နယ်လ်ဆင်မင်ဒဲလား

Type

နှစ်ဆယ်ရာစုရဲ့      အကြီးကျယ်အခမ်းနားဆုံး statesmen က ဘယ်သူဖြစ်မလဲ။ ဂျိုးဇက်စတာလင် နဲ့ မော်စီတုံးကို  ဘေးဖယ်ထားလိုက်ပါ။  အာဏာရှင် ဆန်ဆန် အမျိုးသားရေးဝါဒီတွေဖြစ်တဲ့ ဂါ့မဲလ် အက်ဘ်   ဒယ်လ်   နက်ဆာနဲ့  ပိုလေးစားဖို့ကောင်း သလောက်   သြဇာလွှမ်းမိုးမှုကျတော့  ပိုနည်းတဲ့ ဗက်ကလက်ဟာဗယ်လ်တို့ကိုလည်း အသာထား လိုက်ပါ။ ပြီးတော့  နောက်ထပ်နာမည်  ဒါဇင် ဝက်လောက်ကို ဆန်းစစ်လိုက်ပါဦး။ မိုဟန်ဒါ့စ် ဂန္ဒီ၊ ဝင်စတန်ချာချီ၊ ဖရန်ကလင် ရုဇဗယ့်၊ ချားလ်စ်ဒီ ဂေါလ်၊ ဂျက်ခ်ကနေဒီနဲ့  နယ်လ်ဆင်မင်ဒဲလားတို့ ဖြစ်နိုင်ပါတယ်။ ကမ္ဘာအနှံ့အပြားက သန်းပေါင်း များစွာသော     လူတို့အဖို့ရာမှာတော့    ၂၀၁၃ ခုနှစ်    ဒီဇင်ဘာလ  ၅  ရက်နေ့က ကွယ်လွန်သွား ခဲ့တဲ့ အသက် ၉၅ နှစ်အရွယ်  အထက်ပါစာရင်းထဲမှ နောက်ဆုံးပုဂ္ဂိုလ်သာလျှင် ဖြစ်ပါတယ်။

 


တွေးတောကြည့်ရုံသာ တတ်နိုင်

 


မစ္စတာမင်ဒဲလားရဲ့   ရဲစွမ်းသတ္တိ အဆင့် အတန်းက အံ့မခန်းထူးခြားလှပါတယ်။ သူ့ရဲ့ ကျော်ကြားမှုက   နှစ်ပေါင်းများစွာကြာအောင် သူ့တိုင်းပြည်ဖြစ်တဲ့ တောင်အာဖရိကနိုင်ငံအတွင်း ထဲမှာပဲ ရှိခဲ့တာပါ။ ပုန်ကန်ထကြွမှုကြီးအတွက် သူ့ရဲ့ပထမဆုံး အမှုအဆုံးသတ်ခဲ့တဲ့အချိန်အထိ
နိုင်ငံရပ်ခြားမှာ လူသိမများသေးပါဘူး။ အပြစ်မရှိ ကြောင်း ဆုံးဖြတ်ခဲ့ပေမယ့် သူ့လွတ်လပ်ခွင့်ဟာ နောက်ထပ်တစ်နှစ်ကျော်ကျော်လေးပဲ ခံခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်မှာ စတင်စစ်ဆေးခဲ့တဲ့ ရီဗိုးနီးယား အမှုမှာ နိုင်ငံရေးအရ အကြမ်းဖက်မှုလုပ်ခဲ့တယ်လို့ ပြစ်ဒဏ်ချမှတ်ခြင်းမခံရခင် အချိန်အထိပါ။ နှစ်ရှည် လများ ချုပ်နှောင်ခံခဲ့ရတဲ့ကာလအတွင်းမှာ (အဲဒီ ကာလရဲ့ ၁၇ နှစ်လောက်က ရော်ဘင်ကျွန်း၊ ကိတ်ပ် ကမ်းရိုးတန်းရဲ့ လေပြင်းဒဏ်ခံဒေသ အယ်လ်ကတ် ရက်ဇ်မှာ နေခဲ့ရတာပါ။) အချုပ်အနှောင်ဘဝက လွတ်မြောက်ပြီး ပြန်လည်ထွက်ပေါ်လာခဲ့တဲ့ ၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာတော့ ၁၉၆၄ ခုနှစ်ကတည်းက သူ့ဓာတ်ပုံတွေကို ဖော်ပြတာမျိုး လုံးဝမရှိခဲ့လေတော့ ကမ္ဘာကြီးဟာ သူဘယ်လို ပုံစံများဖြစ်နေမလဲလို့ပဲ တွေးတောကြည့်ရုံသာ တတ်နိုင်ခဲ့ပါတော့တယ်။

 


သူ အဲဒီအချိန်မှာ ၇၁ နှစ်ရှိနေပါပြီ။ နိုင်ငံရေးကို တစ်စိတ်တစ်ပိုင်းသာ တက်တက်ကြွကြွလုပ်နိုင်ဖို့ ဆယ်နှစ်လောက်ပဲ ကျန်တော့တယ်လို့ ဆိုနိုင်ပါ တယ်။ သို့သော်ငြားလည်း တခြား ဘယ်တစ်ဦး တစ်ယောက်နဲ့မှ မတူပါဘူး။ သူဟာ အဲဒီ ဆယ်စု နှစ်ကာလအတွင်းမှာပဲ ပြန်လည်ရင်ကြားစေ့ရေးကို ခိုင်မာစေခဲ့ပါတယ်။ အဲဒီခေတ်ရဲ့ စက်ဆုပ်ဖွယ် အကောင်းဆုံး အသားရောင်ခွဲခြားမှုကို အကောင်း ဆုံး ငြိမ်းချမ်းစွာ အဆုံးသတ်ပေးခဲ့ပါတယ်။ အစာနာ တတ်ဆုံး   အမြင့်မြတ်ဆုံးသူတွေပင် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က စိတ်မကူးခဲ့ဖူးတဲ့ ဒီမို ကရက်တစ် တောင်အာဖရိကနိုင်ငံကို စတင်ဖို့ အကြီးအကျယ် မျှော်လင့်ခွင့်ပေးခဲ့ပါတယ်။

 


ထူးခြားခမ်းနားလှတဲ့ ကိုယ်ရည်ကိုယ်သွေး ဟာ မထင်မရှားနဲ့   နှစ်ပေါင်းများစွာ  ဖိနှိပ်ခံ ထားရသူတစ်ယောက်က အခုလို သြဇာလွှမ်းမိုးနိုင် ခြင်းရဲ့ အကြောင်းတရားဖြစ်ပါတယ်။ ကမ္ဘာကြီးက သူရဲကောင်းအမျိုးသား အမျိုးသမီးတွေကို လိုအပ် ပါတယ်။ ဒါပေမဲ့ အမြဲတမ်းတော့ အမြော်အမြင်ရှိရှိ ရွေးချယ်ခြင်း မဟုတ်ခဲ့ပါ။ ဒါပေမဲ့ မစ္စတာမင်ဒဲလား ကို ရွေးချယ်ရာမှာတော့ သူရဲကောင်းတစ်ယောက် အတွက် လိုအပ်ချက်တွေဟာ ပကတိအရှိတရားတို့နဲ့ ကိုက်ညီခဲ့ပါတယ်။ ရိုးရိုးသားသားသာ နေထိုင်ကျင့် ကြံတတ်ကြတဲ့ ကြီးကျယ်ခမ်းနားဆုံး ပုဂ္ဂိုလ်များ လိုပါပဲ။ မစ္စတာမင်ဒဲလားဟာလည်း နားလည်ရ ခက်ခြင်းနဲ့ ဆန့်ကျင်ဘက်စရိုက်တွေ ရှိတဲ့သူပါ။ သူ့မှာ ခိုင်မာထက်သန်တဲ့ ဆုံးဖြတ်ချက် ရှိပါတယ်။ ဒီလိုမဟုတ်ရင် သူဟာလျှော့ပေါ့ လိုက်လျောမှု တွေနဲ့   ပုန်ကန်ခြားနားမှုတွေကိုဆန့်ကျင်ဖို့ သဘောတူညီမှုတွေနဲ့ အစောကြီးကတည်းက ထောင်ကနေလွတ်မှာ ဖြစ်ပါတယ်။ 

 


ကိုယ်ရည်ကိုယ်သွေးကို ပြသခဲ့

 


ဒါပေမဲ့ သူဟာ ပင်ကိုအားဖြင့် ညှိနှိုင်းစေ့စပ် ရေးသမားတစ်ယောက်၊ ရင်ကြားစေ့နိုင်သူ တစ် ယောက်ဖြစ်ပါတယ်။ သူ့စိတ်ထဲမှာ လူဖြူတွေနဲ့ ပတ်သက်လို့ ပြင်းထန်တဲ့ခံစားချက်တွေ    ရှိနေ ပေမယ့်သူဟာ သူ့ဘဝတစ်လျှောက်မှာ ခေါင်းမာတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို  ဖျောင်းဖျခဲ့ပါတယ်။ သူ့ရဲ့ အာဖရိက အမျိုးသားကွန်ဂရက် (African National   Congress-ANC)     ရဲ့မူဝါဒမှာ     လူမျိုး  ခွဲခြားရေး     လုံးဝမပါရအောင်    သေသေချာချာ အတိုက်အခံလုပ်ပြီး ထိန်းသိမ်းခဲ့တာပါ။ လက်နက် ကိုင်မူဝါဒကို သူမလွှဲမရှောင်သာ လက်ခံလိုက်ရ တော့လည်း လက်နက်ကိုင်နည်းကို အာဏာရရှိဖို့ မဟာဗျူဟာတစ်ရပ်လို အသုံးမချဘဲ အစိုးရက စေ့စပ်ဆွေးနွေးလာအောင် ဖိအားပေးဖို့သာ ရည်ရွယ် ခဲ့ပါတယ်။ နောက်ဆုံးတစ်နေ့ လူဖြူအစိုးရက လိုက်လျောမှု တွေလုပ်လာတဲ့ အချိန်ကျတော့လည်း လက်စားချေလိုမှုတွေကို လုံးဝမပြသခဲ့ဘဲ ခွင့်လွှတ် ခြင်းနဲ့ ပြန်လည်သင့်မြတ်ရေးနဲ့ပတ်သက်တဲ့   သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို အံ့မခန်းပြသခဲ့တာပါ။

 


ANC ရဲ့ စစ်ဘက်ဆိုင်ရာဦးစီးချုပ် ပြောက်ကျား ခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။ ၁၉၅၂ ခုနှစ်ကနေ ၁၉၆၇ ခုနှစ်အထိ ANC ဥက္ကဋ္ဌ ဖြစ်ခဲ့သူ အဲလ်ဘတ် လူသူလီဟာ ငြိမ်းချမ်းရေးသမား မဟုတ်သော်လည်း အကြမ်းမဖက်ရေးနည်းလမ်းကို ယုံကြည်သူပါ။ လက်နက်ကိုင်လမ်းစဉ်ကို မင်ဒဲလားဟာ တွန့်တွန့် ဆုတ်ဆုတ်နဲ့ပဲ စွန့်ခဲ့ခြင်းပါ။ သူက သူတို့လုပ်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ         လူထုကို တိုက်ရိုက်တိုက်ခိုက်တာမဟုတ်လို့   သွေးမြေမကျတဲ့ လွတ်မြောက်ရေးတိုက်ပွဲလို့ ခံယူခဲ့သူပါ။      သူ  ဘာကြောင့် လက်နက်ကိုင်လမ်းကိုလိုက်ခဲ့သလဲ ဆိုတော့ တစ်ကြောင်းက အစိုးရရဲ့ တစ်စတစ်စ ပိုမို ဖိနှိပ်လာမှုကိုဟန့်တားဖို့ တခြားနည်းလမ်းမရှိဘူး လို့ ယုံကြည်တာကြောင့်ဖြစ်ပြီး နောက်တစ်ချက်က တော့ တခြားသောပြိုင်ဘက်လက်နက်ကိုင် အဖွဲ့ တွေ (ဥပမာအားဖြင့် Pan Africanist Congress) တွေကို ရှုံးနိမ့်မှာ စိုးရိမ်မှုကြောင့် ဖြစ်ပါတယ်။

 


ကွန်မြူနစ်ဝါဒနဲ့ပတ်သက်လို့ တော်တော် စွဲလမ်းနှစ်သက်ခဲ့ပြီး တော်တော်ကြီးကြာမှ စွန့်ခဲ့ ခြင်း ဖြစ်ပါတယ်။ ၁၉၅၀ ပြည့်နှစ်များတုန်းက ဂျိုဟန်နက်စ်ဘတ်မြို့နယ် အော်လန်ဒိုမှာရှိတဲ့ သူ့အိမ်ခန်းနံရံတွေမှာ လီနင်နဲ့စတာလင်ရဲ့ ရုပ်ပုံ တွေ ချိတ်ဆွဲထားခဲ့ဖူးပါတယ်။ ကားလ်မာ့က်စ်ရဲ့ လွှမ်းမိုးမှုကိုခံခဲ့ရပြီး တောင်အာဖရိကကွန်မြူနစ် ပါတီနဲ့ ဆက်ဆံလုပ်ကိုင်မှုတွေ   ရှိခဲ့ပါတယ်။ အဲဒီအချိန် သူ့ရေးသားမှုတွေဟာ မာ့က်စ်ဝါဒနဲ့ အများကြီး ဆက်စပ်နေခဲ့ပါတယ်။
ဒါပေမဲ့ မင်ဒဲလားက သူဟာ ကွန်မြူနစ်ဟုတ် ကြောင်း အခိုင်အမာပြောလေ့ရှိပါတယ်။ ANCက ကွန်မြူနစ်ပါတီနဲ့ဆက်ဆံခြင်းဟာ ရန်သူရဲ့ ရန်သူ ဖြစ်လို့တစ်ကြောင်း ကွန်မြူနစ်တွေက တောင် အာဖရိကလူထုကို အညီအမျှ ဆက်ဆံတာကြောင့် ဖြစ်တယ်လို့   သူကပြောပါတယ်။  ဆိုဗီယက် မော်ဒယ်လ်ကို    သူကဆန္ဒမရှိကြောင်းဖော်ပြလေ့ ရှိပြီး   ဗြိတိသျှပါလီမန်ဟာ ကမ္ဘာမှာ ဒီမိုကရက် တစ်အဆန်ဆုံးပဲလို့ ပြောတတ်ပါတယ်။


ဒီမိုကရေစီအတွက်သာဖြစ်

တော်လှန်ရေးကာလတစ်လျှောက်လုံးမှာ သူဟာ   ကွန်မြူနစ်ဝါဒကို   မယုံကြည်ကြောင်း ပြသခဲ့ပြီး ၁၉၅၆ ခုနှစ် ANC ရဲ့ အဓိကမူဝါဒကို ဖော်ပြတဲ့ Freedom ကြေညာစာတမ်းမှာဆိုရင် တော်လှန်ရေးရဲ့ ရည်မှန်းချက်ဟာ ဆိုရှယ်လစ်ဝါဒ ထူထောင်ရန်မဟုတ်ကြောင်းနဲ့ လူလတ်တန်းစား အရင်းရှင်ဝါဒအခြေပြု ဒီမိုကရေစီအတွက်သာ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။


သူလက်ခံယုံကြည်ထားတဲ့ မူဝါဒတွေနဲ့ လက် တွေ့ဆောင်ရွက်ချက်တွေ အစပ်အဟပ်မတည့်ဘဲ ရှိခဲ့တာကို ကျူးဘား၊ လစ်ဗျားနဲ့ ဆီးရီးယားတို့နဲ့ ဆက်ဆံရေးများမှာ   အထင်အရှားမြင်တွေ့ခဲ့ရ ပါတယ်။ နှစ်ပေါင်းများစွာ လူ့အခွင့်အရေးရရှိရေး မူကို ANC ရဲ့ အဓိကမူဝါဒအဖြစ် ဆောင်ရွက် အကောင်အထည်ဖော်ခဲ့ပါတယ်။ မတူကွဲပြားသူများ အားလုံး   ပျော်ရွှင်လွတ်လပ်ရေးအတွက်လည်း သူသမ္မတအဖြစ်ဆောင်ရွက်စဉ်ကာလမှာ သူ့နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ တာပါ။ ၁၉၉၀ ပြည့်နှစ်များမှာ နိုင်ဂျီးရီးယား သမ္မတဖြစ်ခဲ့သူ ရက်စက်ကြမ်းကြုတ်ပြီး အလွန် ဆိုးယုတ်တဲ့ ဆန်နီအဘာချာကို သတ္တိရှိရှိ ဝေဖန် ပြစ်တင်ခဲ့ပါတယ်။ ဒါပေမဲ့ ဖီဒယ်ကက်စထရိုနဲ့ မွမ်မာ ကဒါဖီတို့ကိုတော့ သူအလားတူ ရှုတ်ချတာမျိုး မရှိခဲ့ပါဘူး။ ဒါနဲ့ပတ်သက်လို့ အမေရိကန်တွေ အံ့အားတသင့် ဖြစ်ခဲ့ရပါတယ်။ 


ဒီကိစ္စမျိုးတွေနဲ့ပတ်သက်လို့ မင်ဒဲလားရဲ့ သဘောထားဟာ နားလည်ရခက်ပါတယ်။ သူနဲ့ အတူ ထောင်တစ်သက်တစ်ကျွန်းကျခဲ့တဲ့ ရဲဘော် ခုနစ်ယောက်အနက် တစ်ယောက်ဖြစ်သူ အာမက် ကက်သရာဒါက ပြောတာကတော့ မိတ်ဆွေ တစ်ယောက်နဲ့ပတ်သက်ရင် မင်ဒဲလားရဲ့စိတ်ကို ပြောင်းလဲဖို့ မလွယ်ပါဘူးတဲ့။ နောက်မင်ဒဲလားဟာ ငယ်ငယ်ကတည်းက မိသားစုနဲ့ ကွဲကွာခဲ့ရတာပါ။
နားလည်ရခက်


 ပထမဦးဆုံး မိခင်ရဲ့စောင့်ရှောက်မှုအောက်မှာ နေခဲ့ရပါတယ်။ နောက်ဆယ်နှစ်အရွယ်မှာ ဖခင် ဖြစ်သူကွယ်လွန်ပြီးတဲ့နောက် ဇိုစာ ဘာသာစကား ပြောတဲ့ မျိုးနွယ်စု တစ်ဒါဇင်လောက်ထဲက တစ်ခု ဖြစ်တဲ့ သန်ဘူးမျိုးနွယ်စု ခေါင်းဆောင်က စောင့် ရှောက်ဖို့လက်ခံခဲ့ပါတယ်။ ဒီလို ပုံမကျပန်းမကျ ထိန်းသိမ်းစောင့်ရှောက်ခံခဲ့ရတော့ မင်ဒဲလားရဲ့ အမူအကျင့်တွေအပေါ် ရိုက်ခတ်မှုရှိတယ်ဆိုရင် တစ်ခါတစ်ရံမှာ သူ့အတွက်ကောင်းမွန်တဲ့ အမူ အကျင့်တွေကို ဖြစ်ပေါ်စေပြီး တစ်ခါတစ်ရံတော့ သူ့အပြုအမူတွေကို နားလည်ရခက်စေတယ်လို့ ဆိုရမယ် ဖြစ်ပါတယ်။


သူဟာ တော်ဝင်ဘဝနဲ့မွေးဖွားခဲ့သူဖြစ်ပြီး သီးခြားလည်း နေတတ်ထိုင်တတ်ပါတယ်။ သူဟာ အလွန်ကို သီးသန့်နေတတ်ရုံမကဘဲ တစ်မိန့် တစ်အာဏာဆန်ချင်တဲ့ စရိုက်မျိုးတောင် ရှိတတ် တယ်လို့ လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။ ဒါပေမဲ့ ဒါက မင်ဒဲလားဟာ ရှေးရိုးစွဲဖြစ်တယ်၊  ဆက်ဆံရေးမကောင်းဘူးဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး။ ၁၉၇၀ အလယ်ပိုင်း နှစ်တွေတုန်းက အစွန်းရောက် လူမည်းလူငယ်အဖွဲ့ဖြစ်တဲ့ လူမည်း အသိတရားနိုးထရေးအဖွဲ့ (Black Consciousness Movement)က လူငယ်တွေ   ရော်ဘင်ကျွန်းကို စတင်ရောက်ရှိလာပြီး လူမည်းတွေ သီးခြားရပ်တည် ရေးတရားတွေ ဟောကြတော့   မင်ဒဲလားဟာ စိတ်ရှည်လက်ရှည်နဲ့ဘဲ လူငယ်တွေကို အသိအမှတ် ပြုခဲ့တာကြောင့် သူတို့အံ့အားသင့်ခဲ့ရတဲ့အကြောင်း သူနဲ့အတူတူ ထောင်ထဲနေခဲ့သူ ရဲဘော်တွေက ပြောပါတယ်။ နောက်ပိုင်း   မြို့နယ်တော်တော် များများမှာ အဓိကရုဏ်းတွေဖြစ်တော့လည်း မကျေမနပ်ဖြစ်နေကြတဲ့ လူငယ်တွေကို သူကပဲ ရင်ကြားစေ့ပေးခဲ့ပါတယ်။

 


အသက်နှစ်ဆယ့်နှစ်နှစ်အရွယ်မှာ  သူ့ကို ထိန်းသိမ်းစောင့်ရှောက်တဲ့    သန်ဘူးလူမျိုးစု ခေါင်းဆောင်က သူ့ကိုလက်ထပ်ပေးဖို့ စီစဉ်တာ ကြောင့် ဂျိုဟန်နက်စ်ဘတ်ကို သူထွက်ပြေးခဲ့ပါ တယ်။ နောက်သုံးနှစ်အကြာ   ၁၉၄၄ ခုနှစ်မှာ တော့  သူတစ်သက်လုံး ရင်းရင်းနှီးနှီး ပေါင်းသင်းခဲ့ တဲ့   ဝေါ်လ်တာ ဆီစူစူရဲ့ ဝမ်းကွဲညီမ အယ်ဗလင်ကို လက်ထပ်လိုက်ပါတယ်။ သူ့အတွက်   သားသမီး လေးယောက်မွေးပေးခဲ့ပေမယ့်     သူ့ဇနီးက        သူအင်မတန်ထက်သန်တဲ့ နိုင်ငံရေးထက်   ဘာသာ ရေးကိုပဲ အများကြီး ပိုပြီးစိတ်ဝင်စားခဲ့သူပါ။

 


(ဆက်လက်ဖော်ပြပါမည်)