
အလုပ်တစ်ခုလုပ်တော့မယ်ကြံတိုင်း ပေါ်လာတဲ့အကြံကို ချက်ချင်းလက်ငင်း ကောက်ကာငင်ကာ အကောင်အထည်ဖော်သင့်သလား။ ဖြစ်နိုင်ခြေကို တွက်ဆပြီးမှ အကောင်အထည်ဖော်သင့်သလား။ ဒါက သေချာစဉ်းစားရမယ့်အချက်တစ်ခုပါ။
အဖွဲ့အစည်းကြီးတွေ၊ ကုမ္ပဏီကြီးတွေကတော့ စီမံကိန်းလုပ်ငန်းကြီးတစ်ခု လုပ်တော့မယ်ကြံတိုင်း သက်ဆိုင်ရာစီမံကိန်းနဲ့ပတ်သက်လို့ ဖြစ်နိုင်ခြေလေ့လာဆန်းစစ်တဲ့လုပ်ငန်းကို အချိန်ယူပြီး ကျကျ နန လုပ်လေ့ရှိကြပါတယ်။
ပထမအချက်အနေနဲ့ နည်းပညာပိုင်းဆိုင်ရာ အရ အဆင်ပြေနိုင်၊ မပြေနိုင် လေ့လာကြည့်ကြတယ်။ ဒီလုပ်ငန်းကိုလုပ်ဖို့ ကိုယ့်အဖွဲ့အစည်းမှာ နည်းပညာ ရှိရဲ့လား။ ကျွမ်းကျင်သူတွေရှိရဲ့လား။ အပြင်က ခေါ်ရင်ရော ရနိုင်ပါ့မလား။ လိုအပ်တဲ့ အထောက် အကူပြု ပစ္စည်းကိရိယာတွေရော ရနိုင်ပါ့မလား ဆိုတာမျိုးပေါ့။
အရင်းအမြစ်တွေရှိရဲ့လား
နောက်တစ်ချက်က စီးပွားရေးဆိုင်ရာ ဖြစ်နိုင် ခြေတွေ။ ဒီလုပ်ငန်းကြီးလုပ်ကိုင်ဖို့ အရင်းအမြစ်တွေ ရှိရဲ့လား။ ဘယ်ကရနိုင်မလဲ။ အရင်းအမြစ်တွေက အဆင်ပြေနိုင်တယ်ဆိုဦးတော့ ကုန်တာနဲ့ရတာနဲ့ ကာမိပါ့မလား။ မြတ်ရောမြတ်ပါ့မလားဆိုတာမျိုးပေါ့။ ဒါ့အပြင် ကိုယ်လုပ်မယ့်စီမံကိန်းက ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ ကိုက်ညီရဲ့လားဆိုတာ ကိုလည်း လေ့လာကြတယ်။ ကိုယ်လုပ်မယ့်အလုပ်နဲ့ ကိုယ့်ကုမ္ပဏီ၊ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီရဲ့လားဆိုတာကိုလည်း လေ့လာတယ်။
ဘယ်အချိန်ကာလမှာ ပြီးနိုင်လိမ့်မယ်လို့ ခန့်မှန်းထားတဲ့ လုပ်ငန်းမျိုးအတွက်ဆိုရင် သတ်မှတ် ကာလအတွင်းမှာ တကယ်ပြီးနိုင်တာ ဟုတ်ရဲ့လား၊ မမျှော်လင့်တဲ့ အခက်အခဲတွေကြောင့်များ လိုတာ ထက်ပိုကြာသွားနိုင်လေမလား။ တကယ်လို့ ကြာလွန်းသွားရင် ကုန်ကျစရိတ်ကိစ္စ၊ အရှုံးအမြတ် ကိစ္စတွေအပေါ်မှာ ဘယ်လိုသက်ရောက်လာနိုင်မလဲ ဆိုတာမျိုးကိုလည်း လေ့လာကြတယ်။ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာရှုထောင့်က ကြည့်ရင်ရော အဆင်ပြေနိုင်ပါ့မလား၊ ဒေသခံတွေနဲ့ ပြဿနာ ဖြစ်နိုင်ခြေရှိသလား၊ ရှိလာရင် ဘယ်လိုနည်းလမ်း တွေနဲ့ဖြေရှင်းသင့်သလဲဆိုတာတွေလည်း လေ့လာ ကြတယ်။
လေ့လာနေတာကိုက အကြာကြီး။ တစ်ရက် နှစ်ရက်လည်းမက၊ တစ်လနှစ်လလည်းမက။ ရေအား လျှပ်စစ်ထုတ်တော့မယ်ဆိုပါစို့။ ရေလှောင် တမံက လွှတ်ထုတ်မယ့်ရေကနေ ထုတ်မှာလား၊ စီးနေတဲ့ မြစ်ထဲ ချောင်းထဲမှာ စီးနေတဲ့ နေရာကနေ ထုတ်မှာလား။
ရေလှောင်တမံတစ်ခုကနေ လျှပ်စစ်ထုတ်မယ် ဆိုပါစို့။ ဒါဆို ဒီတမံက နွေရာသီမှာ ရေဘယ်လောက် ရှိသလဲ၊ မိုးရာသီမှာ ဘယ်လောက်ဝင်သလဲ၊ စိုက်ပျိုး ရေးအတွက်ရေက နေ့တိုင်းလွှတ်ပေးဖို့ လိုသလား၊ ဆယ့်နှစ်ရာသီလုံး ရေနေ့တိုင်းလွှတ်ဖို့အတွက် ရေလုံလောက်ပါ့မလား၊ နေ့တိုင်းလွှတ်တဲ့ ရေတွေ ကို လယ်ထဲယာထဲက မသုံးနိုင်တော့ရင် ဘယ်ကို ဆက်လွှတ်ပေးမလဲ၊ ဒီစီမံကိန်းကြောင့် တမံရဲ့ ကြံ့ခိုင်မှုကို ထိခိုက်သွားစေနိုင်မလား၊ ဘယ်လို စက်တွေတပ်ဆင်ပြီး ဓာတ်အားဘယ်နှ မဂ္ဂါဝပ် လောက်ရနိုင်မလဲ၊ ထွက်လာတဲ့ ဓာတ်အားကို ဘယ်ပို့မလဲ၊ အနီးပတ်ဝန်းကျင် မြို့၊ ရွာတွေက လျှပ်စစ်မီးရပြီလား၊ ရပြီဆိုရင် တစ်ယူနစ်ကို ဘယ်နှုန်းနဲ့သုံးနေကြသလဲ၊ သူတို့ဝယ်တဲ့နှုန်း အတိုင်း ရောင်းနိုင်ပါ့မလား၊ မြတ်နိုင်ပါ့မလား၊ မြေ အသုံးပြုမှုအတွက် ဘာပြဿနာတွေ ရှင်းဖို့ရှိဦးမလဲ၊ စက်ရုံတည်ထောင်တာအတွက် စရိတ်ဘယ်လောက် ကုန်နိုင်မလဲ၊ လုပ်သားဘယ်လောက်လိုမလဲ၊ ပညာရှင်ကဘယ်နှယောက်လဲ၊ ကျွမ်းကျင်သူက ဘယ်နှယောက်လဲ၊ အခြေခံလုပ်သားက ဘယ်လောက်လိုနိုင်မလဲ၊ ဒေသခံတွေကို အလုပ် ဘယ်နှနေရာလောက် ပေးနိုင်မလဲ၊ တည်ဆောက် ရေးကာလက ဘယ်လောက်ကြာနိုင်မလဲ၊ လည်ပတ် ချိန်မှာ လူဘယ်လောက်နဲ့ လည်ပတ်ရမလဲ စသည်၊ စသည်အားဖြင့် ဘက်ပေါင်းစုံက အသေးစိတ် တွက်ချက်ကြတာပါ။ တစ်ဆင့်ပြီးတစ်ဆင့် ကျကျ နန လေ့လာသုံးသပ်နေကြတာပါ။
သတ္တုတူးဖော်ရေးလုပ်ငန်းဆိုရင်လည်း မြေကြီး လေးတူးလိုက်၊ ကျောက်ခဲလေးကောက်လိုက်၊ ဓာတ်ခွဲခန်းပို့လိုက်နဲ့ အကြိမ်ကြိမ်အထပ်ထပ် လေ့လာတွက်ချက်ပြီးမှာ ဘာသတ္တုတွေရှိနေသလဲ၊ ဘယ်အတိုင်းအတာအထိ ရှိနိုင်သလဲ၊ ထုတ်လုပ် မယ်ဆိုရင် ဘာအခက်အခဲတွေကြုံနိုင်မလဲ၊ ဘယ် ပြဿနာတွေ ဖြေရှင်းရနိုင်မလဲဆိုတာမျိုးကို အသေးစိတ်လေ့လာကြတာ။
ယုတ်စွအဆုံး ချောင်းကူးတံတားငယ် တစ်စင်းတည်ဆောက်တော့မယ်ဆိုရင်တောင်မှ ချောင်းရဲ့ဘယ်နေရာမှာ တံတားဆောက်သင့်သလဲ၊ ရေကနွေရာသီမှာ ဘယ်လောက်စီးသလဲ၊ မိုးရာသီ မှာ ဘယ်လောက်စီးသလဲ၊ ရေစီးကြမ်းသလား၊ ရေစီးနဲ့အတူ သစ်လုံးတွေ မျောပါလာတတ်သေး သလား၊ လူသူပြတ်လပ်တဲ့အချိန် တံတားပေါ်ကို တောဆင်ရိုင်းတွေဘာတွေ ဖြတ်သွားနိုင်သေး သလား၊ အုပ်လိုက် ဖြတ်သွားမယ်ဆိုရင်ကော တံတားက ခံနိုင်ပါ့မလား၊ မခံနိုင်ရင် ဘယ်လို အကာ အရံထားမလဲ၊ လွန်ခဲ့တဲ့ ငါးနှစ် ဆယ်နှစ်အတွင်းက ကာလအလိုက် ရေစီးဆင်းမှုအခြေအနေ မှတ်တမ်း တွေ ရနိုင်သလား၊ ချောင်းကမ်းပါးမြေက ဘာမြေ အမျိုးအစားလဲ၊ ဘယ်လောက်ခိုင်မာမှု ရှိသလဲ၊ တကယ်ဆောက်ပြီဆိုရင် ဘာအခက်အခဲတွေရှိနိုင် မလဲဆိုတာလောက်ကိုတော့ လေ့လာတွက်ချက် ကြရသေးတာပါ။
ဖြစ်နိုင်ခြေတွေကို လေ့လာတွက်ဆပြီးမှ အလုပ် လုပ်တဲ့အကျင့်က အဖွဲ့အစည်းကြီးတွေ၊ ကုမ္ပဏီကြီး တွေမှာတော့ စွဲနေကြပါပြီ။ ဖြစ်နိုင်ခြေလေ့လာမှု မလုပ်ဘဲ စလိုက်တဲ့စီမံကိန်းဆိုတာ မရှိသလောက် ပါပဲ။
အတွေ့ အကြုံအပေါ်မူတည်
ဖြစ်နိုင်ခြေတွေကို လေ့လာတာကတော့ ဟုတ်ပါပြီ၊ တကယ်အကောင်အထည်ဖော်တဲ့အခါ ကနဦးလေ့လာထားတဲ့အတိုင်း အတိအကျကြုံရပါ့ မလားလို့ မေးကောင်းမေးနိုင်ပါတယ်။ ဖြစ်နိုင်ခြေ ဆိုတဲ့အတွက် ဖြစ်မယ့်ဟာတွေကို ကြိုပြောတာ မဟုတ်ပါဘူး။ ဖြစ်လာနိုင်စရာရှိတဲ့ အကြောင်း တရားတွေကို လက်လှမ်းမီသမျှ ရနိုင်တဲ့သတင်းအချက်အလက်တွေစုပြီး တွက်ချက်ကြည့်ကြတာပါ။ လေ့လာသူရဲ့ သက်ဆိုင်ရာပညာအခြေခံနဲ့ အတွေ့ အကြုံအပေါ်မူတည်ပြီး ကနဦးလေ့လာချက်နဲ့ သွေဖည်သွားနိုင်ခြေတွေ ကွဲပြားသွားမှာပါ။
သေသေချာချာလေ့လာပြီး လုပ်တော့ကော အမှားအယွင်း၊ အတိမ်းအစောင်းတွေ မရှိနိုင်တော့ ဘူးတဲ့လား။ ရှိနိုင်တာပါပဲ။ လုံးဝမျှော်လင့်မထားတဲ့ အခြေအနေမျိုးနဲ့လည်း ကြုံရနိုင်တာပါပဲ။ ဒါဆို ဘာ့ကြောင့် ကနဦးလေ့လာမှုတွေလုပ်နေကြသလဲ၊ ဖြစ်နိုင်ခြေတွက်ချက်မှုတွေ ဘာ့ကြောင့်လုပ်နေကြ သလဲ။ အဖြေကတော့ ရှင်းပါတယ်။ စူးစမ်းလေ့လာ ပြီးမှလုပ်တာက မစူးစမ်းမဆင်ခြင်ဘဲ လုပ်လိုက် တာထက်တော့ အကျိုးများနိုင်တာ သေချာနေလို့ပါ။ ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှုရဲ့အကျိုးကျေးဇူးကို ကောင်းကောင်းသဘောပေါက်လို့လည်း အချိန်တွေ၊ ငွေတွေအကုန်ခံပြီး ဆောင်ရွက်နေကြတာပါ။
ဖြစ်နိုင်ခြေလေ့လာမှုတစ်ခုက အပြောလွယ် သလောက် အခြေနေမှန်ကို ထင်ဟပ်နိုင်ဖို့ကျတော့ တကယ်ကို ကြိုးစားပန်းစားလုပ်နိုင်မှ၊ သက်ဆိုင်ရာ နယ်ပယ်အတွက် လုံလောက်တဲ့ ပညာအခြေခံနဲ့ သင့်တင့်တဲ့အတွေ့အကြုံရှိမှလည်း ဆောင်ရွက်ဖို့ အဆင်ပြေနိုင်တာ။ ကောင်းတယ်၊ မကောင်းဘူး၊ အကျိုးရှိမယ်၊ မရှိဘူးဆိုတာလောက်ပဲ ယေဘုယျ ပြောလို့မရဘူး။ ရလဒ်ကောင်းတယ်ဆိုရင် ဘာ့ကြောင့် ကောင်းတာလဲ၊ဘယ်လိုကောင်းတာလဲ၊ ဘယ်လောက် အထိကောင်းလာနိုင်တာလဲ။ ဆိုးတယ်ဆိုရင် ဘာ့ကြောင့်ဆိုးတာလဲ၊ ဘယ်လိုဆိုးတာလဲ၊ တကယ် အကောင်အထည်ဖော်ရင် ဘယ်လောက်အထိ ဆိုးသွားနိုင်တာလဲ။ အကျိုးရှိတယ်ဆိုရင် ဘယ်သူ့ အတွက်လဲ၊ သဘာဝပတ်ဝန်းကျင်အတွက်လား၊ ဖွံ့ဖြိုးတိုးတက်မှုအတွက်လား၊ ဒေသအတွက်လား၊ ဘယ်လောက်အထိ အကျိုးရှိနိုင်မှာလဲ။ အကျိုးမရှိ ဘူးဆိုရင်လည်း ဘယ်အချက်၊ ဘယ်အချက်တွေ ကြောင့် အကျိုးမရှိနိုင်တာလဲ။ ကိုယ့်အစီရင်ခံစာမှာ ပါတဲ့ အချက်အလက်တွေက တကယ်ကျိုးကြောင်း ဆီလျော်မှုရှိရဲ့လား၊ ကောက်ချက်ဆွဲပုံတွေက တစ်ခု နဲ့တစ်ခု အဆက်အစပ်ရှိရဲ့လား၊ ဆက်စပ်နေကြောင်း ကို သိပ္ပံနည်းကျ လက်တွေ့ တွက်ချက်ပြနိုင်ရဲ့လား။ ဒါတွေကို သေချာစိစစ်ရမှာပါ။
ကျင့်ဝတ် ပျက်ပြားမှု
ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှုက ကိုယ်ကိုယ် တိုင်လည်းဖြစ်ချင်ဖြစ်မယ်၊ ကျွမ်းကျင်ပညာရှင် တွေပါတဲ့ ကိုယ်စားလှယ်အဖွဲ့အစည်းက ဆောင်ရွက် တာလည်း ဖြစ်ချင်ဖြစ်မယ်။ အရေးအကြီးဆုံး အချက်ကတော့ ကျင့်ဝတ်ကိုလိုက်နာဖို့၊ တွေ့ရှိချက် အပေါ်မှာ ရိုးသားမှုထားဖို့ပါပဲ။ ကိုယ်ကိုယ်တိုင် အတွက်လေ့လာတာပဲဖြစ်ဖြစ်၊ ကိုယ်စားလွှဲအပ်မှု အရ လေ့လာတာပဲဖြစ်ဖြစ် အကောင်းအဆိုး၊ အကြောင်းအကျိုး တွေ့ရှိချက်တွေကို ပကတိအနေ အထားအတိုင်း သက်ဆိုင်ရာကို ပြန်လည်ပြောပြဖို့၊ ကိုယ်တိုင်အတွက်ဆိုရင်လည်း အခြေအနေမှန်ကို ကိုယ်တိုင်လက်ခံနိုင်အောင် ကြိုးစားဖို့ပါပဲ။ အကြောင်း တစ်စုံတစ်ရာကြောင့် ဆိုးနေတာကို ကောင်းပါတယ်လို့ ကောက်ချက်ဆွဲတာ၊ ကောင်းနေ တာကို ဆိုးပါတယ်လို့ ပြန်ပြောတာမျိုးက ကျင့်ဝတ် ပျက်ပြားမှုပါပဲ။
ဖြစ်နိုင်ခြေလေ့လာမှုက မှန်ကန်ရင်မှန်ကန် သလောက် တကယ့်လုပ်ငန်း အကောင်အထည်ဖော် ရာမှာ အကျိုးများနိုင်မှာပါ။
ကိုယ်လုပ်မယ့်အလုပ်က အရေးကြီးလေလေ၊ ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်မှုတွေလုပ်ဖို့ ပိုပြီး လိုအပ်လေလေ။ “ကောင်းမယ်ထင်သလိုတော့ လုပ်နေတာပဲကွာ၊ အခြေအနေဆိုးသွားတာတော့ ငါလည်းမတတ်နိုင်ဘူး” ဆိုတာမျိုးက ကျိုးကြောင်း ဆီလျော်တဲ့ အကြောင်းပြချက်မဟုတ်ပါဘူး။
လေ့လာသုံးသပ်မှုတွေလိုအပ်
ဖြစ်နိုင်ခြေတွေကို မတွက်ဆဘဲ လုပ်လိုက်တဲ့ လုပ်ရပ်တွေကြောင့် ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်ကို ထိခိုက်နစ်နာခဲ့တာတွေ အများကြီး ကြုံဖူးမှာပါ။ “ဟုတ်လိမ့်နိုးနိုး ဆင်ကန်းတိုး”တဲ့ လုပ်ရပ်တွေ၊ “နွားရူးဆူးတိုး” လုပ်ရပ်တွေကြောင့် ထိခိုက်နစ်နာမှု တွေ များခဲ့ကြပါပြီ။ အရင်ကရှိခဲ့ဖူးသလို အခုလည်း ရှိနေဆဲ၊ နောင်လည်း ရှိနေကြဦးမှာပါပဲ။ အလွဲလွဲ အချော်ချော်ဖြစ်တာက အမြဲလိုလိုဖြစ်နေပြီဆိုရင် ကိုယ့်ရဲ့ရှေ့ခရီးအတွက် အန္တရာယ်များနေပါပြီ။ စူးစမ်းဆင်ခြင်မှု၊ လေ့လာသုံးသပ်မှုတွေ လိုအပ် နေပါပြီ။
ဖြစ်နိုင်ခြေတွေကို စနစ်တကျ အချိန်ယူလေ့လာ ပြီးဆောင်ရွက်တဲ့ စီမံကိန်းလုပ်ငန်းကြီးတွေတောင်မှ တကယ် အကောင်အထည်ဖော်တဲ့အခါ အကြီး အကျယ် လွဲတတ်ပါသေးတယ်။ လေ့လာသူရဲ့ ကျွမ်းကျင်မှုလိုအပ်ချက်၊ ရိုးသားမှု လိုအပ်ချက်၊ အချိန်ကာလကွာဟချက်ကြီးမားမှု၊ သက်ရောက်မှု ကြီးတဲ့ အခြေအနေအရပ်ရပ် အကြီးအကျယ် ပြောင်းလဲမှု၊ စတဲ့စတဲ့အရာတွေကြောင့် ရည်ရွယ် ချက်နဲ့ ရလဒ်ကြားမှာ ကွာဟချက်ကြီးမား သွားတတ်ပါသေးတယ်။ မစူးစမ်းမလေ့လာဘဲ လုပ်တဲ့လုပ်ရပ်တွေအတွက်ဆိုရင်တော့ ဆိုဖွယ်ရာ မရှိပေါ့လေ။
ချိန်ဆလွန်းနေတာကြောင့်၊ တုံ့ဆိုင်းလွန်း နေတာကြောင့် ထိရောက်သင့်သလောက် မထိ ရောက်၊ အကျိုးရှိသင့်သလောက် ရှိမလာတာမျိုး လည်း ဖြစ်တော့ဖြစ်တတ်ပါတယ်။ ယေဘုယျ သဘောခြုံကြည့် လိုက်ရင်တော့ မစူးစမ်းဘဲ၊ မတွက် ချက်ဘဲ စိတ်လိုက်မာန်ပါလုပ်လိုက်တဲ့ လုပ်ရပ်တွေ က ကောင်းကျိုးထက် ဆိုးကျိုးတွေသာ များစေနိုင် ပါတယ်။ ကိုယ့်ရည်ရွယ်ချက်က ကောင်းခဲ့ပါတယ် ဆိုပေမယ့်လည်းပေါ့။
အရေးကြီးပါတယ်။ လေ့လာမှကိုဖြစ်မယ်။ တွက်ဆမှကိုဖြစ်မယ်။ အထူးသဖြင့် ကိုယ့်လုပ်ရပ်က ကိုယ့်အတွက်သာမက ပတ်ဝန်းကျင်ကိုပါ သက်ရောက်စေမယ့် အခြေအနေမျိုးဆိုရင်ပေါ့လေ။
မလုပ်ခင်၊ မစခင်ဘဲ တွက်ချက်ဖို့လိုတာလား။ မဟုတ်ပါ။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးရပ် စလုံးအတွက် လိုအပ်ပါတယ်။ စနစ်တကျ စူးစမ်း လေ့လာမှုကို အရင်ကမလုပ်ခဲ့ရသေးရင် အခု စလုပ် နိုင်ပါတယ်။ နောက်ကျတာက ပျက်ကွက်တာထက် တော့ ကောင်းပါသေးတယ်။ ရပ်သင့်တာတွေရပ်ပြီး ဆက်သင့်တာတွေ ဆက်ကြမယ်ပေါ့။
ဖြစ်နိုင်ခြေတွက်ဆမှုတွေ စနစ်တကျ ဆောင်ရွက်နိုင်ကြပါစေ။ တွေ့ရှိချက်နဲ့ လိုက်လျော ညီထွေရှိတဲ့ လုပ်ဆောင်ချက်တွေကိုလည်း ဆောင်ရွက်နိုင်ကြပါစေ။ ။
သိုက်စိုးထွန်း(နတ်ရွာ)
- Log in to post comments