
ရန်ကုန် ဧပြီ ၁၂
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ၏ စီစဉ် မှုဖြင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် FIFA-MFF TDS Scouting Tour 2023 အစီအစဉ်ဖြင့် မျိုးဆက်သစ် ထူးချွန် လူငယ်ကစားသမားများကို နိုင်ငံတစ်ဝန်း ရွေးချယ်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ယင်းအစီအစဉ်ကို အားကစားနှင့် လူငယ် ရေးရာ ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ မြို့နယ် ဘောလုံးအဖွဲ့ချုပ်များဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အသက် (၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅) နှစ် ထူးချွန် သော မျိုးဆက်သစ် ကစားသမားများအား ဘောလုံးနည်းစနစ်ကျွမ်းကျင်မှုအလိုက် စနစ်တကျ စိစစ်ရွေးချယ်သွားမည်ဖြစ် သည်။ FIFA-MFF TDS Scouting Tour 2023 အစီအစဉ်ဖြင့် ဧပြီ ၂၀ ရက်မှ ၂၈ ရက်အထိ မြစ်ကြီးနား၊ လားရှိုး၊ မန္တလေး၊ စစ်တွေ၊ တောင်ကြီး၊ နေပြည်တော်၊ ပုသိမ်၊ ပြည်၊ ပဲခူး၊ ရန်ကုန်၊ မော်လမြိုင်၊ ထားဝယ် မြို့နှင့် ပတ်ဝန်းကျင်ဒေသများတွင် ပထမ အကြိမ် ရွေးချယ်မှုပြုလုပ်မည်ဖြစ်သည်။
ယင်းနောက် အပြီးသတ်ရွေးချယ်ခြင်းကို မေ ၉ ရက်၊ ၁၀ ရက်တို့တွင် မန္တလေးမြို့ မြန်မာ ဘောလုံးအကယ်ဒမီတွင် လည်းကောင်း၊ မေ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ရန်ကုန် အမျိုးသားဘောလုံးအကယ်ဒမီတွင် လည်း ကောင်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။ ရွေးချယ်ခံရသည့် ကစားသမားစာရင်းကို မေ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ် သည်။ FIFA-MFF TDS Scouting Tour 2023 အစီအစဉ်၏ ဒုတိယအကြိမ် ကစားသမား ရွေးချယ်ခြင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ နှင့် နိုဝင်ဘာလအတွင်း ဆက်လက်ပြုလုပ်သွား မည်ဖြစ်သည်။
လာရောက်ရွေးချယ်ခံမည့် လူငယ်များ အနေဖြင့် မှတ်ပုံတင်၊ ကျောင်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်းနှင့် မွေးစာရင်းတို့ကို ယူဆောင်လာရမည်ဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည့် လျှောက်လွှာတွင် ဖြည့်စွက်၍ သက်ဆိုင်ရာ မြို့နယ်များရှိ အားကစားနှင့် ကာယပညာဦးစီး ဌာနများသို့ ပေးပို့လျှောက်ထားရမည်ဖြစ် သည်။ ရွေးချယ်မည့်ရက်မတိုင်မီ တစ်ရက်အလို တွင် လျှောက်လွှာတင်သွင်းမှု စာရင်းပိတ်မည် ဖြစ်ကြောင်း သိရသည်။
FIFA-MFF TDS Scouting Tour 2023 အစီအစဉ်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဌာနမှ ဆောင်ရွက်မည်ဖြစ်ပြီး ဝါရင့် မြန်မာ့လက်ရွေးစင်ဟောင်းများ ဖြစ်သည့် ဦးတင်အောင်(ဂိုး)၊ ဦးအေးမောင်ကြီး၊ ဦးခင် မောင်လေး၊ ဦးငွေထွန်းတို့က အဖွဲ့လေးဖွဲ့၏ ခေါင်းဆောင်များအဖြစ် အသီးသီးဦးဆောင်၍ ကစားသမားရွေးချယ်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။ ကစားသမားရွေးချယ်ခြင်းများကို ဧပြီ ၂၀ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသား ဘောလုံးအကယ်ဒမီကွင်း၊ ဧပြီ ၂၁ ရက်တွင် ပဲခူးမြို့ရှိ တိုင်းအားကစားကွင်း၊ ဧပြီ ၂၂ ရက် တွင် ပုသိမ်မြို့ရှိ ကိုးသိန်းကွင်း၊ မြစ်ကြီးနားမြို့ ရှိ ပြည်နယ်ကွင်း၊ ဘားအံမြို့ရှိ အောင်သံလွင် ကွင်း၊ ဧပြီ ၂၃ ရက်တွင် ပြည်မြို့ရှိ ခရိုင်ကွင်း၊ ဧပြီ ၂၄ ရက်တွင် မန္တလေးမြို့ရှိ မြန်မာဘောလုံး အကယ်ဒမီကွင်း၊ မော်လမြိုင်မြို့ရှိကျောင်းသား ကွင်း၊ ဧပြီ ၂၅ ရက်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း-၁၊ ဧပြီ ၂၆ ရက် တွင် စစ်တွေမြို့ရှိ ဝေသာလီကွင်းနှင့် လားရှိုး မြို့ရှိ ခရိုင်ကွင်း၊ ဧပြီ ၂၇ ရက်တွင် တောင်ကြီး မြို့ရှိ ပြည်နယ်ကွင်းနှင့် ဧပြီ ၂၈ ရက်တွင် ထားဝယ်မြို့ရှိ တိုင်းအားကစားကွင်းတို့၌ ကျင်းပမည်ဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ - MFF