
ဧပြီ ၂၉ ရက်က အစောဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ပရီမီယာလိဂ် ပွဲစဉ် (၃၄) မှ ခရစ္စတယ်ပဲလေ့စ်နှင့် ဝက်စ်ဟမ်းအသင်းတို့ပွဲစဉ်တွင် အပြန်အလှန်သွင်းဂိုး များဖြင့် အကြိတ်အနယ်ရှိခဲ့ပြီး ပွဲအပြီးတွင် ပဲလေ့စ် အသင်းက လေးဂိုး - သုံးဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
တန်းဆင်းဇုန်ဖိအားရှိသည့် အသင်းနှစ်သင်း တွေ့ဆုံမှုဖြစ်သည့်အတွက် ပွဲစသည်နှင့်တစ်ပြိုင်နက် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။ ဦးဆောင်ဂိုးကို ဝက်စ်ဟမ်းအသင်းက စတင်ရရှိခဲ့သော်လည်း ပွဲကစားချိန်ကြာလာသည်နှင့်အမျှ ပဲလေ့စ်အသင်း ၏ ဖိအားပေးကစားမှုအောက် ပုံစံကောင်း ပျောက်ဆုံးခဲ့ပြီး သွင်းဂိုးများ ခွင့်ပြုပေးခဲ့ရသည်။ ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဆန်သည် ပြီးခဲ့သည့် လတွင် နည်းပြလောကသို့ ပြန်လည်ဝင်ရောက် လာပြီးနောက် ကိုင်တွယ်ခဲ့သည့် ခြောက်ပွဲတွင် လေးပွဲအထိ နိုင်ပွဲရရှိအောင် စွမ်းဆောင်ထားနိုင် သည်။
ယခုပွဲစဉ်တွင် အမှတ်ပေးဇယားရပ်တည်မှုအရ ပဲလေ့စ်အသင်းထက် ဝက်စ်ဟမ်းအသင်း မဖြစ်မနေ နိုင်ပွဲရရှိရန် လိုအပ်သော်လည်း အသင်းစွမ်းဆောင် ရည်ပိုင်း လိုအပ်ချက်ရှိပြီး အဆုံးသတ်အားနည်းမှု ကြောင့် ရှုံးပွဲနှင့် ကြုံတွေ့ခဲ့သည်။ ဝက်စ်ဟမ်းအသင်း သည် ယခုရှုံးပွဲကြောင့် ၃၃ ပွဲကစားပြီး ရမှတ် ၃၄ မှတ်ဖြင့် တန်းဆင်းဇုန်အသင်းနှင့် ငါးမှတ်အကွာတွင် ရပ်တည်နေသည့်အတွက် လာမည့်နှစ် ပရီမီယာလိဂ် တွင် တင်ကျန်ရန် လက်ကျန်ပွဲစဉ်များကို မဖြစ် မနေ ရလဒ်ကောင်းရရှိရေး ကြိုးပမ်းရတော့မည်ဖြစ် သည်။
ပြိုင်ဘက်ပဲလေ့စ်အသင်းက ယခုနိုင်ပွဲကြောင့် ရမှတ် ၄၀ ဖြင့် အမှတ်ပေးဇယားအထက်ပိုင်း တက်လှမ်းထားနိုင်သည့်အတွက် တန်းဆင်းဇုန် ဖိအား လျှော့ချနိုင်ခဲ့ပြီ ဖြစ်သည်။ ပဲလေ့စ်အသင်း အတွက် သွင်းဂိုးများကို အယူး၊ ဇာဟာ၊ ချလုပ်နှင့် အီဇီတို့က သွင်းယူပေးနိုင်ခဲ့သည်။ ဝက်စ်ဟမ်း အသင်းအတွက် သွင်းဂိုးများကို ဆော့ဆက်၊ အန်တို နီယိုနှင့် အေဂတ်တို့က သွင်းယူပေးနိုင်ခဲ့သည်။
အခြားပွဲစဉ်များတွင် ဘရန့်ဖိုဒ်က နော်တင်ဟမ် ကို နှစ်ဂိုး-တစ်ဂိုး၊ ဘရိုက်တန်က ဝုလ်ဖ်ကို ခြောက် ဂိုး- ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
အောင်ဇော်