
ဧပြီ ၂၇ ရက် နံနက်ပိုင်းက ယှဉ်ပြိုင် ကစားခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ် (၃၃) မှ အက်စ်တွန်ဗီလာနှင့် ဖူလ်ဟမ်အသင်းတို့ ပွဲစဉ်တွင် အက်စ်တွန်ဗီလာအသင်းက ပွဲချိန် ၂၁ မိနစ်တွင် ရရှိခဲ့သော မင့်စ်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိကာ ဥရောပဝင်ခွင့် တစ်နေရာရရှိရေး မျှော်လင့်ချက် အားကောင်းလာခဲ့ပြီဖြစ်သည်။
အဆိုပါ ပွဲစဉ်ကို ဗီလာ အိမ်ကွင်း ဗီလာပတ်ခ်၌ ယှဉ်ပြိုင် ကစားခဲ့ရာ ပွဲကြည့်ပရိသတ် ၄၁၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့သည်။ ဧည့်သည် ဖူလ်ဟမ်အသင်း သည် ခြေစွမ်းကျဆင်းခဲ့ပြီး ပွဲချိန်တစ်လျှောက် ဗီလာအသင်းဘက်သို့ စုစုပေါင်း ဂိုးကန်သွင်းခွင့် တစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့သည်။
ဗီလာအသင်းက ဖူလ်ဟမ်အသင်းဘက်သို့ ဂိုးကန်သွင်းခွင့် ၁၄ ကြိမ်ထက်မနည်း ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်မတ်မှု သုံးကြိမ်တွင် တစ်ကြိမ်ဂိုးရရှိခဲ့သည်။ ဗီလာအသင်းသည် ယခုပွဲအနိုင်ရရှိမှုကြောင့် ပရီမီယာလိဂ်တွင် ၃၃ ပွဲကစားပြီး ရမှတ် ၅၄ မှတ်ဖြင့် လာမည့်နှစ် ဥရောပဝင်ခွင့်တစ်နေရာရရှိရန် အခွင့်အရေးကောင်းပိုင်ဆိုင်ခဲ့ပြီ ဖြစ်သည်။ ပြိုင်ဘက် ဖူလ်ဟမ်အသင်းက ၃၂ ပွဲကစားပြီး ရမှတ် ၄၅ မှတ်သာ ရရှိထားသေးသည်။
ဧပြီ ၂၇ ရက် နံနက်တွင် ဗီလာနှင့် ဖူလ်ဟမ်အသင်းအပြင် ဝုဖ်နှင့် ခရစ္စတယ်ပဲလေ့စ်၊ လိဒ်စ်နှင့် လက်စတာအသင်းတို့လည်း ယှဉ်ပြိုင် ကစားခဲ့သည်။ ဝုဖ်နှင့် ခရစ္စတယ်ပဲလေ့စ်အသင်းတို့ပွဲစဉ်တွင် ဝုဖ်က နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ တန်းဆင်းဇုန်ဖိအားရှိသည့် အသင်း နှစ်သင်းတွေ့ဆုံမှုဖြစ်သော လိဒ်စ်နှင့် လက်စတာအသင်းတို့ပွဲစဉ်တွင် အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်မှုများဖြင့် အကြိတ်အနယ်ရှိခဲ့သော်လည်း ပွဲအပြီးတွင် တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။
အောင်ဇော်