ဖြောင့်မတ်တည်ကြည်သည့် အသိုက်အဝန်းဖော်ဆောင်

 

အဂတိလိုက်စားမှုသည်  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အဟန့်အတားတစ်ခုဖြစ်ပြီး        ပြည်သူများ      ကိုယ်စိတ်နှစ်ပါး ချမ်းသာရေးအတွက်လည်း   အတားအဆီး၊ အပိတ်အဆို့ ဖြစ်စေ သည်။ အဂတိလိုက်စားမှုများ ကျယ်ပြန့်စွာ အမြစ်တွယ်နေသည့် နိုင်ငံတွင်    ဖြစ်ပေါ်သည့်ဆိုးကျိုးများမှာ  မိမိတို့ထင်မြင်တွေးဆ နိုင်သည်ထက်    မယုံနိုင်လောက်အောင်      ပိုမိုများပြားသည်။ မြန်မာနိုင်ငံတွင် နယ်ပယ်အသီးသီး၌ နှစ်ပေါင်းများစွာ အမြစ်တွယ် နေသည့် အဂတိလိုက်စားမှုကို တိုက်ဖျက်ရာတွင် အသိပညာပေး ခြင်း၊      တားဆီးကာကွယ်ခြင်း၊    စုံစမ်းစစ်ဆေးခြင်းဟူသည့် ကဏ္ဍ(၃)ရပ်   ချမှတ်၍   အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်လျက်ရှိသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပြည်သူများ အား အဂတိလိုက်စားမှုများကို တိုင်ကြားနိုင်ရန် အခွင့်အလမ်း များ ဖန်တီးပေးခြင်း၊  တိုင်ကြားစာများနှင့် စပ်လျဉ်း၍ ပြည်သူ သို့ အကြံပြုချက်နှင့်အတူ အသိပေးပြန်ကြားခြင်း၊ လက်ခံတွေ့ဆုံ ဆွေးနွေးဖြေရှင်းပေးခြင်း၊ လက်ခံရရှိသည့် တိုင်ကြားစာများအပေါ် စိစစ်၍  အချိန်နှင့်တစ်ပြေးညီ စီမံဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မည်သူမဆို အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝ ချမ်းသာလာခြင်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ သတ်မှတ် ချက်များနှင့်အညီ ကော်မရှင်သို့ဖြစ်စေ၊  ကော်မရှင်ရုံးသို့ဖြစ်စေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ ဖွဲ့စည်းသော လုပ်ငန်း ကော်မတီ၊ လုပ်ငန်းအဖွဲ့၊ ပဏာမစိစစ်ရေးအဖွဲ့နှင့် စုံစမ်းစစ်ဆေး ရေးအဖွဲ့တစ်ခုခုသို့ဖြစ်စေ၊ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းတစ်ခုခုသို့ဖြစ်စေ  သတင်းပေးပို့ချက်နှင့် တိုင်တန်းချက် များပေးပို့နိုင်ကြောင်း  နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ဖိတ်ခေါ် လျက်ရှိပြီး  တိုင်ကြားရာတွင်  သတိပြုရမည့်အချက်များ၊ လိပ်မူ တိုင်ကြားရန် လိပ်စာတို့ကိုလည်း  သတင်းစာများတွင် ဖော်ပြပေး လျက်ရှိသည်။
စစ်တမ်းတစ်ရပ်အရ မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုများ ကို ပြည်သူများက မလိုလားကြောင်းသဘောထားကို  သိသာစွာ ပြသလျက်ရှိပြီး အဂတိလိုက်စားမှုကို ပြည်သူလူထုအင်အားဖြင့် တိုက်ဖျက်နိုင်သည်ဟု အပြည့်အဝ  ယူဆသူများစွာရှိနေသည်ကို တွေ့ရှိရသည်။ အစိုးရဌာနများသို့ ပြည်သူ၏ ငွေကြေး/လက်ဆောင် ပေးရခြင်းအကြောင်းရင်းများတွင် အလုပ်ပြီးမြောက်ရန် အခြား နည်းလမ်းမရှိတော့သဖြင့်  (၁၉ ဒသမ ၇၇ ရာခိုင်နှုန်း)၊ လုပ်ထုံး လုပ်နည်းများ  မြန်ဆန်သွက်လက်လာစေရန် (၁၆ ဒသမ ၄၁ ရာခိုင်နှုန်း)၊ တာဝန်ရှိသူကို အစဉ်အလာအရပေးရခြင်း ( ၁၂ ဒသမ  ၂၇ ရာခိုင်နှုန်း)၊    ပြစ်ဒဏ်/ ဒဏ်ကြေးတို့မှ   ရှောင်ရှားနိုင်ရန် (၁၂ ဒသမ ၂၆ ရာခိုင်နှုန်း)၊ မျက်နှာသာပေး/ဦးစားပေးခံရရန် (၁၁ ဒသမ ၄၅ ရာခိုင်နှုန်း)၊  မိမိအား  ကောင်းမွန်စွာဆက်ဆံစေ ရန်  (၁၀ ဒသမ ၄၄ ရာခိုင်နှုန်း)၊   မပေးဘဲမနေရဲသောကြောင့် (၉ ဒသမ ၂၈ ရာခိုင်နှုန်း)ဟူ၍ စစ်တမ်းတွင်ပါရှိရာ ပြည်သူများ နှင့် ထိတွေ့ဆက်ဆံမှုများသည့်    ဌာနများတွင်  ဝန်ထမ်းများကို ပညာပေးမှု၊  အထူးကြပ်မတ်ကွပ်ကဲမှု၊  လိုအပ်သလို အရေးယူ ဆောင်ရွက်မှုတို့ဖြင့်  အဂတိလိုက်စားမှုများ လျော့နည်းပပျောက် အောင်   ဆောင်ရွက်သွားရမည်ဖြစ်သည်။     အစိုးရဌာနများသို့ ငွေကြေး သို့မဟုတ်  လက်ဆောင်မပေးသောကြောင့် အခက်အခဲ ဖြစ်ပေါ်မှုများအနေဖြင့်    လုပ်ငန်းစဉ်များ   လိုသည်ထက်    ပို၍ ကြန့်ကြာသွားမှု ၃၂ ရာခိုင်နှုန်း၊  မချေမငံဆက်ဆံခံရမှု ၂၀ ရာခိုင်နှုန်း၊ လုပ်ငန်းစဉ်များ  ပိုမိုရှုပ်ထွေးသွားမှု ၁၅ ရာခိုင်နှုန်းနှင့်  လိုအပ် သည့်ဝန်ဆောင်မှုမရရှိတော့သူ  ၁၅ ရာခိုင်နှုန်း၊   ခြိမ်းခြောက်ခံရမှု ၆ ရာခိုင်နှုန်းရှိကြောင်း  စစ်တမ်းကပြဆိုသည်။    ငွေကြေး တံစိုး လက်ဆောင်မပေးသော်လည်း အခက်အခဲမကြုံရသူ ၁၁ ရာခိုင်နှုန်း သာ ရှိသည်ဟုလည်း ဖော်ပြထားသည်။
အထက်ဖော်ပြပါ   အချက်အလက်များသည်    ပြည်သူနှင့် အများဆုံးထိတွေ့ဆက်ဆံပြီး  ဝန်ဆောင်မှုပေးနေရသည့် ဌာန များနှင့်စပ်လျဉ်း၍ စစ်တမ်းကောက်ယူထားသည့် အချက်အလက် အချို့ဖြစ်ပြီး အဆိုပါဌာနများ၏ အဂတိလိုက်စားမှုနှင့် ပြည်သူ များ၏ သဘောထားအမြင်တို့ကို ထင်ဟပ်လျက်ရှိသည်။ ယခုအခါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည်      အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲများ ကို  ဝန်ထမ်းအဖွဲ့အစည်းများအတွင်း ကျင်းပလျက်ရှိရာ နိုင်ငံ့ တာဝန်ထမ်းဆောင်လျက်ရှိသည့်    ဝန်ထမ်းလောကအတွင်း အဂတိလိုက်စားမှုကို  လက်မခံသည့်၊ ဖြောင့်မတ်တည်ကြည်သည့် အသိုက်အဝန်းဖော်ဆောင်နိုင်ရေးတွင် အားလုံးပါဝင်ကြရပါမည့် အကြောင်း။            ။