
ပရီမီယာလိဂ်ပွဲစဉ် (၂၈) မှ မတ် ၉ ရက် ည ၇ နာရီက အိုးထရက် ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် မန်ယူနှင့် အဲဗာတန်အသင်း ပွဲစဉ်တွင် မန်ယူအသင်းက ဖာနန် ဒက်စ်၊ ရက်ဖို့ဒ်တို့၏ ပယ်နယ်တီ သွင်းဂိုးများဖြင့် နှစ်ဂိုးပြတ် အနိုင် ရရှိခဲ့သည်။
အဲဗာတန်အသင်းသည် ချေပ ဂိုးရရှိရေး နီးစပ်မှုများရှိခဲ့သော် လည်း ရရှိလာသည့် အခွင့်အရေး များကို အသင်းကစားသမား အသုံးမချနိုင်ခဲ့သည့်အတွက် ချေပ ဂိုးများနှင့် ဝေးကွာကာ ဂိုးပြတ် ရှုံးပွဲကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။
မန်ယူအသင်းသည် ပထမပိုင်းပွဲချိန်တွင် အဲဗာတန်အသင်းဘက်သို့ အကောင်းဆုံး တုံ့ပြန်ကစားကာ သွင်းဂိုးများရယူနိုင်ခဲ့သည်အထိ ခြေစွမ်းပြသနိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ခြေစွမ်းကျဆင်းခဲ့ပြီး ပြိုင်ဘက် အဲဗာတန်အသင်း၏ ဖိအားပေးတိုက်စစ်ဆင်မှုများကို ခုခံကာကွယ်ခဲ့ရသည်။
မန်ယူအသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၁၂ မိနစ်တွင် အသင်း ခေါင်းဆောင် ဖာနန်ဒက်စ်က ပယ်နယ်တီမှတစ်ဆင့် သွင်းယူနိုင်ခဲ့သလို ပွဲချိန် ၃၆ မိနစ်တွင်လည်း ပယ်နယ်တီမှတစ်ဆင့် အသင်းတိုက်စစ်ကစား သမား ရက်ဖို့ဒ်က အမှားအယွင်းမရှိ အဆုံးသတ်သွင်းယူနိုင်ခဲ့သည်။
မန်ယူအသင်းသည် ယခုအနိုင်ပွဲကြောင့် ၂၈ ပွဲကစားပြီး ရမှတ် ၄၇ မှတ်ဖြင့် အဆင့် (၆) တွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ အဲဗာတန် အသင်းသည် ယခုပွဲစဉ်ရှုံးနိမ့်ခဲ့သည့်အတွက် ပရီမီယာလိဂ်တွင် ရှုံးပွဲ ၁၃ ပွဲအထိ ရှိလာပြီဖြစ်ပြီး တန်းဆင်းဇုန်အသင်းနှင့် ရမှတ်ကွာဟမှုကျဉ်းမြောင်းလာပြီဖြစ်သောကြောင့် လက်ကျန်ပွဲစဉ်များတွင် မဖြစ်မနေ ရလဒ်ကောင်းရရှိရေး ကြိုးပမ်းအားထုတ်ရတော့မည်ဖြစ်သည်။
လာမည့်ပွဲစဉ်တွင် မန်ယူအသင်းက အက်ဖ်အေဖလားပြိုင်ပွဲ၌ အသင်းကြီး လီဗာပူးအသင်းနှင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။ ပြိုင်ဘက်အဲဗာတန်အသင်းက ပရီမီယာလိဂ်တွင် ဘုန်းမောက်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အောင်ဇော်