ဖြစ်လာနိုင်ဖွယ် သဘာဝအန္တရာယ် ကြိုတင်ပြင်ဆင်မှုဖြင့် ကာကွယ်

 

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် မိုးရေချိန်အများအပြား ရွာသွန်းလျက်ရှိခြင်း၊ လာနီညာဖြစ်စဉ် အကျိုးသက်ရောက်မှု ကြောင့် အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာ နိုင်ခြင်းနှင့် မိုးရွာသွန်းမှု ပုံမှန်ထက်ပိုမိုခြင်းကဲ့သို့သော ရာသီဥတု ဖြစ်စဉ်များ ဖြစ်လာနိုင်သည့် အခြေအနေများကြောင့် သဘာဝ ဘေးအန္တရာယ်   ကျရောက်နိုင်သည့်   အလားအလာများကို မျက်ခြည်မပြတ် ဂရုပြုကြရတော့မည်ဖြစ်သည်။

 


မိမိတို့၏  အိမ်နီးချင်းနိုင်ငံတစ်ခုတွင်ဆိုလျှင်    မုတ်သုံမိုး သည်းထန်ပြီး   ရေကြီးရေလျှံမှုများကြောင့်   လူသန်းနှင့်ချီ၍   ရေဘေး ရှောင်ကြရပြီး    နောက်ထပ်  သန်းပေါင်းများစွာတို့မှာလည်း ရေဘေးအန္တရာယ်ခြိမ်းခြောက်မှုကို     ခံနေရခြင်းနှင့်   ရေဘေး ကြောင့်   လူ့အသက်ဆုံးရှုံးမှုတို့   ဖြစ်ပေါ်နေကြောင်းဖြင့်လည်း သတင်းများတွင် တွေ့ရှိရသည်။ မိုးကြီးသည့် ရာသီဥတုဖြစ်စဉ် သည် မြစ်ချောင်းများတွင် ရေကြီးရေလျှံခြင်း၊ တောင်ကျရေ ကျဆင်းပြီး ဒေသအချို့တွင် ရုတ်တရက် ရေကြီးခြင်း၊ တောင်ပြို  မြေပြိုခြင်း၊ မြစ်ကမ်းပါးများ ပြိုခြင်းကဲ့သို့သော သဘာဝဘေး အန္တရာယ်များကို   ဖြစ်ပေါ်စေသည်။  မိမိတို့နိုင်ငံသည်  ပထဝီ အနေအထား၊    မြေပြင်အနေအထားတို့ကြောင့်   သဘာဝ ဘေးအန္တရာယ်ဖြစ်ပေါ်နိုင်သည့်    အလားအလာမြင့်မားသည့် နိုင်ငံဖြစ်သည်။ နှစ်စဉ်   မုတ်သုံမိုးနှင့်အတူ   မြစ်ရေမြင့်တက်မှုမှာ ပုံမှန်ဖြစ်စဉ်ဖြစ်သော်လည်း   လာနီညာသက်ရောက်မှုကြောင့် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ပြီး မိုးရွာသွန်းမှု ပိုမိုနိုင်ခြင်းကြောင့် ရေကြီးသည့်အန္တရာယ် ဖြစ်လာနိုင်ဖွယ်ရှိသည် ဟု   မျှော်လင့်ထားကာ  ပြင်ဆင်ဖွယ်ရာရှိသည်တို့ကို  ပြင်ဆင် ထားကြရတော့မည်ဖြစ်သည်။

 


သဘာဝဘေးအန္တရာယ်အတွက် သက်ဆိုင်ရာဌာနများက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေလျက်ရှိသကဲ့သို့ပင် ဘေးအန္တရာယ် ကျရောက်နိုင်သည့် နေရာဒေသများတွင် ရောက်ရှိ၊ နေထိုင်နေ ကြသည့် ပြည်သူများအနေဖြင့်လည်း သဘာဝဘေးကြောင့် လူ၊ တိရစ္ဆာန်နှင့် ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် ကြိုတင် ပြင်ဆင်ကြရမည်ဖြစ်သည်။ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက အချိန်နှင့်တစ်ပြေးညီ   ထုတ်ပြန်ပေးလျက်ရှိသော  မိုးလေဝသ သတင်းများကို   အမြဲမပြတ်နားထောင်ခြင်း၊   ဘေးအန္တရာယ် သတိပေးချက်များကို လိုက်နာဆောင်ရွက်ခြင်း၊ ကျန်းမာရေး အသိပညာပေးမှုများနှင့်   ကျန်းမာရေးသတိပေးနှိုးဆော်ချက် များကို ဂရုတစိုက် လိုက်နာဆောင်ရွက်ခြင်း၊ အရေးပေါ်ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ အစားအစာနှင့်  သောက်သုံးရေ၊  အရေးကြီး စာရွက်စာတမ်းများနှင့် လက်ဝတ်ရတနာများကဲ့သို့သော အဖိုးတန် ပစ္စည်းများ စသည်တို့ကို ရေလုံထုပ်ပိုးခြင်းနှင့် ရေလွတ်နေရာသို့ ရွှေ့ပြောင်းနိုင်ရန် ပြင်ဆင်ထားခြင်း၊ သန့်ရှင်းသောသောက်သုံး ရေနှင့် အစားအစာများကိုသာ   စားသုံးပြီး   တစ်ကိုယ်ရေသန့်ရှင်း ရေးနှင့်  ပတ်ဝန်းကျင်သန့်ရှင်းရေးကို   ဂရုပြုဆောင်ရွက်ခြင်း၊   ဒေသအတွင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက် နေသည့် ဒေသခံအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ကျန်းမာရေးနှင့် အခြားအဖွဲ့အစည်း များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြခြင်းအားဖြင့်      သဘာဝဘေးအန္တရာယ် ကျရောက်စေကာမူ    လျော့ပါးသက်သာမှု   ရရှိနိုင်မည်ဖြစ်ပါကြောင်း။       ။