
လက်ရှိကျင်းပနေသည့် ဩစတြေးလျအိုးပင်းပြိုင်ပွဲ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ ဒုတိယအဆင့်တွင် ဗြိတိန်နံပါတ်တစ်တင်းနစ်မယ် အမ်မာရာဒူကာနူသည် အမေရိကန်တင်းနစ်မယ် ကိုကိုဂါ့ဖ်ကို ရှုံးနိမ့် ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီ ဖြစ်သည်။
အဆိုပါပြိုင်ပွဲတွင် ရာဒူကာနူသည် ၃-၆၊ ၆-၇ (၄-၇) ဖြင့် နှစ်ပွဲပြတ် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်း ဖြစ်သည်။ ကမ္ဘာ့အဆင့် (၇၇) ရှိသော ရာဒူကာနူသည် ယခုပြိုင်ပွဲမတိုင်မီတွင် ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့သည်။ ယခုပွဲရှုံးနိမ့်မှုကြောင့် ရာဒူကာနူသည် ၂၀၂၁ ခုနှစ်က ယူအက်စ် အိုးပင်းဖလားဆွတ်ခူးနိုင်ခဲ့ပြီးနောက် ဂရင်းဆလမ်းပြိုင်ပွဲ တတိယ အဆင့်သို့ တက်ရောက်နိုင်ခြင်းမရှိသည့်မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်သည်။
၎င်းသည် ဩစတြေးလျအိုးပင်းပြိုင်ပွဲ ပထမအဆင့်တွင် ဂျာမနီ တင်းနစ်မယ် တာမာရာနှင့် တွေ့ဆုံခဲ့ပြီး ၆-၃၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့သည်။ ထို့အပြင် ယခုပွဲစဉ်တွင် အနိုင်ရရှိခဲ့သော ကိုကိုဂါ့ဖ်သည် တတိယ အဆင့်တွင် တရုတ်တင်းနစ်မယ်ရှောင် သို့မဟုတ် အမေရိကန် တင်းနစ်မယ်ပါရာနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
အဆိုပါပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ဒုတိယအဆင့်တွင် အသက် ၃၆ နှစ်အရွယ် နာမည်ကြီးတင်းနစ်ကစားသမား ရာဖေးလ် နာဒယ်သည် အမေရိကန်တင်းနစ်ကစားသမား မက်ကင်ဇီ မက်ဒိုနလ် ကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီဖြစ်သည်။
အောင်ဇော်