
မိုးဇက်
၂၀၂၃-၂၀၂၄ ရာသီ ပရီမီယာလိဂ်ဘောလုံးပြိုင်ပွဲတွေကို စတင်ယှဉ်ပြိုင်ကစားလာတာဟာ အခုဆိုရင် ပြိုင်ပွဲ ပြီးဆုံးဖို့ တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်ပါတယ်။ အဲဒီလို ပြိုင်ပွဲပြီးဆုံးဖို့ နီးကပ်လာတာနဲ့အမျှ ဖလား ဆွတ်ခူးရေးအတွက် ပြိုင်ဆိုင်မှု ပိုပြင်းထန်လာမယ့် အလားအလာတွေကို ထင်ထင်ရှားရှားတွေ့လာရပြီ လည်း ဖြစ်ပါတယ်။
ပရီမီယာလိဂ်ပွဲစဉ် (၂၈) ကစားပြီးချိန်မှာ အာဆင်နယ်က ဒုတိယ နေရာမှ လီဗာပူးအသင်းနဲ့ ရမှတ် ၆၄ မှတ်ချင်းတူ ဂိုးကွာခြားချက်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်တယ်ဆိုသော်ငြား အဆင့် (၃) နေရာက ဖိအားပေးနေတဲ့ မန်စီးတီးအသင်းနဲ့ ရမှတ်ကွာဟမှုက တစ်မှတ်သာရှိတယ်။ ဒါ့အပြင် ပရီမီယာလိဂ်ပွဲစဉ် (၂၈) ကစားပြီး ပရီမီယာလိဂ်ထိပ်ဆုံးသုံးသင်းကြား အဲဒီလိုတစ်မှတ်သာ ကွာဟမှုရှိခြင်း က ၂၀၁၄ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ဆိုရရင် အဆင့် (၁) မှာ အာဆင်နယ်၊ အဆင့် (၂) မှာ လီဗာပူး၊ အဆင့် (၃) မှာ မန်စီးတီးနဲ့ အဆင့် (၄) မှာ အက်စ်တွန်ဗီလာ အသင်း တို့ရှိနေတာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ အက်စ်တွန်ဗီလာအသင်းက ၂၉ ပွဲကစားပြီး ရမှတ် ၅၆ မှတ်သာ ရရှိထားတာကြောင့် အမှတ်ပေးဖလား ဆွတ်ခူးရေးမျှော်လင့်ချက် မှေးမှိန်လျက်ရှိပြီး ဥရောပဝင်ခွင့် တစ်နေရာစာအတွက်သာ အဓိက ယှဉ်ပြိုင်ရဖွယ်ရှိပါတယ်။
အာဆင်နယ်အသင်းက ယမန်နှစ် ပရီမီယာလိဂ်ဖလားဆွတ်ခူး ရေးလမ်းကြောင်းတစ်လျှောက်မှာ နည်းပြကလော့ပ်ရဲ့ လီဗာပူး အသင်းထက် နည်းပြဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကိုသာ အဓိက ယှဉ်ပြိုင်ခဲ့ရပြီး ပြိုင်ပွဲပြီးဆုံးဖို့ နီးကပ်လာလေလေ ရမှတ်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လေလေ ဖြစ်တာကြောင့် ပန်းတိုင်ရောက်ခါနီးမှ ခလုတ်တိုက် မိတဲ့ အဖြစ်မျိုးနဲ့ ကြုံတွေ့ခဲ့ကာ ဖလားဆွတ်ခူးရေးမျှော်လင့်ချက် အိပ်မက်ပျက်ပြယ်ခဲ့ရတာ ဖြစ်ပါတယ်။
ဒီရာသီမှာလည်း အာဆင်နယ်နဲ့ မန်စီးတီးအသင်းကြား ရမှတ် ကွာဟမှုက တစ်မှတ်သာရှိတာကြောင့် လုံးဝအမှားခံလို့ မရတဲ့အခြေ အနေနဲ့ ၂၀၀၄ ခုနှစ်နောက်ပိုင်း တစ်ကျော့ပြန်ဖလားဆွတ်ခူးရေး မျှော်လင့်ချက် အိပ်မက်ကို ထုဆစ်ပုံဖော်သွားရမှာပါ။ ဒီရာသီမှာ မန်စီးတီးအပြင် လီဗာပူးအသင်းကိုလည်း အာဆင်နယ်အသင်း ထပ်တိုး ပြိုင်ဘက်အဖြစ် အဓိက ယှဉ်ပြိုင်သွားရမှာဖြစ်တာကြောင့်လည်း ယမန်နှစ်ကထက် နှစ်ဆတိုး ကြိုးပမ်းအားထုတ်သွားရဖွယ်ရှိတယ်။
အာဆင်နယ် ၆၄ မှတ်
အာဆင်နယ်အသင်းက ၂၈ ပွဲကစားပြီးချိန် တစ်နည်းအားဖြင့် ပြိုင်ပွဲပြီးဆုံးဖို့ ၁၀ ပွဲကျန်ရှိနေချိန်မှာ ဒုတိယနေရာနဲ့ တတိယနေရာက လီဗာပူးအသင်းနဲ့ မန်စီးတီးအသင်းထက် တိုက်စစ်၊ ခံစစ်အကောင်းဆုံး အသင်းဖြစ် ရပ်တည်နေတယ်။ ဒါ့အပြင် အသင်းဂိုးမပေးရအောင် စွမ်းဆောင်ထားနိုင်မှုလည်း လီဗာပူး (ကိုးပွဲ)၊ မန်စီးတီး (ရှစ်ပွဲ) အသင်း တို့ထက် အာဆင်နယ်အသင်းက ၁၁ ပွဲနဲ့ အများဆုံး စွမ်းဆောင်ထား နိုင်တာ တွေ့ရတယ်။
အာဆင်နယ်အသင်းက ဇန်နဝါရီလမှာ အသင်းကြီး လီဗာပူးကို သုံးဂိုး-တစ်ဂိုးနဲ့ အရေးပါတဲ့ နိုင်ပွဲရရှိမှုအပါအဝင် ၂၀၂၄ မှာ လိဂ် ရှစ်ပွဲဆက် နိုင်ပွဲရရှိထားတဲ့ အသင်းဖြစ်တယ်။ အဲဒီရှစ်ပွဲမှာ မိုက်ကယ် အာတီတာရဲ့ အာဆင်နယ်က ၃၃ ဂိုးအထိ သွင်းယူထားနိုင်တယ်။
အာဆင်နယ်အသင်းရဲ့ ဒီရာသီ ၂၈ ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၇၀ အထိရှိပြီး ပေးဂိုးက ၂၄ ဂိုးသာ ခွင့်ပြုပေးထားရတယ်။ ထူးထူးခြားခြား ဒီရာသီ အာဆင်နယ်အသင်းရဲ့ လိဂ်ဂိုးသွင်းအများဆုံးနဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမားမှာ အင်္ဂလန်တိုက်စစ်ကစားသမား ဘာကာယို ဆာကာဖြစ်ပြီး သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ရှစ်ကြိမ် ပြုလုပ်ထားတယ်။ အာဆင်နယ်အသင်းရဲ့ လာမယ့် လိဂ် ၁၀ ပွဲမှာ မန်စီးတီး၊ အက်စ်တွန် ဗီလာ၊ စပါးနဲ့ မန်ယူတို့နဲ့ ကစားဖို့ ကျန်ရှိနေတယ်။
မည်သို့ပင်ဆိုစေ အာဆင်နယ်အသင်းအနေနဲ့ လက်မြှောက် အောင်ပွဲခံဖို့ ကြိုးစားရင်း ဒူးထောက်အရှုံးပေးရမယ့်အဖြစ်မျိုးနဲ့ ထပ်မံ ကြုံတွေ့သွားရမလားဆိုတာ လက်ကျန်ပွဲစဉ်တွေက အဆုံးအဖြတ်ပေး သွားမှာ ဖြစ်ပါတယ်။
လီဗာပူး ၆၄ မှတ်
လီဗာပူးအသင်းရဲ့ ဒီရာသီ လိဂ်စွမ်းဆောင်မှုကိုကြည့်ရင် သွင်းဂိုး ၆၅ ဂိုးနဲ့ ပေးဂိုး ၂၆ ဂိုးသာ ရှိတာကြောင့် ဒုတိယတိုက်စစ် အကောင်းဆုံး အသင်းနဲ့ ခံစစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေတယ်။ လီဗာပူးအသင်းမှာလည်း ဒီရာသီလိဂ် လိဂ်ဂိုးသွင်းအများဆုံးနဲ့ ဂိုးဖန်တီးမှုအများဆုံး ကစားသမားမှာ အီဂျစ်တိုက်စစ်ကစားသမား ဆာလာဖြစ်ပြီး သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ကိုးကြိမ် ပြုလုပ်ထားတယ်။
လီဗာပူးအသင်းက ဒီရာသီမှာ ထိခိုက်ဒဏ်ရာရ ကစားသမားတွေ များပြားနေတဲ့တိုင် စုဖွဲ့မှုအားကောင်းမွန်မှုနဲ့အတူ ပွဲစဉ်တိုင်းနီးပါး ပြိုင်ဘက်ကို ဖိအားပေး ကစားထားနိုင်ပြီး အရေးပါတဲ့ နိုင်ပွဲကို ဖော်ဆောင်ထားနိုင်တယ်။ ဒါ့အပြင် လီဗာပူးအသင်းက လက်ရှိအချိန် အထိ ၁၅ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းပိုင်ဆိုင်ထားတဲ့အသင်းအဖြစ် လည်း မှတ်တမ်းဝင်ထားပါသေးတယ်။
ပယ်နယ်တီကန်သွင်းခွင့် ရှစ်ကြိမ်ရရှိထားပြီး တစ်ကြိမ်သာ ပြန်လည်ခွင့်ပြုပေးထားရသေးတဲ့ လီဗာပူးအသင်းဟာ အက်ဖ်အေဖလား ပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ မန်ယူအသင်းကို ရှုံးနိမ့်ပြီးနောက် ဖလား လေးလုံးဆွတ်ခူးရေး မျှော်လင့်ချက်အဆုံးသတ်ခဲ့ပေမယ့် ဖလားသုံးလုံး ဆွတ်ခူးရေး လမ်းကြောင်းပေါ်မှာ ဆက်လက်ရပ်တည်နေပါတယ်။ လီဗာပူးအသင်းရဲ့ လာမယ့် လိဂ် ၁၀ ပွဲမှာ ဘရိုက်တန်၊ မန်ယူ၊ စပါး၊ အက်စ်တွန်ဗီလာအသင်းတို့နဲ့ ကစားဖို့ ကျန်ရှိနေတယ်။
မန်စီးတီး ၆၃ မှတ်
မန်စီးတီးအသင်းက ဒီရာသီမှာလည်း ပုံစံကောင်းတစ်ခုကို ဆက်လက်ထိန်းထားနိုင်ပြီး ပရီမီယာလိဂ်ဖလားကို ပထမဆုံးအကြိမ် လေးကြိမ်ဆက် ဆွတ်ခူးနိုင်ဖို့ ပစ်မှတ်ထားနေတဲ့အသင်း ဖြစ်တယ်။ မန်စီးတီးအသင်းရဲ့ ကျန်ရှိနေတဲ့ ပွဲစဉ်တွေမှာ အာဆင်နယ်၊ အက်စ်တွန် ဗီလာ၊ စပါးစတဲ့ အသင်းကြီးတွေ ပါဝင်နေတယ်။ မန်စီးတီးအသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်က ဟာလန်းဖြစ်ပြီး ၁၈ ဂိုး သွင်းယူထားပါတယ်။ ဂိုးဖန်တီးမှု အများဆုံးကစားသမားက အဲဗာရက်ဇ်ဖြစ်ပြီး ရှစ်ကြိမ် ပြုလုပ်ထားပါတယ်။
မန်စီးတီးအသင်းက ယမန်နှစ် ဒီဇင်ဘာ ၇ ရက်မှာ အက်စ်တွန်ဗီလာ ကို တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီးနောက်ပိုင်း လက်ရှိအချိန်အထိ ရှုံးပွဲ ကြုံတွေ့ထားခြင်း မရှိဘူး။
လာမယ့်ပွဲစဉ်က အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ် အသင်းနဲ့ကစားရမှာ ဖြစ်တာကြောင့် မန်စီးတီးအသင်း အမှားခံလို့ မရတဲ့ အခြေအနေမှာ ရှိတယ်။ တိုက်စစ်ထက်မြက်ပြီး ခံစစ်တည်ငြိမ် တဲ့ အာဆင်နယ်နဲ့ ကစားရမှာဖြစ်တာကြောင့်လည်း မန်စီးတီးအသင်း သတိကြီးကြီးထား ယှဉ်ပြိုင်ရဖွယ်ရှိတယ်။ မည်သို့ပင်ဆိုစေ ဒီပွဲစဉ်မှာ ရှုံးနိမ့်တဲ့အသင်းက ပေးဆပ်မှုကြီးမားသွားနိုင်တဲ့အတွက် ယခင်ပွဲစဉ် တွေကထက် ပြိုင်ဆိုင်မှုပြင်းထန်လာမှာ သေချာတယ်။
ပရီမီယာလိဂ် ၃၈ ပွဲကစားပြီး နောက်ဆုံးပရီမီယာလိဂ်အမှတ်ပေးဇယား ခန့်မှန်းရပ်တည်မှုကို မန်စီးတီးက အဆင့် (၁) ၊ လီဗာပူးက အဆင့် (၂) နဲ့ အာဆင်နယ်က အဆင့် (၃) မှာ ရှိနေတယ်လို့ Gracenote နဲ့ Opta တို့က ခန့်မှန်းတွက်ချက်ထားပါတယ်။ သို့သော်လည်း ပရီ မီယာလိဂ်ဖလားကို ကာလအတန်ကြာကြီးစိုးထားနိုင်တဲ့ ရပ်ဝန်းတစ်ခု ကနေ ချန်ပီယံအသစ်ထွက်ပေါ်လာမလားဆိုတာ လက်ကျန်ပွဲစဉ်တွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ ။