ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်ကို သတိမူ

အယ်ဒီတာ့အာဘော်

===========

 

ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်ကို သတိမူ

 

========================

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်ပိုးတွေ့ရှိမှု အခြေအနေမှာ သြဂုတ် ၁၅ ရက်နေ့က ၃၇၄ ဦးရှိရာမှ သြဂုတ် ၂၄ ရက်နေ့တွင် ၄၇၄ ဦး ရှိလာသည်။ တစ်ပတ်ကျော်ကာလအတွင်း ရောဂါပိုးတွေ့ရှိသူများ တိုးလာ သည်မှာ နိုင်ငံ၏ပကတိအနေအထားနှင့် လူဦးရေအရ ကူးစက်မှုမြန်နေသည်ဟု ဆိုရမည် ဖြစ်သည်။ အမှန်တွင် မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှင့်ပတ်သက်၍ ပြည်တွင်းပိုးတွေ့ရှိမှုနှင့် ပြည်ပပိုးတွေ့ရှိမှု နှစ်မျိုးရှိရာ ပြည်ပရောဂါပိုးတွေ့ရှိမှုကို စိုးရိမ်ပူပန်မှု ကြီးကြီးမားမားမရှိဘဲ ထိန်းချုပ်ထားနိုင်ပြီး ပြည်တွင်းရောဂါပိုးတွေ့ရှိမှုကိုမူ စိုးရိမ်ပူပန်စရာ ထိန်းချုပ်ကြရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ အများဆုံးတွေ့ရှိရာဒေသမှာ ရန်ကုန်မြို့ဖြစ်သည်။ အစောပိုင်းကာလက ရန်ကုန်မြို့တွင် ပြည်တွင်းကူးစက်မှုရှိခဲ့သော်လည်း အတိုင်းအတာတစ်ခု၌ နိုင်နင်းအောင် ထိန်းချုပ်နိုင်ခဲ့သည်။

 

ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်မား နေသည်ကိုတွေ့ရမည်။ ဩဂုတ် ၂၃ ရက်နေ့က ပိုးတွေ့လူနာ ၄၅၀ ရှိပြီး နောက် တစ်ရက်တွင် ၄၇၀ ကျော် ဖြစ်လာသည်။ ရက်သတ္တပတ်အတွင်း ရောဂါပိုး တွေ့လူနာသစ်အများစုသည် ရခိုင်ပြည်နယ် စစ်တွေမြို့မှဖြစ်သည်။ ကမ္ဘာပေါ် တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြန်ဆန်လာခြင်းသည် ရောဂါမျိုးဗီဇပြောင်းလဲ မှုနှင့် သက်ဆိုင်ခြင်းရှိ၊ မရှိ ဆန်းစစ်လေ့လာကြသည်။ ယခုအခါ ကိုရိုနာ ဗိုင်းရပ်စ်ပိုး မျိုးဗီဇသစ်ကို တွေ့ရှိလာကြသည်။ မျိုးဗီဇသစ်သည် အာဖရိကမှ လွဲ၍ နိုင်ငံများတွင် တွေ့ရှိလာကြပြီး အရှေ့တောင်အာရှတွင် အတော်များများ တွေ့ရှိလာကြသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခါစတွင် တွေ့ရှိခဲ့သည့် ဗိုင်းရပ်စ်မျိုးဗီဇသည် D 614 ဖြစ်ခဲ့ပြီး ယခုနောက်ပိုင်းတွင် G 614 သို့ မျိုးဗီဇပြောင်းလဲသွားသည်။ မျိုးဗီဇအသစ်သည် ယခင်မျိုးဗီဇ အဟောင်းထက် ကူးစက်နိုင်စွမ်း ၁၀ ဆခန့် ပိုမိုမြန်ဆန်သည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် လွန်ခဲ့သည့်နှစ်လကတည်းက ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး မျိုးဗီဇပြောင်းလဲမှုရှိ၊ မရှိ စမ်းသပ်စစ်ဆေးခဲ့ရာ ဓာတ်ခွဲနမူနာ ၁၀ ခုတွင် ခြောက်ခုမှာ ကူးစက်မှုနှုန်းမြန်ဆန်သည့် G 614 ဖြစ်သည်ဟု ပညာရှင်များက ဖော်ထုတ်အတည်ပြုခဲ့သည်။ ယခုတွေ့ရှိနေသော ရောဂါပိုးသစ်တွေ့ရှိမှု များမှာ မြန်ဆန်နေသဖြင့် အထူးသတိပြုကြရမည် ဖြစ်သည်။

 

ယခင်ဗိုင်းရပ်စ်ပိုးသည် အလှမ်းနီးမှ ကူးစက်နိုင်သော်လည်း ယခု အသစ်တွေ့ရှိသော မျိုးဗီဇပြောင်းလဲသည့်ဗိုင်းရပ်စ်ပိုးသစ်မှာ အလှမ်းဝေးဝေး ကူးစက်နိုင်သည်ကို သတိပြုရမည် ဖြစ်သည်။ မျိုးဗီဇအသစ်သည် ပတ်ဝန်းကျင်လေထုထဲတွင် ဗိုင်းရပ်စ်ပိုးများပျံ့နှံ့နိုင်သည်ဟု သိရသည်။ မည်သူမည်ဝါ၊ မည်သည့်နေရာမှ ပျံ့နှံ့နေမှန်းမသိနိုင်သည့် ရောဂါပိုးများကို လေထဲမှတစ်ဆင့် ရှူရှိုက်မိနိုင်သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် လုံးဝ မပေါ့မဆဘဲ ရောဂါကာကွယ်ရေးနည်းစနစ်များကို အတိအကျလိုက်နာကြဖို့ လိုအပ်ပါသည်။

 

မြန်မာနိုင်ငံရှိ ကျန်းမာရေးဝန်ထမ်းများသည် ပြည်သူများ ရောဂါဘေး ကင်းဝေးရေးအတွက် စိတ်ဆန္ဒစေတနာထက်သန်စွာဖြင့် ကိုဗစ်-၁၉ ရောဂါ ကို ကာကွယ်၊ ထိန်းချုပ်၊ ကုသပေးနေကြသည်။ ရောဂါထိန်းချုပ်ရေးကို ကျန်းမာရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးပိုင်းဆိုင်ရာတို့က အလေးထား ဆောင်ရွက်ပေးနေကြပြီး ကုသရေးကို ကျန်းမာရေးဝန်ထမ်းများက ထိထိရောက်ရောက်ဆောင်ရွက်ပေးလျက်ရှိသည်။ ရောဂါပိုးတွေ့ရှိမှု တိုးတက် နေသော်လည်း သေဆုံးသူတိုးမလာအောင် စနစ်တကျကုသပေးနိုင်သဖြင့် စိတ်သက်သာရာရစေသည်။ ရောဂါကာကွယ်ရေးအတွက် အဓိကမှာ ပြည်သူ သာဖြစ်၍ ပြည်သူများအနေဖြင့် လမ်းညွှန်ထားသော ကျန်းမာရေးဆိုင်ရာ အချက်များကို လိုက်နာကြဖို့လိုသည်။

 

အဓိကမှာ မည်သည့်နေရာ၊ မည်သူ့ထံမှ ပျံ့နှံ့လာမှန်းမသိနိုင်သည့် ဗိုင်းရပ်စ်ပိုးကို လူတိုင်းလူတိုင်း ပြင်ပသို့ထွက်သည်နှင့် နှာခေါင်း၊ ပါးစပ် အကာအကွယ်များ အမြဲဝတ်ဆင်ထားရန်လိုအပ်ပြီး လူစုလူဝေးများကို သတိထားရန်၊ လူအများနှင့် ခပ်ခွာခွာနေရန်၊ အဝင်၊ အထွက် ပြုလုပ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် ရေဖြင့် သန့်ရှင်းစင်ကြယ်အောင်ဆေးကြောရန် လိုအပ် သည်။ ပြည်သူများ လက်ငင်းလိုက်နာရသည့် အခက်အခဲထက် ပေါ့ဆမှု ကြောင့် ကြုံတွေ့ရမည့် ဒုက္ခအခက်အခဲအန္တရာယ်များသည် အဆပေါင်း များစွာ ကြီးမားသည်ကို အထူးသတိပြုစေရန် အသိပေးအပ်ပါသည်။ ။