သံလွင်၊ ရွှေပုဇွန်နှင့် စကုဆိုသည့် အမည်တို့က ကောင်းသတင်းများ ဖြင့် ပျံ့သင်းမွှေးကြိုင်၍ နေသည်။ တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် တပ်မတော်နယ်လှည့်အထူးကုဆေး အဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန နယ်လှည့်အထူးကုဆေးအဖွဲ့ တို့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများ၊ သူနာပြု စစ်သည်များနှင့် သူနာပြုရဲမေများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်း ပတ်ဝန်းကျင်ကျေးရွာများနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့နယ်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးရန် အောက်တိုဘာ ၁ ရက်က ရန်ကုန်မှ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။
အလားတူ ယင်းနေ့တွင်ပင် တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည်လည်း တပ်မတော် နယ်လှည့်အထူးကုဆေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန နယ်လှည့်အထူးကုဆေးအဖွဲ့တို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ လိုက်ပါ၍ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝ ကျွန်းပေါ်နေကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရန်ကုန်မြို့မှ ထွက်ခွာသွားခဲ့ကြသည်။ အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့ များသည် ခရီးစဉ်တစ်လျှောက် ဆိုက်ရောက်ရာ မြို့ရွာများတွင် ဒေသခံပြည်သူများအား ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သားဖွား မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊ သွားရောဂါတို့ကို ကုသပေးသည့် အပြင် အီးစီဂျီ၊ ဓာတ်မှန်၊ အာထရာဆောင်းရိုက်စက်များဖြင့် ရောဂါရှာဖွေပေးခြင်း၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ဆေးကုရုံမျှမက အာဟာရ ဖြည့်စားသောက်ဖွယ်ရာများ ကျွေးမွေးခြင်း၊ လက်ဆောင်ပစ္စည်း များ ပေးအပ်ခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း တို့ကိုလည်း ပြုလုပ်ပေးနေကြကြောင်း တွေ့ရှိရသည်။
တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစား ကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးဆိုသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်နှင့်အညီ အကြောင်းအမျိုးမျိုးကြောင့် ကျန်းမာရေးစောင့်ရှောက်မှုတို့နှင့် အလှမ်းဝေးနေကြရသော ပြည်သူများရှိရာသို့ ရေကြောင်း၊ ကုန်းကြောင်းတို့မှ နယ်လှည့် အထူးကုဆေးအဖွဲ့များက သွားရောက်လျက်ရှိကြရာ ဒေသခံ ပြည်သူများ ဝမ်းမြောက်ဝမ်းသာ၊ သောင်းသောင်းဖြဖြ နှစ်ထောင်း အားရ ကြိုဆိုလျက်ရှိကြသည်ကို တွေ့မြင်ရသည်။ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုပေးကြသည့် ပါရဂူ၊ ဆေးမှူး၊ သူနာပြုများ၏ စေတနာ၊ မေတ္တာတို့ကိုလည်း အသိအမှတ်ပြု ထုတ်ဖော်ပြောကြား ကြသည့်အပြင် တုံ့ပြန်မေတ္တာပို့သကြသည်ကိုလည်း တွေ့ရသည်။ နယ်လှည့်အထူးကုဆေးအဖွဲ့များကို မျှော်လင့်တောင့်တနေကြ ကြောင်းနှင့် မကြာမကြာ လာရောက်ပါရန်လည်း ဖိတ်ခေါ်ကြ သည်။ ထို့အပြင် တပ်မတော်ဆေးရုံရေယာဉ်များ၏ ဆေးကုသ မှုများမှ မွေးဖွားပေးလိုက်သည့် သားငယ်၊ သမီးငယ်များပင်လျှင် မနည်းတော့ပြီဖြစ်သည်ကိုလည်း တွေ့ရသည်။
အထူးကုဆရာဝန်ကြီးများအပါအဝင် ခွဲစိတ်၊ စမ်းသပ်၊ ရောဂါ ရှာဖွေနိုင်သည့် စက်ကိရိယာများ ပါဝင်သည့် နယ်လှည့်ကျန်းမာ ရေးစောင့်ရှောက်မှုပေးသည့် အစီအစဉ်များမှာ ရောက်ရှိရာဒေသ များမှ ပြည်သူလူထုအပေါ် လွန်စွာအကျိုးရှိစေသလို ပြည်သူများ ၏ ဝမ်းသာအားရ လှိုက်လှဲစွာ ကြိုဆိုမှုများက တစ်မျိုးသားလုံး သက်ရှည်ကျန်းမာရေး၊ ပြည်သူအားလုံး အကျုံးဝင်သည့် ကျန်းမာ ရေးတို့အတွက် ဆက်လက်ကြိုးပမ်း ထမ်းရွက်ကြရမည့် ခွန်အား များကို တိုးပွားစေမည်ဟု ယုံကြည်ပါကြောင်း။ ။