
မဟာသဒ္ဓမ္မဓဇ စည်သူ ဒေါက်တာ ခင်မောင်ညွန့်
အဘိုးကြီးအို ခါးကုန်းကုန်း
မသေပါနဲ့ဦး
နောင်နှစ်ခါ တန်ဆောင်မုန်း
ပွဲကြည့်ပါဦး
မြိုင်မြိုင်ဆိုင်ဆိုင်၊ မြိုင်မြိုင်ဆိုင်ဆိုင်
လတန်ဆောင်တိုင်၊
မြိုင်မြိုင်ဆိုင်ဆိုင်၊ မြိုင်မြိုင်ဆိုင်ဆိုင်
လတန်ဆောင်တိုင်
ကထိန်ပွဲခင်းပါတဲ့ လတန်ဆောင်တိုင်
အထက်ဖော်ပြထားသော ရှေးရိုးရာနှင့် ခေတ်သစ်သီချင်းနှစ်ပုဒ်က တန်ဆောင်မုန်းလ၏ ပွဲတော်မျိုးစုံကို ဖော်ပြလျက်ရှိပါသည်။
တန်ဆောင်ဆိုသည်မှာ ဆီမီး၊ မုန်းဆိုသည်မှာ မှုန်းခြယ်သခြင်း အဓိပ္ပာယ်ရပါသည်။
ဖုံးတုန်းလုံးတုန်း၊ တန်ဆောင်မုန်းဟု ဆိုစကား ရှိသေးသည်။ ဤလတွင် စပါးအစရှိသော ကောက်ပဲ သီးနှံများ သီးစပွင့်စအရည်ထည့်စ ဖြစ်ပါသည်။ ထို့ကြောင့် တောင်သူလယ်သမားများ ခေတ္တ အားလပ်ချိန်ဖြစ်သည်။
မြန်မာနိုင်ငံသည် နွေ၊ မိုး၊ ဆောင်းသုံးရာသီရှိပြီး ရာသီတစ်ခုတွင် လေးလစီ ရှိပါသည်။
တန်ဆောင်မုန်းသည် ဟေမန်ဆောင်းရာသီ၏ ပထမလဖြစ်ပြီး မြောက်ပြန်လေ သုတ်ဖြူးသော ကြောင့် အလွန်ချမ်းလှပါသည်။
ထို့အပြင် ကောင်းကင်ယံတွင် ဆီးနှင်းမြူတိမ် သူရိန် မီးခိုးညစ်မျိုး ကင်းစင်သောကြောင့် နေ့ည မရွေး ကြည်လင်နေသည်။ ထို့ကြောင့် နေလ နက္ခတ် တာရာကြယ်ပေါင်းစုံကို သာမန်မျက်စိနှင့် လူတိုင်း မြင်တွေ့နိုင်ပါသည်။
လူမျိုးတိုင်း၊ နိုင်ငံတိုင်းတွင် နက္ခတ်တာရာ၊ ကြယ်တို့ကိုလည်းကောင်း၊ ဂြိုဟ်တို့ကိုလည်းကောင်း ပူဇော်ပသပွဲ ဆုတောင်းပွဲများ ကျင်းပခဲ့ကြသည်။
သီတင်းကျွတ်လကား မြတ်စွာဘုရား နတ်ပြည် မှ လူ့ပြည်သို့ ပြန်ဆင်းလာသောအခါ တာဝတိံသာ မီးပူဇော်ပွဲ ကျင်းပကြသည်။ တာဝတိံသာပွဲဟု ခေါ်သည်။
ဂြိုဟ်ကိုးလုံးပူဇော်ပွဲ
တန်ဆောင်မုန်းလ ဆီမီးပူဇော်ပွဲမှာ ဂြိုဟ်၊ လ၊ နက္ခတ်တာရာများကို ဂြိုဟ်ကိုးလုံးပူဇော်ပွဲက ဗုဒ္ဓ ဘာသာရောက်သောအခါ မြန်မာတို့က ဘုရား ကိုးဆူပူဇော်ပွဲဟု ဆိုလာကြပါသည်။
ဇာတ်နိပါတ်တော်များဟုဆိုသော် နက္ခတ် သဘင်ကျင်းပခြင်းသည် ဥမ္မာဒန္တီဇာတ်တွင် ဖော်ပြ ထားသည်။
နက္ခတ်သဘင် ကျင်းပသော တန်ဆောင်မုန်းလ တွင် ရွှေမြို့တော်တစ်ခွင်သို့ အမိုးဖွင့်ရထားနှင့် လှည့်လည်ရှုစားတော်မူပြီးနောက် မြို့တော်တို့တွင် ဧည့်ခံမဏ္ဍပ်၌ ခေတ္တရပ်နားသည်။ ဘုရင်သီဝိ မင်းကြီး၏ ညီတော်စစ်သူကြီး အဘိပါရက လုံခြုံရေးအတွက် လိုက်သည်။ ညီတော် အိမ်ရှေ့ရောက်သောအခါ ဧည့်ခံမဏ္ဍပ်တွင် ခေတ္တရပ်နားပြီး အပူဇော်ခံပါသည်။ ညီတော်၏ ဇနီး ဥမ္မာဒန္တီကို သီဝိမင်းကြီးရောက်လာသောအခါ အိမ်အပြင်သို့ မထွက်ရန် တားမြစ်ထားခဲ့သည်။ သို့သော် ဥမ္မာဒန္တီမင်းသမီးသည် မိမိအလှကို မထီ မဲ့မြင်ပြုခဲ့သော သီဝိမင်းကြီးအပေါ် လက်စားချေရန် အကြံဖြင့် အလှပဆုံး ဝတ်စားဆင်ယင်ပြီး ပန်းကလပ်ကိုကိုင်၍ အဆင်သင့်စောင့်နေသည်။
ဥမ္မာဒန္တီအတိတ်ဘဝကို ရှင်းပြဖို့ လိုပါသည်။ သူဌေးတစ်ဦးအိမ်၌ အမှုထမ်းနေသော အစေခံ မလေးသည် မိမိ၏လစာငွေများနှင့် ဆုငွေများကို စုဆောင်းပြီး တန်ဆောင်မုန်းလ ဇာတိရပ်ရွာ ပြန်သောအခါ ဝတ်စားဆင်ယင်ရန် အဝတ်အစား နှင့်ရတနာများ ဝယ်ယူ၍ ရွာပြန်လာခဲ့သည်။ လမ်းခရီးတွင် ချောင်းနံဘေး ဇရပ်ပေါ်တွင် ခေတ္တ ရပ်နားနေသည်။ ချောင်းထဲတွင် ရေချိုးနေသော ပစ္စေကဗုဒ္ဓရဟန်းသည် အနီးရှိချုံ အောက် တွင်ထားခဲ့သော သင်္ကန်းများကို ခိုးယူသွား သဖြင့် ချောင်းမှတက်ရန် အခက်အခဲကြုံလေသည်။ ထိုအခက်အခဲကိုမြင်သော အစေခံမလေးသည် သူ၏အဝတ်အစားများမှာ အမျိုးသမီးအဝတ်အစား ဖြစ်သဖြင့် ချောင်းထဲမှ ရဟန်းကိုမပေးနိုင်။ အကယ်၍ သင်္ကန်းဖြစ်ခဲ့သည်ရှိသော် ပေးနိုင်မည်ဟု စိတ်ကူးဖြစ်လာသောအခါ မိန်းမအဝတ်အစား တို့သည် သင်္ကန်းအဖြစ်သို့ ရုတ်တရက်ပြောင်းလဲ သွားသည်။ ပစ္စေကဗုဒ္ဓကို ချက်ချင်းကပ်လှူ၍ ချောင်းထဲမှကုန်းပေါ်သို့ တက်လာနိုင်ခဲ့သည်။ ဤကုသိုလ်ဒါနကြောင့် နောင်ဘဝတွင် သူ၏အလှ ကိုမြင်ရုံမျှဖြင့် ရူးသွပ်သွားပါစေဟု ဆုကို တောင်းသည်။
ထို့ကြောင့် နောက်ဘဝတွင် တောအရပ် သူဌေးကြီး၏ ဇနီးမောင်နှံတွင် ဥမ္မာဒန္တီအမည်ဖြင့် လှပသော သမီးအဖြစ်မွေးဖွားလာသည်။ အရွယ် ရောက်လာသောအခါ ဥမ္မာဒန္တီသည် မိဖုရား ဖြစ်ထိုက်သောမိန်းကလေးဟူ၍ နာမည်ကျော်ကြား လာသည်။ သီဝိမင်းကြီးသိသောအခါ မှူးမတ်များကို စေလွှတ်၍ ဥမ္မာဒန္တီသည် မိဖုရားဖြစ်ထိုက်သော အဆင်း ရှိ မရှိ စုံစမ်းခိုင်းသည်။ ဘုရင့်ထံမှမှူးမတ်များ ရောက်မည်ဆို၍ ညစာစားပွဲဧည့်ခံရန် ပြင်ဆင် ထားသည်။ ဥမ္မာဒန္တီ ထွက်လာသောအခါ သူ့အလှ ကို မြင်မြင်ချင်း ရူးသွပ်ကုန်ကြသည်။ သီချင်းဆိုကြ ကကြဖြင့် ဧည့်ခံပွဲပျက်လေသည်။ ဥမ္မာဒန္တီသည် မှူးမတ်များကို မောင်းနှင်ထုတ်လိုက်လေသည်။ အိမ်အပြင်ဘက်ရောက်သောအခါ ပြန်လည်သတိ ရလာပြီး ဥမ္မာဒန္တီအပေါ်လက်စားချေမည်ဟု ကြုံးဝါး ပြီး မိဖုရားဖြစ်ထိုက်သောအဆင်းမရှိဟု သီဝိမင်း ကြီးကို လျှောက်တင်လေသည်။ မင်းကြီးသည် မစုံစမ်းဘဲ မှူးမတ်တို့ပြောသည့်အတိုင်း လက်ခံ လေသည်။
ဥမ္မာဒန္တီ၏အလှအပေါ် စွဲလမ်းရူးသွပ်
ဥမ္မာဒန္တီ၏မိဘတို့သည် မင်းကြီး၏ ညီတော် အဘိပါရက စစ်သူကြီးနှင့်ထိမ်းမြား လက်ထပ်ပေး လိုက်လေသည်။ အဘိပါရက စစ်သူကြီးက ဥမ္မာဒန္တီ ၏ အလှတန်ခိုးသိနေ၍ နောင်တော်သီဝိမင်းကြီး လာသောအခါ တားမြစ်ထားသည်။ သို့သော် ဖောက်ပြန်လိုသောစိတ် မရှိသော်လည်း မိမိ၏ အလှကို မှူးမတ်တို့ လျှောက်တင်သည့်အတိုင်း ယုံကြည်၍ မိမိအလှကို မထီမဲ့မြင်ပြုသော မင်းကြီး အလာကို ပန်း အလှများပြင်ဆင်၍ စောင့်လေသည်။ သီဝိမင်းကြီးနှင့် ညီတော်စစ်သူကြီးတို့ အိမ်ရှေ့ မဏ္ဍပ်သို့ ရောက်လာသောအခါ ဆင်ဝင်ထွက်၍ သီဝိမင်းကြီးအပေါ် ပန်းနှင့် ပေါက်ကြဲသည်။ သီဝိမင်းကြီး မော့ကြည့်လိုက်သောအခါ ကြာကြာ အကြည့်မခံ အိမ်ထဲသို့ဝင်ပြေးသည်။ ဤတွင် သီဝိမင်းကြီးသည် ခေတ္တမျှ တွေ့ရသော ဥမ္မာဒန္တီ၏ အလှအပေါ် စွဲလမ်းရူးသွပ်သွားသည်။ ဆက်၍အခြား မဏ္ဍပ်များသို့ မသွားတော့ဘဲ နန်းတော်သို့ ပြန်လေသည်။ ခရီးတစ်လျှောက်လုံး ဥုံ ဥုံ ဥုံ ဟု အော်ညည်းလေသည်။ ညီလာခံမလုပ်နိုင် စိတ်ဖောက်ပြန်သော မင်းကြီးကိုနန်းချ၍ ညီတော် ကို နန်းတင်ရန် တောင်းဆိုကြသည်။ ညီတော်က လည်း နောင်တော်မင်းကြီး လိုချင်လှတဲ့ သူ့ဇနီး ဥမ္မာဒန္တီကို ဆက်သပါမည်ဟု လျှောက်ထားသည်။ ထိုအခါ မင်းကြီးသည် ကာမေသုမိစ္ဆာ အပြစ်ကြီး ကျူးလွန်တော့မည်ဟု ညောင်ပင်စောင့်ရုက္ခစိုးကြီး က အော်လေသည်။ ဤတွင် သီဝိမင်းကြီးသည် စိတ်ကိုထိန်း၍ သီလပြန်လည်ဆောက်တည်လာ သောအခါ တိုင်းပြည်သာယာဝပြောလာသည်။ ညီတော်နှင့် ဇနီးဥမ္မာဒန္တီတို့သည်လည်း မင်းကြီးအား ရိုသေခစားကြသည်။ ဤဇာတ်တွင် တန်ဆောင် မုန်းလ နက္ခတ်တာရာ ကျင်းပသည့်ပွဲ ဖော်ပြသည်။
မဲဇလီဖူးကို ယနေ့တိုင်သုပ်စား
တန်ဆောင်မုန်းလသည် ကြည်လင်သော ကောင်းကင်ယံနှင့် နေလဂြိုဟ်များကို သာမန် မျက်စိဖြင့် မြင်တွေ့နိုင်သည်။ အသေးဆုံး ဖျောက်ဆိပ် ကြယ်ကိုပင် တွေ့နိုင်သည်။ ထိုအခါ ဒေသအလိုက် ပွဲများပေါ်လာသည်။ ကောင်းကင်မှ အဂ္ဂိ မီးနတ်သား သည် သူ၏မိတ်ဆွေဖြစ်သော မဲဇလီပင်စောင့်သော ရုက္ခစိုးထံသို့ အလည်လာသည်။ ထိုအခါ ရုက္ခဗေဒ လောကမှာ သစ်ပင်၊ ပန်းပင်၊ ချုံနွယ်များကို စောင့်သော နတ်တွေက မဲဇလီပင်ရုက္ခစိုးထံ ရောက်နေသော အဂ္ဂိမီးနတ်ကြီးထံသို့ လာရောက် ဂါရဝပြုကြသည်။ ထို့ကြောင့် ထိုအချိန်အခါတွင် မဲဇလီပင်တွင် ရောဂါမျိုးစုံ ကုနိုင်စွမ်းရှိသော အာနိသင်စုရောက်လာကြသည်။ ထို့ကြောင့် မြန်မာ တို့က မဲဇလီဖူးကို ခူးစားကြသည်။ ခါးသက်သက် အရသာရှိသော မဲဇလီဖူးကို ယနေ့တိုင် သုပ်စား နေကြသည်။ ဤအချိန်အခါတွင် ကောင်းကင်ယံ၌ စောရနက္ခတ် ပေါ်ထွန်းနေရာ သူ၏ရောင်ခြည်များကို လူ့ပြည်သို့ဖြန့်ပြီး ထိုရောင်ခြည်အောက်မိသော သူများသည် ခိုးချင်ဝှက်ချင်စိတ်များ ဖြစ်ပေါ်လာ သည်။ ထို့ကြောင့် ကာလသားလူငယ်များသည် သူခိုးကာလ ဖြစ်ပါသည်။ အိမ်ခြံဝင်းတွင်ရှိသော ကြက်များကို ခိုးယူ၍ ကာလသားများ စုပေါင်းကာ ကြက်သားကာလသားချက်စားသည်။ အိုးစွပ် ခွက်စွပ်စားသည်။ လသာသာတွင် လှပသော အမျိုးသမီးများ အိမ်ရှေ့သို့သွား၍ ပလွေ၊ နှဲ၊ စည်းဝါးတို့နှင့် သီချင်းဆိုပြီး နောက်ပိုးပိုးကြသည်။ အပျိုတို့ကလည်း မီးများပိတ် အိပ်ချင်ဟန်ဆောင်၍၊ သို့သော် ပြတင်းပေါက်ဖွင့်၍ ကာလသားများသီဆို သော သီချင်းသံများကို နားထောင်ကြသည်။ မိဘများလည်း အိပ်ချင်ဟန်ဆောင်ကြသည်။
ဗုဒ္ဓဘုရားက သတ်မှတ်ပေး
ကထိန်သင်္ကန်းကပ်ပွဲမှာ ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကားသည့်အချိန်မှစ၍ ပေါ်ခဲ့သည်။ ဝါဆိုလ တွင် ကျင်းပသော ဝါဆိုသင်္ကန်းကပ်ပွဲထက် ပို၍ စည်းကမ်းကျသည်။ ဝိနည်းသိက္ခာအမျိုးစုံနှင့် ကပ်ရပါသည်။ နောက်ကြောင်း ရာဇဝင်မှာ သာဝတ္ထိပြည်ဝေးကွာသောဒေသများ၌ သီတင်းသုံး သော ဝဂ္ဂိရဟန်းတို့ သည် ဗုဒ္ဓဘုရားအားဖူးမြော်ရန် ခြေကျင်ခရီးထွက်လာကြသည်။ လမ်းခရီးတွင် မိုးဒဏ်၊ လေဒဏ်၊ ရေဒဏ်တို့နှင့် ကြုံရ၍ ရပ်နားနေရသည်။ ဆွမ်း၊ ကွမ်း မလုံလောက်။ ပါလာသောသင်္ကန်းသုံးစုံမှာ ဆွေးမြည့်ကုန်ကြသည်။ ဘုရားရှေ့မှောက် ရောက်သောအခါ ဘုရားရှင်က ကထိန်သင်္ကန်းကပ်ရန် မိန့်တော်မူသည်။ ကထိန် ဆိုသည်မှာ ကထိနစကားမှ ဆင်းသက်လာသော စကား ဖြစ်သည်။ အဓိပ္ပာယ်မှာ မြဲမြံခြင်းကို ဆိုလိုသည်။ ပရိက္ခရာရှစ်ပါးကို ရဟန်းတစ်ပါး အတွက် လှူခြင်းမဟုတ် သံဃာအဖွဲ့အစည်းအတွက် လှူခြင်းဖြစ်သည်။ ထို့ကြောင့် ယင်းပစ္စည်းကို အားလုံးနှင့်ဆိုင်သည် တစ်သီးပုဂ္ဂလဆိုင်မဟုတ် ဘုံဆိုင်ဖြစ်သည်။ ထို့နောက် အလှူရှင်တို့၏ အရည်အချင်း လိုက်နာရမည့် စည်းကမ်းချက်၊ ထားရမည့် စေတနာတို့ကိုလည်း ဗုဒ္ဓဘုရားက သတ်မှတ်ပေးသည်။ အလှူခံသံဃာတို့အားလည်း အရည်အချင်း စည်းကမ်းများ လိုက်နာရန် ပြဋ္ဌာန်း ပေးသည်။ ဝါတွင်းဝါဆိုချိန်၌ လိုက်နာအပ်သည့် ဝါစည်းကမ်းချိုးဖောက်မိသော ရဟန်းသည် ကထိန် သင်္ကန်းအလှူခံခွင့်မရှိပါ။ လက်ခံပြီးသောရဟန်း သည် ကထိန်သင်္ကန်းကို ဝိနည်းသိက္ခာနှင့် လျော်ညီစွာ ဝတ်ဆင်ရပါသည်။ ယဉ်ကျေးမှုအရ တန်ဆောင်မုန်း ကထိန်သင်္ကန်း ကပ်လှူပွဲသည် ကြီးမားသော အခမ်းအနား ပျော်ရွှင်ပွဲတစ်ခု ဖြစ်သည်။ သင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများကို ပဒေသာပင်ပုံစံ လုပ်ထားသော ဝါး၊ သစ်သားတို့ တွင် ချိတ်ဆွဲပြီး ကထိန်သင်္ကန်းကပ်လှူပွဲ အခမ်း အနား လှည့်လည်ကြပါသည်။
ကထိန်သင်္ကန်းအကြောင်း စပ်ဆိုထားသော သီချင်းများကို အတီးအမှုတ် အကအခုန်များနှင့် လိုက်ပါကြသည်။ လှပစွာ ဝတ်ဆင်ထားသော အမျိုးသမီးတို့က ကထိန်သင်္ကန်းနှင့် ပရိက္ခရာများကို ကိုင်ဆောင်၍ လိုက်ပါသည်။ လူငယ်ကာလသား တို့က အိုးစည်ဒိုးပတ် ဗျောတီးမှုတ်ပြီး ကခုန်ကြ သည်။
သူတို့အား ရပ်ကွက်လူကြီးများကလည်း ဆုချကြသည်။ ဗုဒ္ဓဘာသာနိုင်ငံများအနက် မြန်မာ နိုင်ငံသာလျှင် ဝါဆိုသင်္ကန်းကပ်ပွဲနှင့် ကထိန် သင်္ကန်းကပ်ပွဲများ ကျင်းပခဲ့ပါသည်။ မျိုးဆက်သစ် လူငယ်များအတွက် ဤဆောင်းပါးကို တင်ပြလိုက်ပါ သည်။ ။
- Log in to post comments