
ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် အင်္ဂလန်ကလပ် ချယ်ဆီးအသင်းနှင့် ဘရာဇီး ကလပ် ပါးလ်မီးရက်စ်အသင်းတို့ ပွဲစဉ်ကို စနေနေ့ညပိုင်းက အဘူ ဒါဘီရှိ Bin Zayed အားကစားကွင်း ၌ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ ရာ ချယ်ဆီးအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး အသင်း သမိုင်းတစ်လျှောက် ဖီဖာကလပ် ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။
အဆိုပါပွဲစဉ်သည် သာမန်ပွဲ ကစားချိန်အတွင်း တစ်ဖက် တစ်ဂိုးစီ သရေကျနေ၍ အချိန်ပို မိနစ် ၃၀ ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရပြီး အချိန်ပိုတွင် ရရှိခဲ့ သော ဟာဗက်ဇ်၏ ပယ်နယ်တီ သွင်းဂိုးဖြင့် ချယ်ဆီးအသင်းက နှစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ချယ်ဆီးအသင်းသည် အဆိုပါ ဖလားဆီမီးဖိုင်နယ်တွင် ဆော်ဒီ အာရေဗျကလပ် အယ်ဟီလယ် အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး လူကာကူ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လု ပွဲသို့ တက်လှမ်းလာနိုင်သည်။ ပြိုင်ဘက် ပါးလ်မီးရက်စ်အသင်း က အဆိုပါအဆင့်တွင် အီဂျစ် ကလပ် အယ်အာလီအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး နှစ်ဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်လှမ်းလာနိုင်ခြင်း ဖြစ်သည်။
ယခုပွဲစဉ်တွင် ဖလားဆွတ်ခူး နိုင်ရေးအတွက် နှစ်သင်းစလုံး အင်အားအတောင့်တင်းဆုံးကစား သမားများဖြင့် ပွဲထွက်လာခဲ့သည်။ ဗိုလ်လုပွဲစဉ် ဖြစ်သည်နှင့်အညီ ပွဲချိန်တစ်လျှောက် အပြန်အလှန် ထိုးဖောက် တိုက်စစ်ဆင်မှု၊ ဂိုးပေါက်ခြိမ်းခြောက်မှု၊ ဂိုးရရှိနိုင် သည့် အခွင့်အရေးဖန်တီးမှုများကို မြင်တွေ့ခဲ့ရသည်။ သို့သော်လည်း ပထမပိုင်းတွင် နှစ်ဖက်ကစား သမားများ အဆုံးသတ်အားနည်းမှု ရှိသည့်အတွက် ဂိုးမရှိသရေဖြင့် အဆုံးသတ်ခဲ့သည်။ ဦးဆောင်ဂိုး ကို ချယ်ဆီးအသင်းက ပွဲချိန် ၅၅ မိနစ်တွင် ရရှိခဲ့ပြီး လူကာကူက သွင်းယူပေးခဲ့သည်။ ပါးလ်မီး ရက်စ်အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၆၄ မိနစ်တွင် ဗီယေဂါက ပယ်နယ်တီမှတစ်ဆင့် သွင်းယူခဲ့ သည်။
သာမန်ပွဲချိန်ပြည့်သည်အထိ တစ်ဖက်နှင့်တစ်ဖက် ထပ်မံ ဂိုးသွင်းယူနိုင်ခြင်း မရှိသောကြောင့် အချိန်ပို မိနစ် ၃၀ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရသည်။ အချိန်ပို ၁၁၇ မိနစ်တွင် ချယ်ဆီးအသင်းက ပယ်နယ်တီ ကန်သွင်းခွင့်ရရှိခဲ့ပြီး ဟာဗက်ဇ်က အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့သည်။ အချိန်ပို ပွဲချိန်ပြည့်ခါနီးတွင် ပါးလ်မီးရက်စ် အသင်းမှ ဂါစီယာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။
အောင်ဇော်