ဩစတြီးယားအသင်း ယူကရိန်းကို အနိုင်ရပြီး ယူရိုပြိုင်ပွဲ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့

 

 

ယူရို ၂၀၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ပွဲစဉ် (၃) အဖြစ် အုပ်စု (C) မှ ယူကရိန်းနှင့် ဩစတြီးယား၊ မြောက်မက်ဆီဒိုးနီးယားနှင့် နယ်သာလန်အသင်းတို့ ပွဲစဉ်ကို ဇွန် ၂၁ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ယူကရိန်းနှင့် ဩစတြီးယားအသင်းတို့ပွဲစဉ်တွင် ဩစတြီးယား အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ယူရိုပြိုင်ပွဲ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ သည်။ မြောက်မက်ဆီဒိုးနီးယားအသင်းနှင့် နယ်သာလန်အသင်း တို့ပွဲစဉ်တွင် နယ်သာလန်အသင်းက သုံးဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိပြီး သုံးပွဲကစား သုံးပွဲနိုင် ကိုးမှတ်ရရှိကာ အုပ်စုပထမဖြင့် နောက်တစ်ဆင့် သို့ တက်ရောက်နိုင်ခဲ့သည်။ ရှက်ဗ်ချန်ကို တာဝန်ယူကိုင်တွယ်သည့် ယူကရိန်းအသင်းသည် ပြီးခဲ့သည့်ပွဲစဉ်မှ အနိုင်ရရှိသည့် ကစားသမားစာရင်းကို တစ်ဦးသာ အပြောင်းအလဲပြုလုပ်ပြီး ဩစတြီးယားအသင်းကို ရင်ဆိုင်လာခဲ့ သည်။ ဩစတြီးယားအသင်းက ပြီးခဲ့သည့်ပွဲစဉ်မှ ရှုံးနိမ့်ခဲ့သည့် ကစား သမားစာရင်းကို နှစ်ဦး အပြောင်းအလဲပြုလုပ်ပြီး ယူကရိန်းအသင်းကို ရင်ဆိုင်လာခဲ့သည်။ ယနေ့ပွဲစဉ်တွင် ယူကရိန်းအသင်းရော ဩစတြီးယားအသင်းပါ  အနိုင်ရရှိမည့် အသင်းအနေဖြင့် နောက်တစ်ဆင့်သို့ တက်ရောက် နိုင်မည်ဖြစ်သည့်အတွက် ပွဲစသည်နှင့် တစ်ပြိုင်နက် အကြိတ်အနယ် ရှိခဲ့သည်ကို တွေ့ရသည်။ ဩစတြီးယားအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၂၁ မိနစ်တွင် အသင်းခေါင်းဆောင် ဒေးဗစ်အလာဘာ၏ ဖန်တီးပေးမှုမှတစ်ဆင့် ဘမ်ဂါနာက သွင်းယူပေးနိုင်ခဲ့သည်။ ယူကရိန်းအသင်းသည် အဖွင့်ဂိုးခွင့်ပြုပေးလိုက်ရပြီးနောက် ချေပဂိုးရရှိရေး ကြိုးစားလာခဲ့သော်လည်း အသင်းလိုက် စွမ်းဆောင်မှုတွင် သာမန်အောက် ရောက်နေခဲ့သောကြောင့် ဩစတြီးယားအသင်း၏ ဖိအားပေးမှုကိုသာ ခံခဲ့ရပြီး တစ်ဂိုး- ဂိုးမရှိ ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အဆိုပါ နှစ်သင်းအနေဖြင့် ဘောလုံးပိုင်ဆိုင်မှုပိုင်းတွင် သိသိသာသာ ကွာခြားလှခြင်း မရှိသော် လည်း ဂိုးကန်သွင်းမှုအပိုင်းတွင် ဩစတြီးယားအသင်းက ယူကရိန်း အသင်းထက် ၁၃ ကြိမ် အသာရခဲ့သည်ကို တွေ့ရ သည်။ ထို့ကြောင့် ယနေ့ပွဲစဉ်တွင် အနိုင်ရရှိခဲ့သော ဩစတြီးယားအသင်း သည် ယူရိုပြိုင်ပွဲတွင် သုံးပွဲကစား နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ်ခြောက်မှတ် နှင့်အတူ အုပ်စုဒုတိယနေရာဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ သည်။ ယနေ့ပွဲစဉ်တွင် ရှုံးနိမ့်ပြီး အုပ်စုတတိယရရှိခဲ့သည့် ယူကရိန်း အသင်းသည် ယူရိုပြိုင်ပွဲတွင် အကောင်းဆုံးအုပ်စု တတိယဖြင့် နောက် တစ်ဆင့်သို့ တက်ရောက်ရန် မျှော်လင့်ချက်ရှိနေသေးသည်။ သို့သော် လည်း အခြားအသင်းများ၏ အခြေအနေကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။ အခြားသော အုပ်စု (B) မှ ပွဲစဉ် (၃) အဖြစ် ဖင်လန်နှင့် ဘယ်လ်ဂျီယံ၊ ရုရှားနှင့် ဒိန်းမတ်အသင်းတို့ ဇွန် ၂၂ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစား ခဲ့ရာ ဖင်လန်နှင့် ဘယ်လ်ဂျီယံအသင်းတို့ပွဲစဉ်တွင် ဘယ်လ်ဂျီယံ အသင်း က နှစ်ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စု ပထမဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ ရုရှားနှင့် ဒိန်းမတ်အသင်းတို့ပွဲစဉ်တွင် ဒိန်းမတ် အသင်းက လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဖင်လန်၊ ရုရှားအသင်းတို့ နှင့် ရမှတ်သုံးမှတ်တူ ဂိုးကွာခြားချက်ဖြင့် အုပ်စုဒုတိယရရှိကာ ယူရို ပြိုင်ပွဲနောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ အောင်ဇော်