ဖိလစ်ပိုင်နိုင်ငံတွင် ရေကြီးမှုနှင့်မြေပြိုမှုများကြောင့် သေဆုံးသူ ၂၁ ဦးအထိရှိလာ

 

မနီလာ   ဇူလိုင်    ၂၅


တိုင်ဖွန်းမုန်တိုင်း  ဂေမီနှင့်အတူ   အနောက်တောင် မုတ်သုံလေတိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုနှင့်မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ရာသေဆုံးသူ ၂၁   ဦးအထိ   ရှိလာပြီဖြစ် ကြောင်း  ရဲဌာနက ဇူလိုင် ၂၅ ရက်တွင်ပြောသည်။  ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာတွင်  ခုနစ်ဦးသေဆုံး ခဲ့ကြောင်း ကနဦးအစီရင်ခံစာအရ သိရသည်။


သေဆုံးမှုအများစုမှာ ရေနစ်ခြင်း၊  မြေပြိုခြင်းနှင့် သစ်ပင်ပိခြင်း၊ ဓာတ်လိုက်ခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။ အနောက်တောင်မုတ်သုံလေနှင့် မုန်တိုင်း ဂေမီတို့၏   သက်ရောက်မှုနှစ်ခုကြောင့်   သေဆုံးသူ စာရင်းကို ဖိလစ်ပိုင်အမျိုးသားသဘာဝဘေးအန္တရာယ်  အေဂျင်စီက အစီရင်ခံဖော်ပြခြင်း မရှိသေးချေ။


 မုန်တိုင်းဂေမီသည်  ဖိလစ်ပိုင်နိုင်ငံသို့  ယခုနှစ် အတွင်း   တိုက်ခတ်သည့်တတိယအကြိမ်မြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်ပြီး  မြို့တော်မနီလာနှင့်အခြား သောဒေသများတွင်   ရေကြီးမှုများနှင့်   မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည်။


နေရပ်မှပြောင်းရွှေ့လာရသည့်ဒေသခံများသည် ဇူလိုင် ၂၄ ရက် တစ်ညလုံးတွင်   ဘုရားကျောင်းများ၊ တရားရုံးများ၊ စာသင်ကျောင်းများနှင့် အခြားသော ယာယီရွှေ့ပြောင်းနေထိုင်ရေးစင်တာတို့တွင်  နေထိုင် ၍    ၎င်းတို့ဒေသတွင်    ရေပြန်ကျမည့်အချိန်ကို  စောင့်ဆိုင်းနေခဲ့ရသည်။


ဆင်ဟွာ