
ပျော်ဘွယ် နိုဝင်ဘာ ၁၈
ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် မင်းလမ်းကျေးရွာ အုပ်စု ကျောင်းကုန်းကျေးရွာအနီးတွင် နိုဝင်ဘာ ၁၇ ရက် ညနေ ၆ နာရီခန့်က ရန်ကုန်ဘက်မှ မန္တလေး ဘက်သို့မောင်းနှင်လာသည့် ကျောက်တင်မီးရထား သည် မိုင်တိုင်အမှတ်(၂၈၅) တံတားအမှတ် (၅၂၉)တွင် ရထားသံလမ်းပေါ်သို့ ရောက်ရှိနေသည့် နွားများကိုတိုက်မိကာ ရထားစက်ခေါင်း တံတား အောက်သို့ထိုးကျခြင်း၊ စက်ခေါင်းနောက်နှစ်တွဲမှာ တိမ်းမှောက်ခြင်း၊ ၎င်းနောက် နှစ်တွဲမှာ လမ်းချော် ခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ရထားစက်ခေါင်းအမှတ် (၃၅၁)BE ကျောက်တင်ရထားမောင်းနှင်သူ တစ်ဦး နှင့် စက်ပြင်တစ်ဦးတို့ သေဆုံးခဲ့ကြောင်း၊ ကျန်ရထား ဝန်ထမ်းလေးဦးမှာ ဒဏ်ရာများရရှိခဲ့ခြင်းကြောင့် နေပြည်တော်နှင့် ပျော်ဘွယ်ဆေးရုံတို့သို့ ဆေးကုသမှု ခံယူနိုင်ရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရထားတိမ်းမှောက်မှုဖြစ်စဉ်ကြောင့် နယ်မြေခံ တပ်မှ တပ်မတော် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးလွင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များက ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို ဆောင်ရွက်ပေးပြီး ရထားဝန်ထမ်းများကလည်း ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မင်းမင်းထွေး
(ပျော်ဘွယ်)