
ဆရာမဲဇာ
“ပုဂ္ဂလိက ကော်ပိုရေးရှင်းတွေဖြစ်တဲ့ ဖေ့စ်ဘွတ်နဲ့ တွစ်တာတို့က သနားမှသာ ကျွန်တော်တို့ ချမ်းသာ ရာ ရပါလိမ့်မယ်” (ယိုတမ်အိုဖီ)
“We are basically at the mercy of private corporation like facebook and Twitter” (Yotan Ophir)
ဆိုရှယ်မီဒီယာများ
ကျန်းမာရေးဆိုင်ရာ သတင်းမှား၊ သတင်းလိမ် များ၏ဒဏ်မှ လွတ်မြောက်ရန်အတွက် အဖြေရဖို့ ဖေ့စ်ဘွတ်နှင့် တွစ်တာဟူသော ဆိုရှယ်မီဒီယာ တွေကို အသနားခံရသည့် ဘဝရောက်နေကြောင်း အမေရိကန်ပညာရှင်တို့က ဆိုလာကြပါသည်။
ယိုတမ်အိုဖီဆိုသူမှာ နယူးယောက်တက္ကသိုလ် မှ ကျန်းမာရေးနှင့် သိပ္ပံသတင်းတုများ တိုက်ဖျက် ရေး ပါရဂူတစ်ယောက်ဖြစ်ပါသည်။ ကျန်းမာရေး ပညာ ဖြန့်ဖြူးသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများနှင့် ပတ်သက်၍ လူထု၏ မျှော်လင့်ချက်၊ ကာကွယ်ဆေးထိုးခြင်း၏ အကျိုး ကျေးဇူးများနှင့် အားနည်းချက်များကို ပွင့်ပွင့် လင်းလင်း အမှန်အတိုင်းသိရန် ထုတ်ပြန်ပညာပေး ကြရန် လိုအပ်ကြောင်း တိုက်တွန်းရာတွင် ဆိုရှယ် မီဒီယာများကို အသနားခံသွားရပါသည်။
“We don’t really know how to think in numbers and statistics, we usually think in stories and good narratives”
“လူတွေဟာ ကိန်းဂဏန်းတွေ ၊ စာရင်းဇယား တွေ အခြေခံတဲ့ တွေးခေါ်စဉ်းစားမှုထက် ပုံပြင် ဇာတ်လမ်းကောင်း အပြောကောင်းတွေအပေါ် စဉ်းစားတာများတယ်”
ပုံပြောကောင်းသူများ
အမေရိကန်များ၏ စိတ်ဝင်စားမှုသည် “ပုံပြော ကောင်းသူများ” နောက်သို့ ယုံမှတ်လုပ်ဆောင်သည့် “ပုံလာလာပြောတိုင်းယုံ”အခြေအနေမျိုးပင်ဖြစ်၏။
အမေရိကန်တို့၏ပြဿနာမှာ ဗိုလ်ချုပ်ကြီး ကောလင်းပါဝယ်(လ်) တစ်ယောက် ကိုဗစ်-၁၉ ရောဂါ၏ နောက်ဆက်တွဲပြဿနာများကြောင့် သေဆုံးရာတွင် ပို၍ အသံကျယ်လာ၏။ လူသိများ လူအများ လေးစားမှုရှိသော ပုဂ္ဂိုလ်ကြီးမှာ ကာကွယ်ဆေးလည်း နှစ်ကြိမ်ထိုးပြီးဖြစ်လျက် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရပြီး ကွယ်လွန် ခြင်းဖြစ်ပါသည်။
ထိုသတင်းသည် ဆိုရှယ်မီဒီယာများဖြစ်သော ဖေ့စ်ဘွတ်နှင့်တွစ်တာတို့မှတစ်ဆင့် တောမီးနှယ် ပျံ့နှံ့သွား၏။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှုကို လက်မခံသူများ၊ ကန့်ကွက်သူများ (Anti-Vaxxers) အတွက် ဓာတ်ဆီလောင်းပေးလိုက်သလို ဖြစ်သွား ခဲ့၏။
သို့သော် သက်ကြီးရွယ်အို ဗိုလ်ချုပ်ကြီး ပါဝယ်(လ်)မှာ ကင်ဆာရောဂါဝေဒနာပြင်းထန်စွာ ခံစားနေရရာမှ ထပ်ဆင့်ဝင်လာသော ကိုဗစ်-၁၉ ဒဏ်ကို မခံနိုင်ဘဲ ကွယ်လွန်ရကြောင်း သတင်းမှန် သည် လူထုကြားသို့မရောက်။ ဤကဲ့သို့ သတင်းမှန် မရောက်ခြင်းမှာလည်း “ယိုတမ်” ပြောသကဲ့သို့ အမေရိကန်တို့၏ ဝါသနာက သတင်းဆိုးတွေ ဖြန့်ခြင်းကို ဦးစားပေးခြင်းကြောင့်ဖြစ်ကြောင်း သိနိုင်၏။
ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကို အမှီလိုက်၍ ကာကွယ်နိုင်ရန် သုတေသနပြုထုတ်လုပ်ထား သော ဆေးများမှာ ဘုရားဆေး၊ သိကြားဆေး မဟုတ်ချေ။ ဖြစ်ခြင်းပြီးပျောက်စေသော ဆေးများ မဟုတ်။ အကြိမ်ပြည့် ထိုးနှံပြီးသည့်အချိန်တွင်ပင် ရာနှုန်းပြည့်ကာကွယ်မှု မပေးနိုင်ဘဲ သုံးပုံ နှစ်ပုံခန့် သာ ကာကွယ်မှုပေးနိုင်၏။ သို့သော် ကူးစက်ခံရ သည့်တိုင် ရောဂါပြင်းထန်မှုလျော့နည်းပြီး အသေ အပျောက် အလွန်နည်း၏။ အသက်အရွယ်ကြီးသူ ရောဂါအခံရှိသူတို့မှာမူ ရောဂါဒဏ်ကို ခံနိုင်ရည် အားမရှိ။ ရောဂါပိုးဒဏ်ကို ခံနိုင်သည့်တိုင် ခန္ဓာ ကိုယ်တွင်းဖြစ်ပေါ်လာသော ကိုယ်ခံစွမ်းအားနှင့် ရောဂါပိုးတို့၏ ပြင်းထန်သော တိုက်ပွဲဒဏ်ကို မခံနိုင်သူများ ရှိပါ၏။
သတင်းမှားကိုမှ ရွေးချယ်၍ မျှဝေခြင်း (ရှယ်ခြင်း) ပြုလုပ်သူများမှာမူ အကြောင်းအကျိုး ဆက်စပ် ရှင်းလင်းမှုတွေကို လေ့လာဖို့အချိန်လည်း မပေး၊ ဝါသနာလည်းမပါ၊ လက်မြန်ခြေမြန်နှင့် ခလုတ်နှိပ်လိုက်ရုံနှင့် ရှယ်ပြီးသား။ ရှယ်ရင်းရှယ်ရင်း နှင့် ထိုသတင်းသည် ကမ္ဘာပတ်ပြီးသား ဖြစ်သွားလေသည်။
တစ်ဝက်မှန်သော သတင်းများ
လူ့သဘာဝက ကောလာဟလပြောရမှာ ဝါသနာပါပြီးသားဖြစ်၍ “ကြားပြီးပြီလား” ဟု စလိုက်လျှင်ပင် အံ့ဩထိတ်လန့်စရာ၊ မကြားဝံ့မနာ သာ သတင်းစကားကို ကြားရတော့မည်။ ထင်ရှား လူသိများသူ(ဆယ်လီ)တို့၏သတင်း မှန် မမှန် ဖြန့်၏။ ယုံချင်ကြ၏။ တစ်ဝက်မှန်သော သတင်းများ ကိုမူ အချို့သော သတင်းမီဒီယာများက ရယူလုပ်စား သွားကြလေသည်။
“လုပ်စားသည်”ဟူသော စကားမှာ ဤခေတ် ဤအခါ၌ အံဝင်ခွင်ကျ ဖြစ်နေတော့၏။ ဈေးထိပ်က စောင့်ပြီး ကောလာဟလဖြန့်သူမှာ ဝါသနာအရသာ ဖြစ်ပြီး တစ်ပြားတစ်ချပ်မျှ မရ။ ယခုကာလတွင်မူ စိတ်ဝင်စားစရာသတင်းမှာ ဝိနည်းရှောင် တစ်ဝက် မှန် သတင်းများနှင့် ပြည်သူပြည်သား သတင်းသမား များအဖြစ် အမှားလမ်းကြောင်းသို့ တွန်းပို့မှုများ သည် ဂုဏ်သိက္ခာကို ရောင်းစားသွားလေပြီ။ လူကြိုက်များသော မမှန်သတင်းများအတွက် ချီးမြှင့်ပေးချင်သူများသည် လက်ယားလျက်ရှိနေကြ လေပြီ။
“၂၀၂၀ ဧပြီလမှ ၂၀၂၁ ဧပြီလအတွင်း အမေရိ ကန်နိုင်ငံ၌ မူးယစ်ဆေးကြောင့် သေဆုံးမှု တစ်သိန်း ကျော်(၁၀၀၃၀၆) ရှိပြီး ယခင်နှစ်ကထက် ၂၈ ဒသမ ၅ ရာခိုင်နှုန်း ပိုကြောင်း၊ ၅ မိနစ်အတွင်းမှာ တစ်ယောက်သေဆုံးနေသည့် သဘောဖြစ်ကြောင်း၊ စိတ်ကြွဆေးများနှင့် အွန်လိုင်း(Online)မှ ရောင်းချ သော ဆေးတုများကြောင့်ဖြစ်ကြောင်း” AFP သတင်းဌာနက ဖော်ပြထားသည်ကို တွေ့ရပါသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အိမ်တွင်းပုန်း နေရသူများမှာ ကာလကြာရှည်သည်နှင့်အမျှ စိတ်ဖိစီးမှုများကြောင့် စိတ်ရောဂါအမျိုးမျိုးရကာ ထွက်ပေါက်ရှာကြပါသည်။ ထိုအထဲတွင် လူငယ် လေးများအတွက် Online မှလာသော သတင်း အချက်အလက်များကို ရှာဖွေရင်း ဒုက္ခရောက်ကြရ ပါသည်။ ဆိုရှယ်မီဒီယာအမျိုးမျိုးမှ ဖြန့်ချိလာသော သတင်းအမျိုးမျိုးသာမက ပစ္စည်းအမျိုးမျိုးတွေပါ အကန့်အသတ်မရှိ ရောင်းချလာကြရာတွင် အရွယ် မရောက်သေးသူများအတွက် အန္တရာယ် ဖြစ်လာပါသည်။
ကလေးများအပေါ် ခေါင်းပုံဖြတ်
“Exploiting Children in the interest of Profit” “အမြတ်အစွန်းတစ်ခုတည်း ကြည့်၍ ကလေးများအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်နေကြ သည်”ဟု မက်ဆာချူးဆက်ပြည်နယ် ရှေ့နေချုပ် မော်ရာဟေလီက ဖေ့စ်ဘွတ်(ယခုMeta)ကို စွပ်စွဲခဲ့ ၏။ အမေရိကန်ကလေးလူငယ်တို့ အကြိုက် “Instagram” မှာ Facebook ကုမ္ပဏီ၏ လက်ခွဲ ဖြစ်ပါသည်။
အထူးသဖြင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးများအား စိတ်ရောကိုယ်ပါ ထိခိုက်စေ ခြင်း၊ လိင်အမြတ်ထုတ်ခံရခြင်းမှသည် မိမိကိုယ်ကို သတ်သေခြင်းအဆုံးဖြစ်အောင် တွန်းပို့ရာတွင် Instagram သည် အဓိကတရားခံဖြစ်ကြောင်း စွပ်စွဲမှုများ အမေရိကန်ပြည်တွင် ထွက်ပေါ်လျက်ရှိပါ သည်။
ယခုမှ အမေရိကန်ပြည်မှာ အသံထွက်လာ သော ပြဿနာဖြစ်သော်လည်း ကျွန်တော်တို့အနေ နှင့် ၂၀၁၇ ခုနှစ်ကပင် တရားဝင် ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါသည်။ (၉)ကြိမ်မြောက်အဖြစ် ကျင်းပသော မဟာမဲခေါင်ဒေသ လူထုကျန်းမာရေးဆိုင်ရာ နိုင်ငံ တကာဆွေးနွေးပွဲတွင် ကျွန်တော်က “မြန်မာ ပြည်တွင်း မိန်းကလေးများအား လိင်အကြမ်းဖက်မှု များပြားလာခြင်းနှင့် ဆယ်ကျော်သက် ကိုယ်ဝန် ဆောင်မှုပြဿနာကြီးမားလာခြင်းမှာ ဖေ့စ်ဘွတ် ကဲ့သို့ ဆိုရှယ်မီဒီယာများကြောင့်ဖြစ်ကြောင်း၊ အလွယ်တကူ ရရှိနေသော စိတ်ကြွဆေးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးများ၏ တွန်းပို့မှု ကြောင့် လိင်အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာ ကြောင်း” ပြောခဲ့ပါသည်။ ကျွန်တော့်မှာ အထောက် အထားများလည်း ရှိပါသည်။
ကျွန်တော်၏ မှတ်ချက်များသည် တစ်ဝက်သာ မှန်ပြီး ဖော်ပြချက် ထပ်မံအကျိုးပြုမှုများကို ပြောပြ ဖို့ ကျန်ခဲ့ကြောင်း ဆိုရှယ်မီဒီယာလုပ်ကိုင်နေသူ တစ်ဦးတလေ လိုပါသည်။ ကျွန်တော့်မှာ ကိုယ်ပိုင် မီဒီယာရှိခဲ့လျှင်မူ ထိုတစ်ဝက်မှန် သတင်းကို လူထုထံ ပြန့်သွားအောင် ဖွပစ်လိုက်၍ ရပါသည်။ သို့သော် ဖေ့စ်ဘွတ်လို မီဒီယာမျိုးအတွက် အကျိုးရှိမည် မဟုတ်ပေ။
ဖေ့စ်ဘွတ်သာမက ဂူဂယ်လ်၏ လွှမ်းမိုးမှုကို လည်း အမေရိကန်တို့က အပြစ်ဖို့နေကြပါသည်။ ဂူဂယ်လ်မှ ထုတ်ပေးသော (YouTube) ယူကျု အစီ အစဉ်များသည် အမုန်းစကားများ၊ သတင်းအမှား များကို ဖေ့စ်ဘွတ်ကဲ့သို့ပင် ဖြန့်ချိအမြတ်ထုတ်နေ ကြောင်း ပြောလာကြ၏။ ၂၀၁၇ ခုနှစ်က သုတေသန တစ်ခုတွင် တစ်နှစ်အတွင်း ယူကျုအသုံးချမှု နာရီ ပေါင်း တစ်ဘီလီယံ (နာရီသန်းပေါင်း တစ်ထောင်) ကျော် ရှိကြောင်း ဖော်ပြခဲ့လေသည်။
ဆိုရှယ်မီဒီယာများ လူကြိုက်များအောင် နောက်ကွယ်မှ ဆောင်ရွက်မှု အမျိုးမျိုးရှိနေပါသည်။ ၂၀၁၈ ခုနှစ်တွင် ဖေ့စ်ဘွတ်ကုမ္ပဏီသည် Applica-tion အစီအစဉ်များအတွက် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံထုတ်ပေးခဲ့ပြီး ၂၀၁၉ တွင် ဒေါ်လာ ဘီလီယံ ပေါင်းများစွာ သုံးစွဲခဲ့ကြောင်း ထုတ်ဖော်သူများ ရှိလေသည်။ Google ကလည်း ယူကျုတင်သူများထဲ တွင် လူကြိုက်များသော အစီအစဉ်များကို ငွေကြေး ပံ့ပိုးခြင်း၊ ကြော်ငြာထည့်သွင်း ချီးမြှင့်ခြင်းများ အသုံးပြုခဲ့သည်ဟု ဆိုပါသည်။
မြန်မာပြည်တွင်လည်း ဆိုရှယ်မီဒီယာတစ်ခု ဖြစ်သော TikTok အစီအစဉ်တွင် ပါဝင်ရင်း နာမည် ကျော်ကြား ချမ်းသာသွားသူ အချို့ရှိကြောင်း သိရ ၏။ ဆိုရှယ်မီဒီယာထဲတွင် ဤသို့ဖြစ်ပျက်နေစဉ် တကယ့်ဘဝမှာ ရုန်းကန်နေရသော ရုပ်ရှင်လောက သားများမှာ အခက်အခဲများစွာ ကြုံတွေ့နေရ၏။ မိဘများမှာလည်း သားသမီးကို ပြောချင်သော အမှန်စကားများ ပြောခွင့်မကြုံ၊ ဆရာသမားများ မှာလည်း တပည့်များအပေါ် ကုပ်ခွစီးထားသော ဆိုရှယ်မီဒီယာများကြားမှာ တိုး၍မပေါက်။
“အမှန်တရားက ဖိနပ်စီးနေချိန်တွင် မမှန် သတင်းများမှာ ကမ္ဘာတစ်ပတ် ပတ်ပြီးနေပြီ” ဟု အနောက်တိုင်း ဆိုရိုးစကားရှိပါသည်။
ကျွန်တော်တို့မှာတော့ အမှန်တရားမှာ စီးစရာ ဖိနပ်ပါ ပျောက်၍နေပေပြီ။ ။
- Log in to post comments