆိုသလို တပ်က ရွာတွေကို မီးရှို့နေပါတယ်ဆိုပြီး Google earth ဂြိုဟ်တုဓာတ်ပုံနဲ့တင်လာတယ်။ CNN၊ BBC၊ Reuters၊ နယူးယော့ခ်တိုင်း၊ ဝါရှင်တန်ပို့စ် အပါအဝင် ပြည်တွင်းပြည်ပမီဒီယာတွေကလည်း ကြိုတင် ဇာတ်တိုက်ထားသလို ဆွမ်းကြီးဝိုင်းလောင်းကြ တယ်။ HRW က ထအော်တယ်။
ဒီနောက်မှာ ယန်ဟီးလီတို့၊ UN Fact Finding Mission(FFM)တို့၊ International Impartial and Independent Machanism(IIIM)တို့ ဝင်လာပြီး ICC, ICJ ဇာတ်လမ်းတွေ ပေါ်လာခဲ့ပါတယ်။
ပစ္စက္ခ မြန်မာနိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ် အတွင်းမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရလို့ ဆိုတဲ့ NUG အဖွဲ့ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်ဆလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီနဲ့ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်က ပထမဆုံးတွေ့ဆုံခဲ့တယ်။
NUG အစိုးရရဲ့ ရိုဟင်ဂျာမူဝါဒ ထုတ်ပြန် ပေးတာ၊ လူထုဆန္ဒမပါဘဲ ရေးဆွဲထားတဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို ဖျက်သိမ်းမယ်ဆိုတဲ့ကိစ္စတွေကို ကော်မတီအနေနဲ့ ကြိုဆိုကြောင်း အဆိုပါ ကော်မတီရဲ့သတင်းထုတ်ပြန်ချက်ကို တွေ့ရတယ်။
ယခုရက်ပိုင်းကျင်းပတဲ့ (၁၀၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ ကလည်း “Resolution for a return to demo- cracy and respect for fundamental rights in Myanmar” ခေါင်းစဉ်ပါ အဆိုမူကြမ်းမှာ “ရိုဟင်ဂျာ” ဆိုတဲ့အသုံးအနှုန်းကို အသုံးပြုပြီး အဆိုမူကြမ်းကို ဇွန် ၁၉ ရက်မှာ အတည်ပြုချမှတ်ခဲ့တယ်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနကလည်း ၂၀၂၁ ခုနှစ် ဇွန်လ ၂၂ ရက် ရက်စွဲနဲ့ အဆိုမူကြမ်းပါ မတရားစွပ်စွဲ ချက်များအပြင် “အထူးသဖြင့် နိုင်ငံရေးရည်ရွယ် ချက်များဖြင့် တီထွင်ဖန်တီးထားသည့် ရိုဟင်ဂျာ ဟူသည့် အသုံးအနှုန်းကို မြန်မာအစိုးရနှင့် ပြည်သူ များ အသိအမှတ်ပြုခြင်းမရှိဘဲ ပယ်ချသည်” ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။
သို့ကြောင့်မို့ လတ်တလော NUG ရဲ့ ရိုဟင်ဂျာ မူဝါဒနဲ့ ၁၉၈၂ နိုင်ငံသားဥပဒေ ဖျက်သိမ်းမယ်ဆိုတဲ့ ကိစ္စဟာလည်း ရှေးမြန်မာဘိုးဘွားတွေနဲ့ မြန်မာ နိုင်ငံအပေါ် အမျိုးသားရေးသစ္စာဖောက်ဖျက်ပြီး မြန်မာတို့ရဲ့အနောက်တံခါးကို ဖွင့်ပေးမယ့် အကြံ အစည်ကြီးဖြစ်တဲ့အတွက် သမိုင်းတရားခံသာမက သမိုင်းရဲ့ဒဏ်ခတ်ခြင်းကိုပါ ခံယူရမှာဖြစ်ကြောင်း သတိပေးတင်ပြလိုက်ရပါတယ်။ ။
- Log in to post comments