
ယူရို ၂၀၂၄ ပြိုင်ပွဲ ကွာတား ဖိုင်နယ်မှ နာမည်ကြီး ပေါ်တူဂီနှင့် ပြင်သစ်အသင်းပွဲစဉ်ကို ဇူလိုင် ၆ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင် ကစားခဲ့ရာ ပြင်သစ်အသင်းက ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် နိုင်ပွဲရယူပြီး ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။
အဆိုပါပွဲစဉ်ကို ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့ရှိ Volkspark-stadion အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ပရိသတ် ၄၇၀၀၀ ကျော် လာရောက်ကြည့်ရှု ခဲ့သည်။ ပွဲမှာ အပြန်အလှန် ထိုးဖောက် တိုက်စစ်ဆင်မှုများ၊
ဂိုးပေါက်ခြိမ်းခြောက်မှုများ၊ ဂိုးရရှိ ရန် နီးစပ်သည့် အခွင့်အရေးများ ရရှိခဲ့သော်လည်း သာမန်ပွဲကစား ချိန်အတွင်းနှင့် အချိန်ပို မိနစ် ၃၀ အတွင်း တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်း မရှိသည့် အတွက် ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရသည်။
ပေါ်တူဂီအသင်း ဂိုးသမား ဒီယေဂို ကော်စတာသည် ယူရို ပြိုင်ပွဲ ၁၆ သင်းအဆင့် ပယ်နယ်တီ အဆုံးအဖြတ်တွင် စလိုဗေးနီးယား အသင်း၏ ပယ်နယ်တီကန်သွင်း ချက်များကို အထူးလက်စွမ်းပြကာကွယ်နိုင်ခဲ့သော်လည်း ယခု ပွဲစဉ်တွင် ပြိုင်ဘက်ပြင်သစ် အသင်း၏ ပယ်နယ်တီကန်သွင်း ချက်များကို ကာကွယ်နိုင်ခြင်း မရှိခဲ့ချေ။
ထို့ကြောင့် ပြင်သစ်အသင်းက ပေါ်တူဂီအသင်းကို ငါးဂိုး - သုံးဂိုး ဖြင့် နိုင်ပွဲရရှိခဲ့ခြင်း ဖြစ်သည်။ နာမည်ကြီး ပေါ်တူဂီအသင်းကို အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့သော ပြင်သစ်အသင်းသည် ယူရို ၂၀၂၄ ပြိုင်ပွဲ ဆီမီးဖိုင်နယ်၌ အသင်းကြီး စပိန်အသင်းနှင့် ဇူလိုင် ၁၀ ရက် တွင် ဆက်လက်ယှဉ်ပြိုင်ကစား ရမည် ဖြစ်သည်။
ယူရို ၂၀၂၄ ပြိုင်ပွဲ ကွာတား ဖိုင်နယ်မှ အခြားသောပွဲစဉ်အဖြစ် ဇူလိုင် ၅ ရက် ည ၁၀ နာရီခွဲတွင် စပိန်နှင့် အိမ်ရှင်ဂျာမနီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ စပိန်အသင်း က အကြိတ်အနယ် ကစားပြီး နှစ်ဂိုး - တစ်ဂိုးဖြင့် နိုင်ပွဲရရှိကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင် ခဲ့သည်။ အောင်ဇော်