ONE 168: Denver ပြိုင်ပွဲတွင် တွဲဆိုင်း ၁၂ ပွဲ ပါဝင်မည်ဖြစ်ပြီး အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲလည်း ပါဝင်မည်

 

ရန်ကုန်  ဩဂုတ်  ၆


စက်တင်ဘာ ၆ ရက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၇ ရက် နံနက် အစောပိုင်း)တွင် အမေရိကန်နိုင်ငံ၌ ကျင်းပမည့် ONE 168: Denver ပြိုင်ပွဲတွင်  တွဲဆိုင်းစုစုပေါင်း  ၁၂  ပွဲ  ထည့်သွင်းကျင်းပမည်ဖြစ်ပြီး အောင်လအန်ဆန်၏   မစ်ဒယ်ဝိတ်တန်း  စိန်ခေါ်ပွဲလည်း  ပါဝင်မည် ဖြစ်သည်။


ယင်းပြိုင်ပွဲတွင် စိန်ခေါ်ပွဲ ၁၀ ပွဲ၊ ချန်ပီယံခါးပတ်လုပွဲ နှစ်ပွဲပါဝင် မည်ဖြစ်ပြီး Main-Event အဖြစ်   ဘင်တန်ဝိတ်တန်းမွေထိုင်း  ကမ္ဘာ့ ချန်ပီယံလုပွဲတွင် ဗြိတိန်နိုင်ငံသား  ဂျိူနသန်နှင့်  ထိုင်းနိုင်ငံသား ဆူပါ လက်ခ်၊ Co-Main Event အဖြစ်  လိုက်ဝိတ်တန်း Submission Grapp-ling World Championship တွင် အမေရိကန်နိုင်ငံသား ရော့တိုလိုနှင့် အမေရိကန်နိုင်ငံသား   မစ်ကီတို့   ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ အောင်လအန်ဆန်နှင့် တူရကီနိုင်ငံသား အာဒိုဂန်တို့ပွဲကိုမူ ပွဲစဉ် (၉) အဖြစ် ကျင်းပမည်ဖြစ်သည်။ အောင်လအန်ဆန်သည် MMA ပွဲများနှင့် တစ်နှစ်ကျော်ဝေးကွာပြီးမှ ယှဉ်ပြိုင်ထိုးသတ်ရခြင်းဖြစ်ပြီး ရလဒ်ကောင်း ရယူနိုင်ရန် လိုအပ်နေသည်။ အာဒိုဂန်နှင့် ထိုးသတ်မည့်ပွဲမှာ အောင်လ အန်ဆန်အတွက် ONE Championship အဖွဲ့အစည်းနှင့် လက်တွဲအပြီး ပွဲ ၂၀ မြောက်နှင့် ၁၀ နှစ်ပြည့်တွင် ထိုးသတ်ခွင့်ရသည့် ပထမဆုံးပွဲလည်း ဖြစ်သည်။


အောင်လအန်ဆန်သည် ONE Championship အဖွဲ့အစည်းနှင့် စာချုပ်သက်တမ်းတိုးထားသော်လည်း ကာလအတန်ကြာမှ ပွဲထိုးသတ် ခွင့်ရရှိခြင်းဖြစ်သည်။                  
  

ညီမြတ်သော်တာ၊ ဓာတ်ပုံ - ALNS