
ပရီမီယာလိဂ်ပွဲစဉ် (၁၄) အဖြစ် တန်းဆင်းဇုန်အတွင်းမှ နယူး ကာဆယ်အသင်းနှင့် နော့ဝှစ်ချ် အသင်းတို့ပွဲစဉ်ကို ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းက နယူး ကာဆယ်အိမ်ကွင်း၌ အကြိတ် အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့ သည်။ ထို့ကြောင့် နယူးကာဆယ် အသင်းအနေဖြင့် ၁၄ ပွဲကစားပြီး ရမှတ် ခုနစ်မှတ်ဖြင့် အမှတ်ပေး ဇယားအောက်ဆုံးတွင် ဆက်လက်ရပ်တည်နေသလို နော့ဝှစ်ချ်အသင်းက ရမှတ် ၁၀ မှတ်ဖြင့် တန်းဆင်းဇုန်အတွင်း ဆက်လက်ရပ်တည်နေသည်။
အိမ်ရှင်နယူးကာဆယ်အသင်းသည် ယခုနှစ်ရာသီတွင် ပထမဆုံး ပရီမီယာလိဂ်နိုင်ပွဲရယူနိုင်ရန်အတွက် စိန့်မက် ဇီမင်၊ ဝီလ်ဆင်၊ ဂျိုးလင်တန်စသည့် အဓိက ကစားသမား များဖြင့် ပွဲထွက်လာခဲ့သည်။ ပြိုင်ဘက် နော့ဝှစ်ချ်အသင်းက လည်း တန်းဆင်းဇုန်အတွင်းမှ လွတ်မြောက်ရန် အလို့ငှာ ယခုပွဲစဉ်တွင် အားထားရသည့် ကစားသမားများဖြင့် နယူး ကာဆယ်အသင်းကို ရင်ဆိုင်လာခဲ့သည်။ ပွဲချိန် ကိုးမိနစ်တွင် နယူးကာဆယ်အသင်းမှ ကလတ်ခ် ပြိုင်ဘက်ကစားသမား အား ကစားပုံကြမ်းတမ်းခဲ့သည့်အတွက် တိုက်ရိုက်အနီ ကတ်ပြ ထုတ်ပယ်ခံခဲ့ရသဖြင့် လက်ကျန်မိနစ်များကို တစ်ယောက်လျော့ဖြင့် ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရသည်။ ထို့နောက်တွင် နယူးကာဆယ်အသင်း၏ ကစားအား သိသိ သာသာကျဆင်းသွားခဲ့ပြီး နော့ဝှစ်ချ်အသင်း၏ ဖိအားပေးမှု ကို ခံခဲ့ရသည်။
ယခုပွဲစဉ်အတွက် ဦးဆောင်ဂိုးကို တစ်ယောက်လျော့ နယူးကာဆယ် အသင်းကစတင်ရရှိခဲ့ပြီး ပွဲချိန် ၆၁ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ဝီလ်ဆင်က သွင်းယူပေးနိုင်ခဲ့သည်။ နော့ဝှစ်ချ်အသင်းသည် ဦးဆောင်ဂိုး ခွင့်ပြုပေးလိုက်ရပြီး နောက် ချေပဂိုးရရှိရေးကြိုးစားလာခဲ့ရာ ပွဲချိန် ၇၉ မိနစ်တွင် ချေပဂိုးရရှိခဲ့ပြီး ပွတ်ကီက သွင်းယူပေးနိုင်ခဲ့သည်။ ထို့ နောက်တစ်ဖက်နှင့် တစ်ဖက်ပွဲချိန်ပြည့်သည်ထိ ထပ်မံဂိုး သွင်းယူနိုင်ခြင်း မရှိသောကြောင့် တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။
နယူးကာဆယ်အသင်းသည် ယခုပွဲစဉ် သရေကျမှုကြောင့် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ် (၁၅) ပွဲတွင် နိုင်ပွဲ ရရှိထားခြင်း မရှိဘဲ ရှုံးပွဲခုနစ်ပွဲနှင့် သရေ ရှစ်ပွဲကျထားသည်။ လာမည့်ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းသည် ဘန်လေ အသင်းနှင့် ဒီဇင်ဘာ ၄ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ် သည်။ နော့ဝှစ်ချ်အသင်းက လာမည့်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၅ ရက်တွင် စပါးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
အခြားသောပွဲစဉ်အဖြစ် လိစ်ဒ်အသင်းနှင့် ခရစ္စတယ် ပဲလေ့စ်အသင်း တို့ လိစ်ဒ်အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ပြီး လိဒ်စ်အသင်းက ရာဖင်ဟာ၏ နောက်ကျပယ်နယ်တီဂိုးနှင့် အတူ ပဲလေ့စ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ လိဒ်စ်အသင်းသည် ယခုပွဲစဉ်တွင် ပဲလေ့စ်အသင်းကို အနိုင် ရရှိခဲ့သောကြောင့် ၁၄ ပွဲကစားပြီး ၁၅ မှတ်ဖြင့် တန်းဆင်းဇုန် အထက်တွင် ရပ်တည်နိုင်ခဲ့သည်။
အောင်ဇော်