
နေပြည်တော် ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်၌ တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ ယနေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် အကြမ်းဖက် ဖောက်ခွဲရေးသမား ငါးဦးအား လက်လုပ်မိုင်းများနှင့်အတူ ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၀ ရက် နံနက် ၆ နာရီ မိနစ် ၅၀ ခန့်တွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ဟင်္သာကုန်းရပ်ကွက် မွန်စံပြ(၄)လမ်းထိပ် ရှိ အပျိုကြီး လက်ဖက်ရည်ဆိုင်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ လက်ဖက်ရည်ဆိုင်တွင် မွန်စံပြ(၇)လမ်း ဟင်္သာကုန်းရပ်ကွက်နေ ရာအိမ်မှူး ဦးသောင်းငွေ(ခ) သကြားလုံး(၆၂ နှစ်) (ဘ)ဦးကလွေပါ အမျိုးသားငါးဦးတို့မှာ လက်ဖက်ရည်ထိုင်သောက်နေစဉ် ဆိုင်ကယ် စီးနင်းလာသည့် အကြမ်းဖက်သူအမျိုးသားနှစ်ဦး (စိစစ်ဆဲ)က ဆိုင်အတွင်းသို့ သေနတ်ဖြင့် ငါးချက်ပစ်ခတ် မောင်းနှင်ထွက်ပြေးသွား သဖြင့် ဦးသောင်းငွေ(ခ) သကြားလုံးတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး တစ်ရပ်ကွက်တည်းနေ ဦးထွန်းထွန်းဦး (၄၉ နှစ်) (ဘ)ဦးချစ်သောင်းတွင် ဝမ်းဗိုက်၊ ယာလက်မောင်း၊ ယာနံဘေး ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဦးဌေးကျော် (၄၈ နှစ်) (ဘ)ဦးဘကြိုင်တွင် ဝဲဘက်နားအနောက်ဘက် ကျည်ရှပ်ထိဒဏ်ရာ၊ ဦးအောင်ထွန်း(ခ)ဦးထွန်း (၇၂ နှစ်) (ဘ)ဦးနိုင်အောင်ထွန်းတွင် ယာပခုံး ကျည်ဖောက်ဝင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ဆေးဝါးကုသနိုင်ရေး ပဲခူးမြို့ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ဦးထွန်းထွန်းဦးမှာ ထပ်မံသေဆုံးသွား ခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားသူ များအား ဖမ်းဆီးရမိနိုင်ရေး စုံစမ်းလျက်ရှိစဉ် တာဝန်သိပြည်သူများက ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် အောက်စုပိုင်းရပ်ကွက် ကျိုက္ကစင် လယ်ကွင်း၌ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ကိုင်သူများ ရောက်ရှိနေ ကြောင်း သတင်းပေးပို့မှုအရ ဇူလိုင် ၁၁ ရက် မွန်းလွဲ ၃ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျိုက္ကစင် လယ်ကွင်း အတွင်းမှ နေအောင်(၂၅ နှစ်) (ဘ)ဦးသိန်းနိုင် ပိုင်ဆိုင်သည့် လယ်တဲအတွင်းမှ နေအောင်နှင့် အောင်အောင်တို့ နှစ်ဦးအား ဂျင်ကလိ ရှစ်ချောင်း၊ ဒူးလေးတစ်လက်၊ ဖုန်းဓာတ်ခဲတစ်ခု၊ လက်လုပ်မိုင်းတစ်လုံး၊ ပြုလုပ်ဆဲ လက်လုပ်မိုင်းတစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဆက်လက်ရှာဖွေခဲ့ရာ အဆိုပါ လယ်တဲအနီးတွင် အပြာရောင်မိုးကာစ အုပ်ထားသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ မြေကြီးထဲ၌မြှုပ်ထားသော အဝါရောင်ကော်ပုံးအတွင်းမှ ဝိုင်ယာကြိုး တပ်ဆင်ထားသည့် လက်လုပ်မိုင်း ၁၀ လုံး၊ ယမ်းကြိုး တပ်ဆင်ထားသည့် လက်လုပ်မိုင်း ၁၃ လုံးတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ပြီး အနီးတွင်ရှိနေသော ကမာနတ်ကျေးရွာနေ စနေ(၂၃ နှစ်)၊ (ဘ)ဦးတင်စိုး၊ သန်းထိုက်နှင့် ကြည်စိုးတို့သုံးဦးအား တွေ့ရှိရသဖြင့် ထိန်းသိမ်းဖမ်းဆီးခဲ့သည်။
အထက်ပါဖြစ်စဉ်တွင် တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် အကြမ်းဖက်ဖောက်ခွဲရေးသမားများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်