ပလတ်စတစ်ညစ်ညမ်းမှု ထိန်းချုပ်ရေး အစီအမံများ ချမှတ်အကောင်အထည်ဖော်

 

 

မိမိတို့၏ နေ့စဉ်လူမှုဘဝများတွင် ပလတ်စတစ်ပစ္စည်းအမျိုးမျိုး တို့ကို တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြသော်လည်း ၎င်းပစ္စည်း တို့၏ အန္တရာယ်အကြောင်းကို စဉ်းစားမိသူများ  လွန်စွာနည်းပါး မည် သို့မဟုတ် စဉ်းစားသူမရှိဟုပင် ယူဆနိုင်သည်။ ကမ္ဘာပေါ် တွင် နှစ်စဉ်ပလတ်စတစ်ပစ္စည်း မက်ထရစ်တန်ချိန် သန်း ၃၀၀ ခန့် ထုတ်လုပ်သုံးစွဲနေရာ ထက်ဝက်ခန့်မှာ တစ်ခါသုံးပစ္စည်းများ ဖြစ်ကြောင်း ခန့်မှန်းထားကြသည်။ ပလတ်စတစ်သည် ပြန်လည် ပြုပြင်ထုတ်လုပ်နိုင်သည့် ပစ္စည်းဖြစ်သော်လည်း ကောက်ယူ စုဆောင်းပြီး       ပြန်လည်ပြုပြင်ထုတ်လုပ်နိုင်မှုမှာ        လွန်စွာ နည်းပါး၍   စွန့်ပစ်မှုနှင့်  နေရာအနှံ့အပြားသို့ ပြန့်ကျဲရောက်ရှိနေမှု ရာခိုင်နှုန်းက လွန်စွာများပြားသည်။
စွန့်ပစ်ပလတ်စတစ်ပစ္စည်းများ  ဆွေးမြည့်ရန်   နှစ်ပေါင်း ၁၀၀၀ ခန့်   ကြာမြင့်နိုင်ပြီး   ဆွေးမြည့်နေစဉ်အတွင်း   အဆိပ် အတောက်ဓာတ်ပစ္စည်းများ ထွက်လာကာ မြေထုနှင့်ရေထုထဲသို့ စိမ့်ဝင်သွားကြသည်။ ထို့အပြင် မိုက်ခရိုပလတ်စတစ် အပိုင်းအစလေး များမှာ သက်ရှိဇီဝများနှင့်   ဂေဟစနစ်တို့အတွက်     အန္တရာယ်များ ဖြစ်နေကြပြီဖြစ်သည်။ နှစ်စဉ်  ပလတ်စတစ်တန်ချိန် ရှစ်သန်းခန့် သမုဒ္ဒရာများထဲသို့    စီးဝင်လျက်ရှိရာ    ယင်းသို့   စီးဝင်သည့် ထဲတွင်       မြန်မာနိုင်ငံမှ    မက်ထရစ်တန်ချိန်   တစ်သိန်းခန့်ပါသည်။ မြန်မာနိုင်ငံမှ တစ်နှစ်လျှင်   စွန့်ပစ်ပလတ်စတစ်  မက်ထရစ်တန် ၀ ဒသမ ၄၆ သန်းခန့်ရှိပြီး ၂၀၁၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ  အချက် အလက်များအရ ပလတ်စတစ်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု အားနည်း သည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံက အဆင့် ၂၀ တွင် ရှိနေသည်။
“ယနေ့ကာလတွင်  ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်လာ သည့်  ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေးအတွက် ယခုနှစ် မတ်လတွင်ကျင်းပခဲ့သည့်  ပဉ္စမအကြိမ်  ကုလသမဂ္ဂပတ်ဝန်းကျင် ဆိုင်ရာညီလာခံ  ဒုတိယအပိုင်းတွင် ဥပဒေအရ စည်းနှောင်မှုရှိသည့် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်တစ်ရပ် ရေးဆွဲအကောင် အထည်ဖော်ရန်     သဘောတူညီခဲ့ကြကြောင်း၊    ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ပလတ်စတစ်ညစ်ညမ်းမှု  ထိန်းချုပ်နိုင်ရေး အတွက်    ကဏ္ဍစုံပေါင်းစပ်ပြီး    အစီအမံများ    ချမှတ်အကောင် အထည်ဖော်    လိုက်နာဆောင်ရွက်ရန်   တိုက်တွန်းလိုကြောင်း၊ မဖြစ်မနေအသုံးပြုရန်       လိုအပ်သည့်   နေရာများတွင်သာ ပလတ်စတစ်အိတ်ထုပ်ပိုးမှုနှင့် အသုံးအဆောင်များသာ သုံးစေ လိုကြောင်း၊ Reuse, Reduce,  Recircle ဆိုသည့်  တိုက်တွန်း ချက်အတိုင်း နိုင်ငံသူ နိုင်ငံသားအားလုံး လိုက်ပါဆောင်ရွက်သွား မည်ဆိုပါက နိုင်ငံတော်အတွက် အကျိုးများစွာ ဖြစ်ထွန်းစေမည် ဖြစ်သည့်အတွက်    သက်ဆိုင်ရာဌာနများက   အထူးအားဖြင့် တိုက်တွန်းဆောင်ရွက်စေလိုကြောင်း” စသည်ဖြင့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနား၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ          နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က    မိန့်ခွန်းပြောကြားရာတွင်    ထည့်သွင်းပြောကြားခဲ့သည်။ 
ပလတ်စတစ်ညစ်ညမ်းမှုသည်   ကမ္ဘာလုံးဆိုင်ရာ ပြဿနာ ဖြစ်သကဲ့သို့   မြန်မာနိုင်ငံတွင်လည်း  လျစ်လျူရှုထား၍ မရသည့်  အရေးအရာတစ်ရပ်အဖြစ်  ဆောင်ရွက်ကြရန်အချိန် ကျရောက်နေ ပြီဖြစ်သည်။   ပလတ်စတစ်အိတ်များ၊  ဘူးခွက်များအပါအဝင် ပလတ်စတစ်ထုပ်ပိုးကုန်များသုံးစွဲမှု၊    ပလတ်စတစ်တစ်ခါသုံး ပစ္စည်းများသုံးစွဲမှုကို     တစ်ဆင့်ပြီးတစ်ဆင့်    လျှော့ချသွားပြီး ပိတ်ပင်တားဆီးရန်၊  ပလတ်စတစ် အသုံးအဆောင်များအစား အခြားပစ္စည်းများ    ထုတ်လုပ်သုံးစွဲမှုကို    အားပေးမြှင့်တင်ရန် အတွက်  ပြည်သူလူထုအား  အသိပညာပေးမှုများ  မြှင့်တင်ခြင်းမှ စကာ    လက်တွေ့အကောင်အထည်ဖော်မှုများပြုလုပ်၍   မြန်မာ့ ရေ၊   မြန်မာ့မြေတွင်   ပလတ်စတစ်ညစ်ညမ်းမှု     ကင်းစင်ပါစေ ကြောင်း။         ။