
ရန်ကုန် ဩဂုတ် ၂၃
ONE Friday Night-76 ပြိုင်ပွဲကို သြဂုတ် ၂၃ ရက် ညပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ကျင်းပရာ မြန်မာဖိုက်တာသုံးဦး အနိုင်ရပြီး နှစ်ဦး ရှုံးနိမ့်ခဲ့သည်။
မြန်မာဖိုက်တာများအနက် ထွန်းမင်းနိုင် (ခ) ဆူလိုင်မန်သည် ထိုင်းဖိုက်တာ ကော်ပိုင်နှင့် ယှဉ်ပြိုင်ထိုးသတ်ရာ ဒုတိယအချီတွင် အရေးနိမ့်ခဲ့သည်။ ကော်ပိုင်သည် ပထမအချီကတည်းက လက်ရည် အနည်းငယ်သာခဲ့ပြီး ၎င်း၏ လက်သီးချက်ကြောင့် ပထမအချီပြီးခါနီး တွင် ထွန်းမင်းနိုင် အမှတ်စဉ်ရေတွက်ခဲ့ရသည်။ ဒုတိယအချီအစ ၁၆ စက္ကန့်တွင် ညာလက်သီးကြောင့် ထွန်းမင်းနိုင်(ခ)ဆူလိုင်မန် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ မြန်မာဖိုက်တာ စစိုးသီဟနှင့် ဂျပန်ဖိုက်တာ ဟီရိုင်တို့ပွဲတွင် ဟီရိုင်က ဒုတိယအချီ ၁ မိနစ် ၂၄ စက္ကန့်တွင် အလဲထိုးအနိုင်ရခဲ့သည်။ လက်ရည်အရ ကွာခြားမှုမရှိသော်လည်း ဟီရိုင်၏ ခြေကန်ချက်ကြောင့် စစိုးသီဟ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာဖိုက်တာ အဲမွီနှင့် ဂျပန်ဖိုက်တာ တာကာ ဇိုနိုတို့ပွဲတွင် အဲမွီက ဒုတိယအချီတွင် အလဲထိုးအနိုင်ရခဲ့သည်။ လက်ရည်အရ ကွာခြားမှုမရှိသဖြင့် အပြန်အလှန်ထိုးသတ်နိုင်ခဲ့ပြီး ပထမအချီပြီးခါနီးတွင် အဲမွီ အမှတ်စဉ်တစ်ကြိမ် ရေတွက်ခံခဲ့ရသည်။ ဒုတိယအချီတွင်မူ အဲမွီက ထိချက်ပိုကောင်းလာပြီး ဒုတိယအချီ ၂ မိနစ် ၁၈ စက္ကန့်တွင် အလဲထိုးအနိုင်ရခဲ့ခြင်းဖြစ်သည်။
သွေးလင်းထက်နှင့် ထိုင်းဖိုက်တာ ဂန်ချိုင်းတို့ပွဲတွင် သုံးချီပြည့် သည်အထိ အရှုံးအနိုင်မပေါ်သဖြင့် အမှတ်ဖြင့်ဆုံးဖြတ်ရာ သွေးလင်း ထက် အနိုင်ရခဲ့သည်။ နှစ်ဦးစလုံး မာဂုဏ်မြင့်သောကြောင့် အပြန် အလှန် ထိုးသတ်နိုင်သော်လည်း သွေးလင်းထက်၏ လက်သီးချက်များ၊ တံတောင်ရိုက်ချက်များ ထိမှန်ခဲ့သောကြောင့် အမှတ်ဖြင့်ဆုံးဖြတ်ရာတွင် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ယခုပွဲထိုးသတ်ခဲ့သည့် နှစ်ဦးစလုံး ONE Championship အမှုဆောင်အရာရှိချုပ် ချက်သရီဆစ်ယိုထောင်း ချီးမြှင့်သည့် ဘတ်သုံးသိန်းခွဲစီရရှိသည်။ Co-Main Event အဖြစ် ကျင်းပသည့် သန့်ဇင်နှင့် ထိုင်းဖိုက်တာ TAI တို့ပွဲတွင် သန့်ဇင်က ပထမ အချီ ၁ မိနစ် ၁၄ စက္ကန့်မှာပင် အလဲထိုး အနိုင်ရခဲ့သည်။ သန့်ဇင်သည် ပွဲစကတည်းက ခြေကန်ချက်များ ဆက်တိုက်ကန်ရာ ပြိုင်ဘက် TAI အထိနာခဲ့ပြီး အမှတ်စဉ်နှစ်ကြိမ် ရေတွက်ခံရသည်။ ၁ မိနစ် ၁၄ စက္ကန့် တွင်မူ သန့်ဇင်က လက်သီးချက်များ ဆက်တိုက်ထိုးပြီး ပွဲသိမ်းခဲ့ခြင်း ဖြစ်သည်။
ညီမြတ်သော်တာ ၊ ဓာတ်ပုံ-ONE Championship