ဖန်ယုံကို ချုပ်ကွက်ဖြင့် အောင်လအန်ဆန် အနိုင်ယူ

 

နေပြည်တော်  မေ  ၆


ONE Championship ကစီစဉ်သည့်  ONE Fight Night-10 ပြိုင်ပွဲကို ဒေသစံတော်ချိန် မေ ၅ ရက် ညပိုင်း  (မြန်မာစံတော်ချိန် မေ ၆ ရက်   နံနက် အစောပိုင်း) က အမေရိကန်နိုင်ငံ၌ ကျင်းပရာ မြန်မာ MMA ဖိုက်တာ  အောင်လအန်ဆန်က   တရုတ် နိုင်ငံသား ဖန်ယုံကို ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့သည်။

 


ONE   Championship   အဖွဲ့အစည်းသည် အမေရိကန်နိုင်ငံ၌  ပထမဆုံးကျင်းပသည့်   ပြိုင်ပွဲ ဖြစ်သောကြောင့်  နာမည်ကြီးဖိုက်တာများ၊   စိတ်ဝင် စားစရာကောင်းသည့် တွဲဆိုင်းများကိုသာ ထည့်သွင်း ကျင်းပခဲ့ပြီး Main Event တစ်ပွဲ၊ Co-Main Event နှစ်ပွဲ၊ စိန်ခေါ်ပွဲ  ရှစ်ပွဲ ကျင်းပခဲ့သည်။ စိန်ခေါ်ပွဲများ အနက်  မစ်ဒယ်ဝိတ်တန်းစိန်ခေါ်ပွဲတွင်  အောင်လ အန်ဆန် (မြန်မာ) နှင့် ဖန်ယုံ (တရုတ်) တို့  ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာ အောင်လအန်ဆန်က ဒုတိယအချီ ၄၈ စက္ကန့်တွင် ချုပ်ကွက်ဖြင့်   အနိုင်ရခဲ့သည်။  ပထမ အချီတွင်  နှစ်ဦးစလုံး လက်သီးချက်များဖြင့်  အဓိကထိုးသတ်ခဲ့ပြီး နှစ်ဦးစလုံး အထိနာစေခဲ့သည်။  အောင်လအန်ဆန်၏  ညာဝိုက်လက်သီးကြောင့် ဖန်ယုံ၏  ဘယ်ဘက်မျက်လုံးနား  ကွဲထွက်ပြီး သွေးထွက်ခဲ့ရသည်။ ဒုတိယအချီအစတွင်  ဖန်ယုံက    လက်သီးချက်များဖြင့်  ဆက်တိုက် ထိုးသတ်ခဲ့ရာ    အောင်လအန်ဆန်   ဟန်ချက်ပျက်သွားခဲ့ရသည်။

 

ယင်းအချိန်တွင် ဖန်ယုံက အောင်လအန်ဆန်ကို ဝင်ချုပ်ရန် ကြိုးစားရာ ၎င်းမျှော်မှန်းထားသည့်အတိုင်း ချုပ်နိုင်ခြင်းမရှိဘဲ  အောင်လအန်ဆန် ၏   ချုပ်ကွက်ပြန်မိသွားခဲ့သည်။   အောင်လအန်ဆန်သည် ဖန်ယုံ၏ လည်ပင်းကိုချုပ်ခဲ့ပြီး    ပွဲသိမ်းနိုင်ခဲ့သည်။   အောင်လအန်ဆန်သည် စိန်ခေါ်ပွဲ  သုံးပွဲဆက်တိုက်အနိုင်ရခဲ့သဖြင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်ခွင့်ရဖွယ်ရှိနေသည်။  သို့သော် ONE Championship နှင့် အောင်လအန်ဆန်တို့  ချုပ်ဆိုထားသောစာချုပ် မှာ    ယခုပွဲနောက်ဆုံးပွဲဖြစ်ပြီး    စာချုပ်သက်တမ်းတိုးဖြစ်မှသာ အောင်လအန်ဆန်အနေဖြင့် ချန်ပီယံစိန်ခေါ်ပွဲ ထိုးသတ်ခွင့်ရဖွယ်ရှိနေ သည်။  အောင်လအန်ဆန်သည် ယခုနှစ်အတွင်း ထိုးသတ်သည့် နှစ်ပွဲ စလုံး အနိုင်ရရှိထားသည်။

 


Main Event အဖြစ်ကျင်းပသည့် ဖလိုင်းဝိတ်တန်း  ကမ္ဘာ့ချန်ပီယံ လုပွဲတွင် လက်ရှိချန်ပီယံ အမေရိကန်နိုင်ငံသား ဂျွန်ဆင်က စိန်ခေါ်သူ ဘရာဇီးနိုင်ငံသား အက်ဒရီယာနိုကို အမှတ်ဖြင့်အနိုင်ယူကာ ချန်ပီယံ ဘွဲ့ကာကွယ်နိုင်ခဲ့သည်။ Co-Main Event ပွဲစဉ်များအနက် မွေထိုင်း ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် လက်ရှိချန်ပီယံ ထိုင်းနိုင်ငံသား ရော့ထောင်းက စိန်ခေါ်သူ မက္ကဆီကိုနိုင်ငံသား   အက်ဂါကို  ဒုတိယ အချီတွင်လည်းကောင်း၊ ဖလိုင်းဝိတ်တန်း Submission Grappling ကမ္ဘာ့ချန်ပီယံလုပွဲတွင် လက်ရှိချန်ပီယံ အမေရိကန်နိုင်ငံသား မစ်ကီက စိန်ခေါ်သူ ယီမင်နိုင်ငံသား ရာဆာမက်ကို ပထမအချီတွင်လည်းကောင်း အနိုင်ရရှိခဲ့သည်။        

 

ရဲရင့်လွင် ၊ ဓာတ်ပုံ - ONE Championship