
ပို့ကုန်မြှင့်တင်ရေးနှင့်ကုန်သွယ်မှုအခြေအနေ သုံးသပ်ညှိနှိုင်းအစည်းအဝေး ကျင်းပ
===================================================
နေပြည်တော် အောက်တိုဘာ ၁၃
ပို့ကုန်မြှင့်တင်ရေးနှင့် ကုန်သွယ်မှုအခြေအနေသုံးသပ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။
စီးပွားရေးမြှင့်တင်ရန်ဆောင်ရွက်
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ကုန်သွယ်မှုအခြေအနေနှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံကျော် ဆောင်ရွက်နိုင်ခဲ့သဖြင့် လျာထားချက် ၃၃ ဘီလီယံ၏ ၁၀၉ ဒသမ ၇၃ ရာခိုင်နှုန်း အကောင်အထည် ဖော်နိုင်ခဲ့ပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးနိုင်ခြင်း၊ ဆင်းရဲမှုလျှော့ချခြင်းတို့ကို ပိုမိုတိုးတက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လယ်ယာ စိုက်ပျိုးရေးသည် မြန်မာပြည်သူအများစု၏ လူမှုဘဝတစ်ခု ဖြစ်ပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် အခြားဝန်ကြီးဌာန များ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်၍ လယ်ယာထွက်ကုန်သီးနှံများ၏ ထွက်ရှိမှု၊ အထွက်နှုန်း၊ ပြည်ပတင်ပို့နိုင်မှုနှင့် ဈေးကွက်ပေါက်ဈေးအလားအလာ များ၊ ကုန်သွယ်ဖက်နိုင်ငံများ၏ ကုန်သွယ်မှုမူဝါဒများနှင့် ဝယ်လိုအား၊ ထုတ်လုပ်မှု၊ စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်၊ ရာသီ ဥတုအခြေအနေ၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို လုပ်ငန်းရှင်များ၊ တောင်သူများသိရှိနိုင်ရန် အမြဲဆောင်ရွက် နေကြောင်း၊ ပို့ကုန်မြှင့်တင်ရေးအတွက် အမျိုးသားပို့ကုန် မဟာဗျူဟာချမှတ်၍ စီးပွားရေးကို မြှင့်တင်ရန်ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း။
ထို့အပြင် ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်ရေး အတွက်လည်း ကုန်စည်ပြပွဲများပြုလုပ်ခြင်း၊ အလားအလာ ရှိသော ကုန်စည်များအား အားပေးမြှင့်တင်ခြင်း၊ နိုင်ငံတကာကုန်စည်ပြပွဲများသို့ ပါဝင်ပြသနိုင်ရေး ပံ့ပိုး ကူညီပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း သစ်သီးဝလံများ ဈေးကွက်တည်ငြိမ်မှု ရှိစေရန်နှင့် ဈေးကွက်အသစ်ရှာဖွေနိုင်ရန်အတွက် မြန်မာ နိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ကုန်စည်ပြပွဲများကို Online မှ ကျင်းပနိုင်ရေးအတွက် Myanmar Online Expo Park ကို တည်ထောင်ခဲ့ပြီး ပထမ ဆုံး Online ကုန်စည်ပြပွဲဖြစ်သည့် Myanmar International Expo of Organic and Natural Products ကို ဩဂုတ် ၂၄ ရက်မှ ၃၀ ရက်အထိ ကျင်းပခဲ့ကြောင်း၊ ထိုသို့ Online မှ ဆောင်ရွက်ခြင်းဖြင့် မြန်မာ့ထွက်ကုန်များကို အပြည်ပြည် ဆိုင်ရာ ဈေးကွက်သို့ ချိတ်ဆက်နိုင်မည့် Platform အဖြစ် အထောက်အကူဖြစ်စေမည်ဖြစ်ပြီး လယ်ယာထွက်ကုန်များ အတွက် ဈေးကွက်သစ်များကို ဖန်တီးပေးခြင်းဖြင့် ပို့ကုန် မြှင့်တင်ရေးကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ ကဏ္ဍအလိုက် တစ်နှစ်ထက်တစ်နှစ် ကုန်သွယ်မှုအခန်း ကဏ္ဍ မြင့်မားအောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ ပို့ကုန်အလား အလာများနှင့်စပ်လျဉ်းပြီး အကြံဉာဏ်ကောင်းများ၊ သုံးသပ် ချက်များ ဆွေးနွေးတင်ပြပေးစေလိုကြောင်း ပြောကြား သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက ပို့ကုန်မြှင့်တင်ရေးကိစ္စရပ်များ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏနှင့် ပို့ကုန်တင်ပို့နိုင်ခဲ့မှု အပေါ်သုံးသပ်ခြင်း၊ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပို့ကုန်မြှင့်တင်ရေးဆောင်ရွက်သင့်သည့် လုပ်ငန်းအစီအစဉ် များ၊ ပို့ကုန်ရွေးချယ်ခြင်းလုပ်ငန်းစဉ်များနှင့် တောင်သူများ၊ လုပ်ငန်းရှင်များ၊ စက်ရုံများတွင် ကြုံတွေ့နေရသည့် အခက် အခဲများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်